Saturday, December 15, 2007

ဇီးကွက်တစ်ကောင်နှင့် ပါးလျှခဲ့ရသောသူ၏အိပ်မက်ချို


ထိုနေ့က ကမ္ဘာမြေပေါ်၌ နောက်ဆုံးအဖြစ်ကျန်ရစ်သော ဆန့်ကျင်ဘက်လူသားနှစ်ဦး ထိပ်တိုက်ဆုံတွေ့ခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပြစ်ခတ်သတ်ဖြတ်ခဲ့ကြခြင်းအားဖြင့် ကမ္ဘာ့ဇာတ်ခုံကြီးပေါ်၌ နားရက်မရှိ ရှည်ကြာစွာ ကပြအသုံးတော်ခံနေခဲ့သော တတိယကမ္ဘာစစ်ပြဇာတ်ရှည်ကြီး ကန့်လန့်ကာချ ဇာတ်သိမ်းခဲ့ရသည်။

တစ်စနှင့်တစ်စ ပျက်ပျယ်သွားနေခဲ့သော ယမ်းငွေ့အူအူများ မပျောက်ဆုံးခင်မှာပဲ လူသားဝါဒ၏ ဖြစ်တည်မှုကြီး တစ်ခုလုံး အပြီးသတ် မျိုးတုန်းခဲ့လေပြီ။


ဝမ်းနည်းပါတယ် ဘုရားသခင်ရယ်။ ခင်ဗျားအထပ်ထပ် စကာချ ဖန်ဆင်းပေးခဲ့ရတဲ့ အသိဥာဏ် အမြင့်မားဆုံး သက်ရှိအမျိုးအနွယ်ကြီး အခုတော့လည်း အဲဒီအသိဥာဏ်အရှိလွန် ရောဂါနဲ့ပဲ ကမ္ဘာမြေပေါ်ကနေ လုံးပါးပါးခဲ့ရပြီပေါ့။

အဲဒီလို ဆူညံပေါက်ကွဲနေတဲ့ ယမ်းငွေ့လွှတ်သံတွေ ငြိမ်လည်းငြိမ်ကျသွားရော၊ နက်ရှိုင်းတဲ့တောအုပ်တွေထဲမှာ ကြောက်လန့်တကြား ပုန်းအောင်းနေကြတဲ့ သားရဲတိရိစ္ဆာန်တွေ အားလုံးလိုလို အပြင်ကိုအလုအယက်နဲ့ ပြေးထွက်လာခဲ့ကြတယ်။ သူတို့တွေအားလုံး ဟင်းလင်းပြင် ငတ်နေတာ ကြာခဲ့ပြီလေ။

အဲဒီအထဲမှာ အဖြစ်အပျက်တွေ အားလုံးကို တောင်ပံတမမနဲ့ နားစွင့်နေခဲ့တဲ့ ဇီးကွက်ကြီးတစ်ကောင်လည်း ရှေ့ဆုံးကနေ ပါခဲ့တာပေါ့။ အဲဒီဇီးကွက်ကြီးက တစ်ခြားသူတော့ မဟုတ်ပါဘူး။ ဆင့်ကဲဖြစ်ပေါ်ခြင်းဆိုတဲ့ မိစ္ဆာဒိဋ္ဌိ လက်နက်ဆန်းကြီးနဲ့ ဘုရားသခင်ကို တစ်ချိန်က အကြီးအကျယ် စိန်ခေါ်တိုက်ခိုက်ခဲ့တဲ့ မျိုးရိုးဗီဇပညာရှင်ကြီး ချားလ်စ်ဒါဝင်ဆိုသူပါပဲ။
အဲဒါတွေကြောင့်လည်း ဘုရားသခင်ရဲ့ ထာဝရအမျက်တော် ရှခြင်းကိုခံခဲ့ရပြီး သူသေတော့ ဇီးကွက်ကြီးတစ်ကောင် အဖြစ်နဲ့ ဒါဏ်ပေးခြင်းကိုခံခဲ့ရတာပေါ့။ သူကတော့ အဲဒါတွေကို မသိရှာပါဘူး။ ဘယ်သိမှာလည်း သူကလူအဖြစ်ကနေ ဆင့်ကဲပြောင်းလည်းတိုးတက်လာတဲ့ ဇီးကွက်တစ်ကောင်ကိုး။ ဒါပေမယ့် သူသိနေတာတစ်ခုကတော့ ဘယ်မျိုးနွယ်စုမဆို ပြောင်းလည်းတိုးတက်တဲ့ အဆင့်တစ်ခုရောက်ဖို့ နှစ်သန်းပေါင်းများစွာ အချိန်ယူစတေးခဲ့ရတယ် ဆိုတာကိုပေါ့။ အဲဒီအထဲမှာ လူသားဆိုတဲ့ မျိုးစိတ်အဖြစ်ကိုရရှိဖို့က အချိန်အကြာဆုံးဆိုတော့ အဲဒီမျိုးနွယ်စုကြီး ပျောက်ပျက်မသွားဖို့ကို လူသားတွေကိုချစ်တဲ့ ဇီးကွက်တစ်ကောင်အဖြစ်နဲ့ သူက အမြဲတမ်း စိုးရိမ်ထိန့်လန့်နေခဲ့ရတာပေါ့။ အခုတော့ သွားခဲ့လေပြီ။

ဘုရားသခင်ရေ အဆင်ပြေမယ်ဆို နောက်ထပ်နံရိုး တစ်ချောင်းလောက်ဖြစ်ဖြစ်တော့ ကြည့်လုပ်ပေးပါဦး။ ဗျာ...တမင်ရှင်းထုတ်လိုက်တာ။ ဟုတ်လား။ ခင်ဗျားကလည်း အမျိုးမျိုးပဲ။ ဖန်ဆင်းချင်တုန်းကလည်း တစ်ပိုင်းကိုသေလို့။ ဟူး........ထားလိုက်ပါတော့ ခင်ဗျား မကူညီဘူးဆိုလည်း။ နောက်ဆုံးတော့ အဲဒီလူသားမျိုးနွယ်ကြီး ထပ်မံပေါ်ပေါက်ဖို့က သူ့ခေါင်းပေါ်ကိုပဲ တိုက်ရိုက်ကြလာတာ မဟုတ်လား။ အခြားဇီးကွက်တွေလို ဖါသိဖာသာ နေလို့မရတာကတော့ သူက ဒါဝင်ဇီးကွက်ဖြစ်နေတာကိုး...................။

အဲဒီလိုနဲ့ ခြောက်ကပ်တိတ်ဆိတ်နေတဲ့ မြို့ပျက်ကြီးတွေပေါ် ၀ဲပျံရင်း ဒါဝင်ဇီးကွက်ကြီးခင်ဗျာ ခေါင်းစားနေတော့တာပေါ့။ ဟုတ်တယ်လေ...လူသားဆိုတဲ့ အရာမပါရှိပဲ ကမ္ဘာမြေကိုဆက်လက်လည်ပတ်ဖို့ ဆိုတာက ဘယ်လိုနည်းနဲ့မှမှ မဖြစ်နိုင်တာ။ ဒါပေမယ့် သူသိနားလည်ထားတဲ့ ဆင့်ကဲဖြစ်ပေါ်ခြင်းဆိုတာကြီးကို ထုတ်သုံးဖို့ဆိုတာကလည်း နှစ်သန်းပေါင်းများစွာ စတေးရဦးမယ်ဆိုတော့ ခုချက်ခြင်းလူသားကို ပူဆာနေတဲ့ ကမ္ဘာမြေကို စိတ်ရှည်ရှည် စောင့်ပါဦးဗျာလို့ သူက ပြောမထွက်ခဲ့တာပေါ့။

ဒီလိုနဲ့ ဒါဝင်ဇီးကွက်ကြီး တောင်တွေးမြောက်တွေး လုပ်နေလိုက်တာ နောက်ဆုံးတော့ နည်းလမ်းတစ်ခုကို အမှတ်မထင်တွေ့သွာ့းါလေရော။ အဲဒီနည်းလမ်းက လူသားမျိုးနွယ်ကြီးကို ငတ်မွတ်နေတဲ့ ကမ္ဘာမြေလည်း အချိန်တွေဖင်ပွန်းနေအောင် သိပ်စောင့်စရာမလိုတဲ့ လက်ပူတိုက် နည်းလမ်းကြီးတစ်ခုပေါ့။ တစ်ခြားတော့ မဟုတ်ပါဘူး။ ယ္ခုလက်ရှိ တိရိစ္ဆာန်တွေထဲက လူနဲ့အနီးစပ်ဆုံးတူတဲ့ သတ္တ၀ါမျိုးနွယ်စုတစ်ခုကို လူသားတွေနေရာဝင်ပြီး တိုက်ရိုက်ဆက်ခံစေမယ့် ဖြတ်လမ်းနည်းတစ်ခုပါပဲ။ ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်ပြီး မတ်တပ်လျှောက်သွားနိုင်ဖို့ကတော့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ပြောင်းလည်းနေတတ်တဲ့ သတ္တ၀ါတွေရဲ့ ရေလိုက်ငါးလိုက်မူအရ သိပ်မကြာခင် အချိန်လေး အတွင်းမှာပဲ ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း သူကသိရှိနေခဲ့တော့ အဲဒီနည်းလမ်းကို သုံးကြည့်ဖို့ သူဖက်ကပိုသေချာသွားခဲ့တာပေါ့။

အဲဒီလိုနဲ့ လူသားအဖြစ်ကို တိုက်ရိုက်ရွေးချယ်မယ့် သတင်းကြီးဟာ တောကြိုအုံကြား စားကျက်ကြိုစားကျက်ကြား မကျန်အောင်ပျံနှံ့သွားခဲ့ပြီး လူသားနေရာကို နဂိုကတည်းက ငမ်းငမ်းတက်လိုချင်နေခဲ့ကြတဲ့ တိရိစ္ဆာန်တွေဟာ သူ့ထက်ငါဦးအောင် မြို့ပေါ်တက်လာခဲ့ကြတော့တာပေါ့။ အဲဒီအခါမှာ ဒါဝင်ဇီးကွက်ကြီးလည်း သူ့အကြံအစည်ကို ခပ်မြန်မြန် အကောင်အထည်ဖော်ဖို့ လူသားရွေးချယ်ပွဲကြီးကို
အချိန်တွေသိပ်စွဲမနေတော့ပဲ ဖုတ်ပူမီးတိုက် စတင်ခဲ့ရတော့တာပါပဲ။

အဲဒီပြိုင်ပွဲကြီးကို စစ်ဒါဏ်ကကင်းလွတ်ခဲ့တဲ့ တစ်ခုတည်းသော အဆောက်အဦးကြီးဖြစ်တဲ့ ကုလသမဂ္ဂ အဆောက်အအုံဟောင်းကြီးအတွင်းမှာ ကျင်းပခဲ့ကြတယ်။ ပြိုင်ပွဲရဲ့ တစ်ဦးတည်းသော ဒိုင်လူကြီးကတော့ အများသိပြီးဖြစ်တဲ့အတိုင်း ဒါဝင်ဇီးကွက်ကြီး ကိုယ်တိုင်ပါပဲ။ ပြိုင်ပွဲကြီးမှာ ပုရွက်ဆိတ်ကအစ ဝေလငါးကြီးတွေအထိ တိရိစ္ဆာန်မျိုးနွယ်စုတွေအားလုံး ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ပေမယ့် ချွင်းချက်အနေနဲ့ တချိန်က လူသားဝါဒကို မျိုးစေ့ချပေးခဲ့ကြတဲ့ မျောက်တွေကိုတော့ အခြားတိရိစ္ဆာန်တွေက ၀ိုင်းဝန်းကန့်ကွက်တာရယ်၊ မျောက်မဟုတ်တဲ့ အခြားသတ္တ၀ါတစ်ကောင်ကောင်ကို လူသားဝါဒအသစ်တစ်ခုအဖြစ်ပြောင်းလည်း အစားထိုးပေးချင်နေတဲ့ သူ့စိတ်ကူးတစ်ချို့ရယ်ကြောင့် ပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ခွင့် မပြုခဲ့ပါဘူး။ ဟုတ်လည်းဟုတ်တာပဲ။
တော်ပြီပေါ့.....နှစ် (၆) သန်းလောက် လူဖြစ်ခွင့်ရခဲ့တာ။

အဲဒီလိုနဲ့ လူနဲ့လုံးလုံးပင် နီးစပ်မှုမရှိတဲ့ တိရိစ္ဆာန်တွေကို ပြိုင်ပွဲစတာနဲ့ တစ်ကောင်ပြီးတစ်ကောင် ဖြုတ်ချလာခဲ့လိုက်တာ ပြိုင်ပွဲရဲ့နောက်ဆုံးနေ့မှာတော့ မျိုးနွယ်စု (၁၀)ခုကို ကိုယ်စားပြုတဲ့ လူသားနဲ့ အနီးစပ်ဆုံး စကာတင် (၁၀) ကောင်ပဲ ကျန်ရစ်ခဲ့တော့တာပေါ့။ ဒါပေမယ့် ပြိုင်ပွဲကနေထွက်လိုက်ရတဲ့ သတ္တ၀ါတွေကလည်း ဘယ်သူမှအိမ်တန်းမပြန်ကြပဲ အဲဒီ (၁၀) ယောက်ထဲက ဘယ်မျိုးနွယ်စုက လူသားအဖြစ်ကို ရရှိမယ်ဆိုတာ သိချင်စိတ်ပြင်းပြနေခဲ့ကြတော့ ကုလသမဂ္ဂအဆောက်အအုံဟောင်းကြီးထဲမှာ သတ္တ၀ါဦးရေတွေလျှော့သွားဖို့ နေနေသာ နောက်ဆုံးနေ့အမှီ ပြေးလာကြတဲ့ တိရိစ္ဆာန်တွေနဲ့ ပေါင်းပြီး အဆောက်အဦးကြီးတစ်ခုလုံး ပိုလို့ဖွေးဖွေးလှုပ် လာခဲ့တော့တာပေါ့။

အဲဒီလိုနဲ့ နောက်ဆုံးနေ့ပြိုင်ပွဲကြီးကို စကားတင်ဆယ်ဦးထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ ၀က်မျိုးနွယ်စုတို့ရဲ့ ကိုယ်စားလှယ်ကြီးကို စင်မြင့်ပေါ်စတင်ဖိတ်ခေါ်လိုက်ခြင်းအားဖြင့် ဒါဝင်ဇီးကွက်ကြီးက ဖွင့်လှစ်ပေးလိုက်တယ်။

" ဟုတ်ကဲ့။ ကြွရောက်လာကြတဲ့ တိရိစ္ဆာန်လူကြီးမင်းအပေါင်းတို့......မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တင်ပြချင်တဲ့ အကြောင်းအရာကတော့ လူတွေမှာ အဓိကရှိနေခဲ့ဖူးတဲ့ အရည်အချင်းကြီး (၃)ခုအကြောင်းပါ။ အဲဒါကတစ်ခြားတော့ မဟုတ်ပါဘူး။ အားလုံးသိပြီးဖြစ်တဲ့ အိပ်ခြင်း၊စားခြင်း နဲ့ ကာမဂုဏ်လိုက်စားခြင်းတို့ပါပဲ။ အဲဒီအရည်အချင်းတွေကို လူသားတွေနီးပါး ထပ်တူကျအောင်စွမ်းဆောင်နိုင်တဲ့ သတ္တ၀ါတွေ ဒီကမ္ဘာပေါ်မှာ အများကြီးရှိမနေခဲ့တာကတော့ တော်တော့်ကို ၀မ်းနည်းစရာကောင်းလှတဲ့အဖြစ်အပျက်တစ်ခုပါပဲ။ ဒါပေမယ့် စိတ်မပူကြပါနဲ့။ အဲဒီဂုဏ်အင်တွေကို မွေးရာပါ တတ်ကျွမ်းနားလည်ပြီးသားဖြစ်တဲ့ ၀က်ဆိုတဲ့ ကျွန်တော်တို့မျိုးနွယ်စုကြီး လူသားတို့ရဲ့ဂုဏ်အင်တွေကိုပြန်လည်ထိန်းသိမ်းပေးဖို့ ခင်ဗျားတို့ရှေ့မှောက်မှာ ယ္ခုရောက်ရှိလို့ နေခဲ့ပါပြီ။ အဲဒီတော့ လူသားဆိုတဲ့ မျိုးနွယ်စုကြီး နေရာကို ထိုက်ထိုက်တန်တန်ဆက်ခံဖို့ ကျွန်တော်တို့ ၀က်များကိုသာ နေရာပေးသင့်ကြောင်း ၀က်မျိုးနွယ်စုကြီးကိုယ်စား ကျွန်တော်က ဒီနေရာကနေပြီး အဆိုတင်သွင်းပါတယ် ခင်ဗျာ"

ဝက်တွေ စုစုရုံရုံးလုပ်နေတဲ့ နေရာတစ်ခု၌သာ လက်ခုပ်သံများထွက်ပေါ်လာပြီး အခြားနေရာအသီးသီးမှာတော့ ကန့်ကွက်သံများဖြင့်သာ ဆူညံသွားခဲ့၏။ ဇီးကွက်ကြီးက ခေါင်းတစ်ညှိတ်ညှိတ်နှင့် ၀က်ပြောသွားသမျှကို စာအုပ်ကြီးတစ်ခုအတွင်း မှတ်သားထားလိုက်ပြီးနောက် တိရိစ္ဆာန်အုပ်ကြီးဘက်လှည့်ကာ ငြိမ်ငြိမ်နေကြရန် အချက်ပြလိုက်သည်။

ပြန်လည်ငြိမ်သက်သွားတဲ့ တိရိစ္ဆာန်တွေကြားထဲက လူတစ်ယောက်ဂိုက်အပြည့်ဖမ်းပြီး စင်ပေါ်ကို လေးဘက်ကုန်းတက်လာသူကတော့ ဒုတိယမြောက်စကားတင် ပုဂ္ဂိုလ်ကြီး ဦးမြေခွေးဆိုသူပေါ့။

" မဖြစ်နိုင်တာ ကိုဝက်ရာ၊ အဲဒီ အိပ်၊ စား၊ ကာမ ဆိုတဲ့ စွမ်းရည်ကြီးတွေက ခင်ဗျားတို့ ၀က်တွေမှာသာရှိတာ မဟုတ်ပါဘူးဗျ။ ကျွန်တော်တို့ မြေခွေးတွေမှာလည်းရှိတာပါပဲ။ ကျွန်တော်တို့တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ဟောဟိုအောက်မှာ ရပ်နေကြတဲ့ တိရိစ္ဆာန်တွေအားလုံးမှာလည်း ရှိနေကြပါတယ်"

အချက်ကျတဲ့ မြေခွေးရဲ့ချေပချက်ကြောင့် တိတ်ဆိတ်နေတဲ့ ပရိတ်သတ်ကြီး သဘောကျဆူညံသွားခဲ့ပြန်တယ်။ အဲဒီအထဲမှာ ခုဏကလက်ခုပ်တွေဝိုင်းတီးခဲ့ကြတဲ့ ၀က်တွေကတော့မပါဘူးပေါ့။ ဆူညံသံတွေ ငြိမ်ကျသွားတဲ့အထိ ခဏစောင့်နေလိုက်ပြီး မြေခွေးကသူ့စကားကို ဟန်အပြည့်နဲ့ ထပ်ဆက်လိုက်ပြန်တယ်။

" တကယ်ကလူတွေဆိုတာ အိပ်၊ စား၊ ကာမလောက်ပဲသိတဲ့ ခပ်ညံ့ညံ့သတ္တ၀ါတွေ မဟုတ်ပါဘူး။ သူတို့တွေမှာ ကောက်ကျစ်စဉ်းလဲခြင်းဆိုတဲ့ ခင်ဗျားတို့လိုက်မမှီတဲ့ ဥာဏ်နီဥာဏ်နက်ဆိုတာတွေကလည်း ဒုနဲ့ဒေးရှိနေပါသေးတယ်။ ဖြစ်ချင်တော့ အဲဒီကောက်ကျစ်စဉ်းလဲခြင်းဆိုတဲ့ သင်တိုင်းမတတ်နိုင်တဲ့ ပညာရပ်ကြီးကို ကျွန်တော်တို့မြေခွေးမျိုးနွယ်စုကြီးက ထမင်းစားရေသောက်ပညာလို သဘောထားခဲ့တာဗျ။ အဲဒါကြောင့် ဖင်မှာအမှီးပေါက်နေတာကလွဲလို့ လူတွေနဲ့တစ်ကြိတ်ထဲ တစ်ဥာဏ်ထဲ ခွဲမရအောင်ချွတ်စွပ်တူနေတဲ့ ကျွန်တော်တို့ မြေခွေးတွေကသာ....မြေခွေးတွေကသာ....."

လည်ဆံမွေးဖွါဖွါကြီးခါပြီး စင်ပေါ်ကိုမျက်ထောင့်နီကြီးနဲ့ တက်လာတဲ့
ခြင်္သေ့ကြီးကိုလည်းမြင်ရော မြေခွေးခင်ဗျာ စကားတောင်ဖြောင့်ဖြောင့် မပြောနိုင်တော့ပဲ စင်ပေါ်ကတစ်ချိုးထဲဆင်းပြေးခဲ့ရတယ်။ ပြေးမှာပေါ့...ခြင်္သေ့ဆို သူကငယ်ကြောက်ကိုး.......။ ဇီးကွက်ကြီးကတော့ ဘာစကားတစ်ခွန်းမှဝင်မပြောပဲ သူ့စာအုပ်ထူထူကြီးထဲကိုပဲ ကုန်ကုန်းရေးနေတယ်။

ခြင်္သေ့ကြီးက သူ့အသံနက်နက်ကြီးကို ခပ်ကျယ်ကျယ် တစ်ချက်ဟိန်းလိုက်ပြီး နားထောင်နေကြတဲ့ ပရိတ်သတ်ကိုနုတ်ခွန်းဆက်လိုက်တယ်။ ပြီးတော့မှ

" ဟုတ်ပါတယ်။ ကိုမြေခွေးပြောသွားသမျှကို အတိုင်းအတာတစ်ခုအထိတော့ သူလက်ခံပါတယ်။ ဒါပေမယ့် ကောက်ကျစ်စဉ်းလဲတယ်ဆိုတဲ့ အရည်အချင်း တစ်ရပ်တည်းနဲ့တော့ လူသားမျိုးနွယ်ကြီး ရေရှည်ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကမ္ဘာမြေကို လူသားတွေအနေနဲ့ အုပ်ချုပ်တော့မယ့် သတ္တ၀ါမျိုးနွယ်စုတစ်ခုအတွက် ကောက်ကျစ်စဉ်းလဲမှုတွေအပြင် အဲဒါကိုကောင်းကောင်းကြီးပုံဖော်ပေးနိုင်မယ့် ခွန်အားဗလဆိုတာကလည်း မရှိမဖြစ်လိုအပ်လှပါတယ်။ အဲဒီတော့ အဲဒီအချက်တွေအားလုံးပြည့်စုံနေတဲ့အပြင် အုပ်ချုပ်ရေးပိုင်းမှာပါ အတွေ့အကြုံရှိခဲ့ဘူးတဲ့ သူတို့ခြင်္သေ့မျိုးနွယ်စုကြီးကသာ လူသားတွေနေရာနဲ့ အထိုက်တန်ဆုံးဖြစ်ပါတယ်။ တကယ်ဆိုကြီးနိုင်ငယ်ညှင်းဝါဒကို လူတွေနဲ့ အနီးစပ်ဆုံးပုံဖော်နိုင်တာကလည်း ကျွန်တော်တို့ခြင်္သေ့တွေပဲဆိုတော့.........ဆိုတော့ "

" တောစမ်း..ဟေ့ရောင်"

သူ့မျက်နှာကို နှာမောင်းကြီး ငေါက်ငေါက်ထိုးပြီး စင်ကြီးတစ်ခုလုံး ယိမ်းထိုးသွားစေတဲ့ ခြေလှမ်းကြီးတွေနဲ့ ဆင်ကိုယ်စားလှယ်တော်ကြီး စင်မြင့်ပေါ်တက်လာတော့ ခြင်္သေ့ကြီးလည်း မဆင်းခြင်ဆင်းခြင်နဲ့ စင်အောက်ကို ဆင်းပေးလိုက်ရတယ်။ ဘယ်တတ်နိုင်မလည်း ကိုယ့်စကားနဲ့ကိုယ်ဆိုတော့။ ပြီးတော့ ခွန်အားကလည်း မမျှဘူးလေ။

" ခွန်အားအကြီးမားဆုံး သတ္တ၀ါက လူဖြစ်ကြေးပေါ့။ ဟုတ်လား။ ဒါဆိုငါတို့ဆင်မျိုးနွယ်ကြီးကပဲ လူအဖြစ်ကို ရသင့်တော့တာပေါ့။ ဟားဟား....ဒါပေမယ့်ငါတို့က ခွန်အားအကြီးဆုံးဆိုပြီး အဲဒီအချက်တစ်ချက်ထဲနဲ့ အနိုင်ယူမယ်ဆိုရင်တော့ ဘယ်တရားပါ့မလဲကွာ။ မဟုတ်ဘူးလား။ အဲဒီတော့ အရေးမပါတဲ့ ခွန်အားဗလဆိုတာကြီးကိုမေ့ပြစ်လိုက်ကြပြီး ဒီထက်ပိုပြီးလူနဲ့ နီးစပ်မှုရှိနိုင်မယ့် အကြောင်းအရာတစ်ခုကို ငါတို့ဆွေးနွေးကြတာပေါ့။ အဲဒါက တခြားတော့မဟုတ်ပါဘူး။ ဆင်နဲ့လူ နှစ်မျိုးထဲမှာသာရှိနိုင်တဲ့ ကျိတ်မှိတ်ကြံစည်ခြင်းဆိုတဲ့ အရည်အခြင်းတစ်ခု
ကိုပါ။ လူတွေကဆင်တွေလို လိုက်ကြံကြတယ်။ ဆင်တွေကလည်း လူတွေလို လိုက်ကြံခဲ့ကြတယ်။ ဘယ်သူကပဲကြံကြံ အဲဒီကြံစည်နည်းကို ဆင်ကြံကြံတယ်လို့ပဲ လူတွေက ခေါ်ဝေါ်ခဲ့ကြတယ်။ တနည်းအားဖြင့် ဆင်ဆိုတာ လူနဲ့အနီးစပ်ဆုံး သတ္တ၀ါဆိုတာကို လူတွေက သွယ်ဝိုက်တဲ့နည်းနဲ့ ထုတ်ဖော်ပြောနေခဲ့တာပေါ့။ အဲဒါကြောင့် ငါတို့ ဆင်တွေကသာ လူသားတွေနဲ့ အနီးစပ်ဆုံးလို့ ငါကကျိန်းသေပေါက် ပြောနေနိုင်တာပေါ့"

ပြောချင်ရာတွေစွတ်ပြောပြီး ဆင်ကြီးပြန်ဆင်းသွားတော့ ဇီးကွက်ကြီးစိတ်နဲနဲရှုပ်စပြုလာတယ်။ ဒါပေမယ့် ဆင်ပြောသမျှကိုလည်း တစ်လေးတစ်စားနဲ့ပဲ သူမှတ်သားထားလိုက်ပြန်ပါတယ်။

ပြိုင်ပွဲဆင်မြင့်ပေါ်ကို မုတ်ဆိတ်ကြီးတစ်သသနဲ့ ထပ်မံတက်ရောက်လာသူကတော့ ဆိတ်မျိုးနွယ်စုရဲ့ ကိုယ်စားလှယ် ဆိတ်ကြီးတစ်ကောင်ဖြစ်ပါတယ်။

" ဟား..ဟား...ခင်ဗျားတို့တွေက ဟုတ်မလိုလိုနဲ့ အတွေးတွေချော်နေကြကိုး။ တကယ်ကလူဆိုတာ ခင်ဗျားတို့တွေ အားလုံးပြောခဲ့တာတွေထက် ပိုသေးတယ်ဗျ။ အဲဒါကဘာလည်းဆိုတော့ အိပ်ယာထချိန်ကနေပြီး အိပ်ယာဝင်ချိန်အထိ သူတို့ပါးစပ်ပေါက်ကြီးကို အနားမပေးပဲ တချိန်လုံးပွစိစိလုပ်တတ်တဲ့ အကျင့်တစ်ခုပါပဲ။ အဲဒါကြောင့် အဲဒီလိုပြောဖို့နေနေသာ တနေ့လုံးနေလို့မှ စကားတစ်ခွန်းတောင်ဖြောင့်အောင် မထွက်နိုင်တဲ့ ခင်ဗျားတို့တွေ လူဖြစ်ချင်တာကို ကျွန်တော်ကထိုင်ဟားနေခဲ့ရတာပေါ့။ တကယ်ဆို မိုးလင်းကနေမိုးချုပ် တစ်စက်တောင်မနားပဲ ပါးစပ်ကြီးတရွရွလှုပ်နေနိုင်တဲ့ ကျွန်တော်တို့ဆိတ်တွေကပဲ လူဖြစ်သင့်တာပေါ့ဗျာ"

နဝေတိမ်တောင်ဖြစ်နေတဲ့ ဒါဝင်ဇီးကွက်ကြီးလည်း အင်းလေ...ဒါလည်းဟုတ်တာပဲဆိုတဲ့ အကြည့်မျိုးနဲ့ ဆိတ်ကြီးကိုခေါင်းညိတ်ပြလိုက်ပြီး ဆိတ်ပြောသမျှတွေကို စာအုပ်ကြီးထဲမှာ ထပ်မှတ်လိုက်ပြန်တယ်။

ခဏကြာတော့ ခွီကနည်းအသံကြီးကိုအော်ပြီး အမွှေးတွေထောင်နေတဲ့ ကြောင်ကြီးတစ်ကောင်စင်ပေါ်တက်လာပြန်တယ်။ သတ္တ၀ါတွေရှေ့မှာ သူ အဲဒီလိုတစ်ခါမှ ထွက်မပြောဘူးခဲ့လေတော့ စိတ်တွေအလှုပ်ရှားလွန်ပြီး သူ့အမွှေးတွေထောင်နေတာလည်းဖြစ်ချင်ဖြစ်မှာပေါ့။

ဒါပေမယ့် ကြောင်ကထင်သလိုမဟုတ်ပဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ ပုံနဲ့စကားကိုတည်ငြိမ်စွာနဲ့ပဲ တစ်ခွန်းချင်းစပြောတယ်။

" မှားနေတယ်၊ ခင်ဗျားတို့တွေအားလုံးမှားနေကြတယ်။ တကယ်ကလူဆိုတာ ကိုယ်ပြုမှုခဲ့တဲ့ အမှန်တရားလက်တစ်ဆုပ်စာလောက်သာကို ထပ်ခါတစ်လည်းလည်း မောင်းထုကျေညာနေတတ်ပြီး မှားခဲ့တဲ့ အညစ်အကြေးတွေကိုတော့ အခြားသူတွေမမြင်အောင်တတ်နိုင်သမျှ ဖုံးကွယ်ဖို့ကြိုးစားနေကြသူတွေပါပဲ။ ဥပမာ ကျွန်တော်တို့ကြောင်တွေ အညစ်အကြေးစွန့်ပြီးတိုင်း အခြားသူတွေမမြင်အောင် လိုက်လံဖုံးကွယ်တတ်သလိုပေါ့။ ကျွန်တော်ပြောချင်တာက အဲဒီလို ကိုယ့်ရဲ့အမှား ဒါမှမဟုတ် အညစ်အကြေးတွေကို အခြားသူတွေတွေ့သွားမှာ သေမလောက်ကြောက်တဲ့ လူတွေနဲ့ အနီးစပ်ဆုံးသတ္တ၀ါက ကျွန်တော်တို့ကြောင်တွေ ဆိုတာကိုပါ။ အဲဒီအချက်တစ်ချက်ထဲနဲ့ပဲ ကျွန်တော်တို့ကြောင်တွေက လူသားတွေရဲ့နေရာကို ရရှိဖို့လေးလေးနက်နက် ထိုက်တန်တယ်ဆိုတာကလွဲလို့ ကျွန်တော်ဘာမှ ထွေထွေထူးထူး ဆက်ပြောစရာ လိုမယ်လို့မထင်တော့ပါဘူး။"

ဇီးကွက်ကြီးလည်း ခေါင်းတစ်ညိတ်ညိတ်နဲ့ ကြောင်ပြောသမျှလိုက်မှတ်လိုက်ပြန်ပါတယ်။

" မဟုတ်ဘူး..မဟုတ်ဘူး...ခင်ဗျားတို့အားလုံးမှားနေတယ်"

ရှုးရှုးရှဲရှဲနှာမှုတ်သံကြီးနဲ့ နွားအုပ်စုရဲ့ကိုယ်စားလှယ်တော်ကြီး စင်ပေါ်တက်လာပြန်ပါတယ်။

" တကယ်ကလူဆိုတာ အသစ်ဆိုတာကို ဘယ်တော့မှကြိုးစားပမ်းစားလိုက်မရှာတတ်ပဲ သိနှင့်ပြီးသားအရာလေးတွေကိုပဲ ဇိမ်ခံစားမြုံ့ပြန်ပြန်နေတတ်တဲ့ ကျွန်တော်တို့နွားတွေလို သတ္တ၀ါတွေဗျ။ အဲဒါကြောင့် စားမြုံ့ပြန်တဲ့နေရာမှာ လူတွေနဲ့ခွဲမရအောင်တူတဲ့ ကျွန်တော်တို့နွားတွေကသာ လူဖြစ်သင့်တာပေါ့။ "

နွားကိုယ်စားလှယ်က တိုတိုတုတ်တုတ်ပဲပြောပြီး စင်ပေါ်ကချက်ချင်းပြန်ဆင်းသွားသည်။

အင်း..ဒါလည်းဟုတ်တာပဲဆိုတဲ့ အမူအရာကြီးနဲ့ ဇီးကွက်ကြီးလည်း နွားပြောသွားသမျှကို တစ်လုံးမကျန်လိုက်မှတ်လိုက်ပြန်တယ်။

ညှီနံ့တွေသင်းနေတဲ့ တောင်ပံညှစ်စုတ်ကြီးဖြန့်ပြီး နောက်ထပ်စင်ပေါ်ကို တက်ရောက်လာသူကတော့ ဘယ်လိုကြည့်ကြည့် ကျက်သရေမရှိတဲ့ လင်းတကိုယ်စားလှယ်ကြီးပါပဲ။

" ကျွန်တော်ကတော့ လူတွေဆိုတာ ခင်ဗျားတို့အားလုံးပြောနေကြတဲ့ အပေါ်ယံအရည်အချင်းတွေထက်ပိုပြီး ပြီးပြည့်စုံနေတဲ့ သတ္တ၀ါမျိုးနွယ်စုတစ်ခုလို့ မြင်မိပါတယ်။ အဲဒါကလည်း တစ်ခြားမဟုတ်ပါဘူး။ လူတွေဟာ ရွံစရာကောင်းလှတဲ့ ဖြူစင်သန့်ရှင်းမှုတွေမှာ မမွှေ့လျှော်ပဲ အညှီအပုပ်တွေပြည့်နေတဲ့ ချစ်စရာနေရာတွေမှာ ပိုပြီးမွှေ့လျှော်တယ်ဆိုတဲ့ အချက်ပါ။ ကျွန်တော်တို့လင်းတတွေကလည်း လူတွေလိုပဲ အညှီအဟောက်တွေကို ချစ်တတ်တဲ့အမျိုးဆိုတော့ လူတွေနေရာကို ကျွန်တော်တို့ကလွဲပြီး ဘယ်သူတွေကများ ထိုက်တန်နေကြဦးမှာလည်းဗျာ။ "

ဒါလည်းဟုတ်နေတာပဲဆိုပြီး ဇီးကွက်ကြီးက လင်းတပြောသမျှကို လိုက်လံမှတ်သားထားလိုက်ပြန်တယ်။

လင်းတကြီးပြန်ဆင်းသွားပြီး သိပ်မကြာခင်မှာပဲ သားပိုက်ကောင်ကလေးတစ်ကောင် ရင်မှာလွယ်ထားတဲ့ သားပိုက်ကောင်ကြီးတစ်ကောင်စင်ပေါ်ကို ခုန်ဆွခုန်ဆွနှင့် တက်ရောက်လာပြန်တယ်။ တက်လာမှာပေါ့။ သူ့အလှည့်ကိုး......။

သားဗိုက်ကောင်က ဗိုက်ထဲမှကလေးငယ်ကို မသိမသာမေးငေါ့ပြရင်း
" အဟမ်း....ဟမ်းဟမ်း.....ခင်ဗျားတို့အားလုံးပြောသွားကြတဲ့ လူတွေရဲ့ကြန်အင်လက္ခဏာတွေက မပြည့်စုံဘူးဗျ။ တကယ်က ကျွန်တော်တို့ သားဗိုက်ကောင်တွေ ကလေးကိုမျက်စိအောက်က အပျောက်မခံပဲခုန်ဆွခုန်ဆွလုပ်နေသလို လူဆိုတာကလည်း ငါဆိုတဲ့အတ္တကြီးတစ်ခုကိုမျက်စိအောက်က အပျောက်မခံပဲ သယ်ဆောင်ရင်း ဘာမှန်းမသိတဲ့ အနာဂါတ်တွေထဲ တိုးတိုးဝင်နေကြသူတွေပေါ့။ အဲဒီတော့ လူတွေနဲ့ အနီးစပ်ဆုံးသတ္တ၀ါတွေဟာ ကျွန်တော်တို့သားပိုက်ကောင်တွေပဲ ဖြစ်နေခဲ့တော့တာပေါ့။ ဒါကြောင့် ကျွန်တော်တို့ သားပိုက်ကောင်တွေကသာ လူသားရာထူးကိုရသင့်ပါတယ်။ ဒါပါပဲ။"

သားပိုက်ကောင်ကြီးပြောသွားသမျှကို တစ်လုံးမကျန်လိုက်မှတ်လို့ အပြီးမှာတော့ ဇီးကွက်ကြီးလည်း နောက်ဆုံးကျန်နေတဲ့ ခွေးကိုယ်စားလှယ်ကြီးကို စင်မြင့်ပေါ်တက်လာဖို့ ဖိတ်ခေါ်လိုက်တယ်။

စင်ပေါ်ရောက်တယ်ဆိုတာနဲ့ ခွေးလည်း ဇီးကွက်ကြီးရဲ့ခြေထောက်ကို လျှာနဲ့အရင်ယက်လိုက်ပြီး ပရိတ်သတ်ကြီးကိုလည်း အမှီးနံ့ပြခြင်းအားဖြင့် နုတ်ဆက်လိုက်တယ်။

ပြီးတော့မှ " ခင်ဗျားတို့တတွေပြောလိုက်တော့မှပဲ လူဆိုတာတော်တော်ရှုပ်ထွေးပွေလီတဲ့ သတ္တ၀ါကြီးဖြစ်သွားရတယ်လို့ဗျာ။ ဒါပေမယ့် လူတွေအကြောင်းကို ခရေစေ့တွင်းကျသိခဲ့ရလောက်အောင် လူတွေနဲ့နီးနီးကပ်ကပ်နေခဲ့ဖူးတဲ့ ကျွန်တော်လိုခွေးတစ်ကောင်ရဲ့အမြင်မှာတော့ လူတွေက တော့တော့ကို ရိုးရှင်းတဲ့သတ္တ၀ါတွေပါပဲ"

" မှတ်ထားကြဗျ...လူဆိုတာ ကိုယ်နဲ့ပလဲနံသင့်တဲ့သူတွေကို ဖမ်းလျှက်မတတ် မျက်နှာချိုတွေသွေးနေတတ်ပြီး မတည့်တဲ့သူတွေကိုတော့ ကြုံရင်ကြုံသလိုအပြစ်ရှာနေတတ်တဲ့ သတ္တ၀ါမျိုးနွယ်တွေဗျ။ အဲဒါကြောင့် ကိုယ်နဲ့အဆင်ပြေသူတွေ့ရင် လျှာနဲ့ဖမ်းလျှက်လိုက်၊ ဖားလိုက်လုပ်လုပ်နေတတ်ပြီး အဆင်မပြေတဲ့သူတွေကိုတော့ အစွယ်ထုတ်ပြပြီး လိုက်လိုက်ဟောင်နေတတ်တဲ့ ကျွန်တော်တို့ခွေးတွေကသာ လူတွေနဲ့ပိုနီးစပ်နေတာပေါ့။"

" ပြီးတော့ ကျွန်တော်တို့မှာ လူတွေထက် သစ္စာတရားဆိုတဲ့ အချက်တစ်ချက်ကိုလည်း အပိုစွမ်းရည်တစ်ရပ်အနေနဲ့ ပိုင်ဆိုင်နေသေးတယ်ဗျ။ အဲဒီအချက်ကလည်း ကျွန်တော်တို့ခွေးတွေ အခြားသတ္တ၀ါတွေထက်ပိုပြီး လူဖြစ်သင့်တယ်ဆိုတာကို အားဖြည့်ပေးနေနေတဲ့အချက်တစ်ချက်ပဲပေါ့။ "

စင်ပေါ်ကမဆင်းခင်မှာလည်း ခွေးကြီးကသားရေတမျှားမျှားကျနေတဲ့ သူ့လျှာကြီးနဲ့ ဇီးကွက်ကြီးကို တစ်ခါထပ်လျှက်သွားခဲ့သေးတယ်။

"ဟူး......"

ဇီးကွက်ကြီးလည်း ခွေးပြောသမျှကို နောက်ဆုံးအနေနဲ့ ရေးမှတ်လိုက်ပြီး ဘယ်သူ့ကိုလူသားနေရာ ပေးရမယ်ဆိုတာကို အကြိမ်ကြိမ်အခါခါ စဉ်းစားနေလိုက်တာ သူ့အဖြေကို အောက်ကပရိသတ်ကြီး စောင့်မျှော်နေတယ် ဆိုတာကိုတောင်မေ့သွားခဲ့တဲ့အထိပဲပေါ့။ နောက်ဆုံးစိတ်မရှည်တော့တဲ့ ပရိသတ်ကြီးက ထအော်တော့မှ သူလည်း မျက်လုံးပြူးမျက်ဆံပြူးနဲ့ သတိပြန်ဝင်လာခဲ့တော့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဘယ်လိုအဖြေမျိုးပေးရမယ်ဆိုတာကိုတော့ သူစိတ်ထဲမှာတော့ ဆုံးဖြတ်လို့ပြီးနေနှင့်ခဲ့ပြီပေါ့။

အဲဒါနဲ့သူလည်း အဲဒီပြိုင်ပွဲဝင်တိရိစ္ဆာန်အသီးသီးရဲ့ အရည်အချင်းတွေကို
ပရိတ်သတ်ကြီးပြန်လည်မှတ်မိစေဖို့ နံပတ်စဉ်အတိုင်း ပါဝါပွိုင့်ဆလိုက်ထိုးပြီး ပိတ်ကားဖြူကြီးတစ်ခုပေါ်မှာ တင်ပေးလိုက်တယ်။


(၁) အိပ်၊ စား၊ ကာမ (၀က်)
(၂)ကောက်ကျစ်စဉ်းလဲခြင်း (မြေခွေး)
(၃)ကြီးနိုင်ငယ်ငြင်းလုပ်ခြင်း (ခြင်္သေ့)
(၄)ကျိတ်၍မကောင်းကြံခြင်း (ဆင်)
(၅)ပါးစိပါးစပ်များခြင်း (ဆိတ်)
(၆)ကိုယ့်အပြစ်ကိုဖုံးကွယ်တတ်ခြင်း (ကြောင်)
(၇)ကျဉ်းမြောင်းသော အတွေးခေါ်များကိုသာ ထပ်ခါတလည်းလည်း စားမြုံးပြန်တတ်ခြင်း (နွား)
(၈)အညှီအပုပ်တို့၌သာမွေ့လျှော်တတ်ခြင်း (လင်းတ)
(၉)ငါဆိုတဲ့ အရာတစ်ခုကိုသာ တစိုက်မတ်မတ်သယ်ဆောင်နေတတ်ခြင်း (သားပိုက်ကောင်)
(၁၀)တည့်သူကိုလျှာလျှက်ပေါင်းတတ်၍ မတည့်သူကိုတချိန်လုံးထိုးဟောင်နေတတ်ခြင်း (ခွေး)

မိုက်ခွက်ကြီးရှိရာဘက်ကို ဒါဝင်ဇီးကွက်ကြီး ပြန်လှည့်လာတော့ တစ်ယောက်တစ်ပေါက်ထင်ကြေးတွေ အသီးသီးပေးနေကြတဲ့ ပရိတ်သတ်ကြီးတစ်ခုလုံး အပ်ကျသံမကြားရလောက်အောင် ပြန်လည်တိတ်ဆိတ်သွားခဲ့တာပေါ့။

" ဟုတ်ကဲ့ ...လေးစားအပ်ပါသော တိရိစ္ဆာန်မျိုးနွယ်စုအသီးသီးနဲ့ ပြိုင်ပွဲဝင် တိရိစ္ဆာန်ကြီးတိရိစ္ဆာန်ကောင်းတို့ ခင်ဗျား.....ဒီကနေ့လူသားရွေးချယ်ပွဲကြီးမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ သတ္တ၀ါအားလုံးရဲ့ စွမ်းရည်အသီးသီးဟာ ပရိတ်သတ်ကြီး မျက်မြင်ကိုယ်တွေ့ကြားသိခဲ့ကြတဲ့အတိုင်း အားလုံးကြောက်ခမန်းလိလိပါပဲ။"

" ပြီးတော့ အဲဒီ သတ္တ၀ါတွေအားလုံးမှာ လူတွေမှာရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကိုယ်စီကိုယ်ငှ ရှိနေကြတယ်ဆိုတဲ့ အချက်ကိုလည်း ကျွန်တော်တို့ဘယ်လိုမှ မငြင်းပါယ်နိုင်ပါဘူး။ ဒါပေမယ့် လူတွေပိုင်ဆိုင်ထားကြတဲ့ အရည်အချင်းတွေနဲ့ အသေအချာ ပြန်လည်ချိန်စက်ကြည့်မယ်ဆိုရင်တော့ အဲဒီအရည်အချင်းတစ်ခုစီဟာ လူသားရဲ့စွမ်းဆောင်ခဲ့မှုရဲ့ တစ်စိတ်တစ်ဒေသသာဖြစ်ကြောင်း ကျွန်တော်တို့ ၀မ်းနည်းစွာ တွေ့ရှိကြရမှာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ဒီကနေ့လူသားရွေးချယ်ပွဲကြီးမှာ လူသားမျိုးနွယ်စုကြီးတာဝန်ကို အရည်အချင်းမပြည့်ဝတဲ့သူတွေလက်ထဲကို ယုံယုံကြည်ကြည်အပ်နှံပြစ်လိုက်ဖို့ ကျွန်တော်ကချိတုံချတုံ ဖြစ်နေခဲ့တာပေါ့။ အဲဒါကြောင့် ဒီကနေ့လူသားရွေးချယ်ပွဲကြီးကို အကန့်အသတ်မရှိ နောက်ဆုတ်လိုက်ဖို့ ကျွန်တော်က ဆုံးဖြတ်လိုက်တယ်ဆိုတာ တောင်းပန်စွာနဲ့ပဲ ဦးစွာပြောပါရစေခင်ဗျာ။

" ခင်ဗျားကြီးဝေ့လည်ကြောင်ပတ်တွေ လျှောက်ပြောမနေနဲ့ "
" ဒါသက်သက် ဇီးကွက်လည်ကျတာပဲ "
" မရဘူး...မရဘူး၊ သတ္တ၀ါတွေထဲက မျိုးနွယ်စုတစ်ခုကို လူသားအဖြစ်အမြန်ဆုံး ရွေးပေးပါဗျို့"

ထိုထိုအစရှိသော ကန့်ကွက်သံပေါင်းစုံဖြင့် အဆောက်အဦးကြီးတစ်ခုလုံး ပြန်လည်၍ ဆူညံပွက်လောရိုက်သွား၏။

" နေကြပါဦးဗျာ....နေကြပါဦး။ ကျွန်တော့်စကားကို ဆုံးအောင်နားထောင်ကြပါဦး။ ကျွန်တော်က ဘယ်သူကိုမှ လူသားတွေအဖြစ် မရွေးချယ်တော့ဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာက လူသားမျိုးနွယ်တစ်ခုအဖြစ် ကမ္ဘာမြေရဲ့တာဝန်ထမ်းဆောင်မယ့်သတ္တ၀ါတိုင်း အဲဒီပါဝါပွိုင့်ပေါ်မှာပြထားတဲ့ အဋ္ဌာရသ (၁၀)ရပ်လောက်တော့ အနည်းဆုံးတတ်ထားသင့်တယ်ဆိုတဲ့ အချက်ကိုပါ။

" အဲဒီတော့ အဲဒီအချက်တွေ အားလုံးကို သေသေချာချာမှတ်သွားပြီး အားလုံးတတ်ကျွမ်းသွားပြီလို့ ထင်လာတဲ့ တစ်နေ့ကျတော့မှ ကျွန်တော့်ဆီပြန်လာခဲ့ကြပါ။
အဲဒီ အဋ္ဌာရသ(၁၀)ရပ်ကို အရင်ဆုံးတတ်မြောက်လာတဲ့ ဘယ်တိစ္ဆာန်မျိုးနွယ်စုကိုမဆို လူသားအဖြစ်အပ်နှင်းဖို့ ဒီနေရာကနေ ကျွန်တော် ဆက်ဆက်စောင့်နေပါမယ်လို့လည်း ကတိပေးပါတယ်။ အဲဒီတော့ ခင်ဗျားတို့ကဘာမှ စိတ်မပူပဲ အဲဒီပညာတွေ တတ်လာသည်အထိ စိတ်အေးလက်အေးနဲ့ အပြိုင်အဆိုင် ကြိုးစားကြပါလို့။
ဒါပါပဲ ခင်ဗျာ။ "

ဇီးကွက်ကြီးလည်း စကားဆုံးရော အမှီးတစ်ချောင်းရိုက်သံပင်မကြားရပဲ အတန်ကြာငြိမ်သက်နေခဲ့သည့် ပရိသတ်ကြီး အုန်းအုန်းကြွက်ကြွက်ဖြင့်ပြန်လည် အသက်ဝင်လာခဲ့၏။ တစ်ချို့ကမှတ်စုစာအုပ်တွေထုတ်၍ ကူးကြ၏။ တစ်ချို့ကတော့ " အလကား အသုံးမကျတာတွေ" ဟုမြည်တွန်တောက်တီးကာ အဆောက်အဦးအတွင်းမှ ထွက်ခွါသွားကြ၏။ ဤသို့ဖြင့်ခန်းမကြီးထဲ၌ သတ္တ၀ါများတစ်စထက်တစ်စ လျှော့နည်းသွားကြပြီး နောက်ဆုံး၌ ဒါဝင်ဇီးကွက်ကြီးတစ်ကောင်သာ ငူငူငိုင်ငိုင်နှင့်ကျန်ရစ်သည်။

ဝမ်းနည်းပါတယ် ကမ္ဘာမြေရယ်။ ခင်ဗျားငတ်မွတ်နေတဲ့ လူသားမျိုးနွယ်ကြီးကို ဒီကနေ့အပြီးသတ်မရွေးချယ်ပေး နိုင်ခဲ့တာ ခွင့်လွှတ်ပါ။ ဒါပေမယ့် သိပ်တော့မကြာတော့ပါဘူး။ အဋ္ဌာရသ (၁၀)ရပ်ဆိုတာကြီးကို သူတို့တတွေ မကြာခင်သင်ကြားတတ်မြောက်ပြီး ကျွန်တော်တို့ရှေ့မှောက်ကို မကြာခင်အချိန်အတွင်းမှာပဲ ရောက်ရှိလာကြတော့မှာပါ။

အဲဒီလိုနဲ့ ဇီးကွက်ကြီး သူ့စကားနဲ့သူချုပ်မိပြီး သူ့ဆီ အဋ္ဌာရသ(၁၀)ရပ်နဲ့ ပြန်လာမယ့် ပထမဦးဆုံး လူ့မျိုးနွယ်လောင်းလျှာစုကြီးကို အဲဒီခန်းမကြီးထဲကနေပဲ ထိုင်စောင့်နေခဲ့ရတာပေါ့။

ဒါပေမယ့် ရက်ကိုလစား၊ လကိုနှစ်စား၊ နှစ်ကိုအလင်းနှစ်တွေသာ ထပ်ခါတလည်းလည်း ပြန်ပြန်စားသွားတယ် သူ့ဆီကို ဘယ်ခွေးတစ်ကောင်ကြောင်တစ်မြီးမှ ရောက်မလာခဲ့ကြတာ နောက်ဆုံး အသက်အကြီးလွန်ရောဂါနဲ့ သူကွယ်လွန်သွားတဲ့ အထိပဲဆိုပါတော့။ တိုက်တိုက်ဆိုင်ဆိုင်ပါ။ အဲဒီ ဇီးကွက်ကြီး သေတဲ့နေ့မှာပဲ ချင်ပန်ဇီပညာတတ်တစ်စုက ပထမဦးဆုံး မျောက်အမျိုးသား စာသင်ကျောင်းဖွင့်ပွဲကို တောတွင်းတစ်နေရာမှာ တိတ်တဆိတ် ကျင်းပခဲ့ကြတယ်လေ။

<မင်းတစေ>

10 comments:

Winkabar said...

သေလောက်အောင်ရယ်လိုက်ရတယ်။ ရေးတတ်ပါ့အစ်ကိုရယ်။
သြော်.. လူဆိုတာဒီလိုကိုး။ :D

သဇင်ဏီ said...

ဒါဝင်ဇီးကွက်ကြီးကလဲ.. တကယ်ဆို ရွေးချယ်ပွဲတက်လာတဲ့ လူသားတိရစ္ဆာန်အားလုံးကို လူသားမျိုးနွယ်အဖြစ်သတ်မှတ်ရမှာ..

ဟုတ်တာပဲ..တကယ်တော့ အပေါ်မှာရေးထားတဲ့ အချက်၁၀ချက်လုံး လူတိုင်းမှာရှိနေကြတာပဲနော်.. ဒါကြောင့် လူထဲကလူဖြစ်နေရတာကို စိတ်ပျက်တာ...

chaos said...

အစ်ကိုရေးလိုက်တဲ့
စာတွေအကုန်ကြိုက်တယ်
အစ်ကိုရေ
စာရေးမရပ်ပါနဲ့နော်

Angel said...

ပြုံးမိတယ်ကွာ။
ဘယ်သူမှမလွတ်ပါလား။ ပါဝါပိုင့်ကလည်းပါလိုက်သေးရဲ့။
ဒါနဲ့ အိုင်တီကျွမ်းတဲ့အကောင်တွေတော့မပါဘူးလား။
သားပိုက်ကောင်လေးကတော့အတ္တတွေမများဘူးလားလို့ဘဲ။
သူ့ ခလေးအတွက်သူ့ အတ္တတွေကိုစွန့် လွှတ်ထားရှာသူလေးပါ။

မြရွက်ဝေ said...

ဖတ်ရင်း ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောကျတယ်။ ဪ လူဆိုတာ ဒီလိုသတ္တဝါပါလားနော်

မေပျို said...

ကိုမင်းတစေရေ
ရေးထားတာ အရမ်းသဘောကျဖို့ ကောင်းတာပဲနော်။ လူဆိုတာ အဲဒီ့လို သတ္တ၀ါမျိုးပဲ။ လူရဲ့ အကျင့်စရိုက်က အခုရေးထားတဲ့ ၁၀ချက်တောင် က ပါ့မလားဟင်။ ဒီထက်ပိုဆိုးတာတွေလည်း ရှိဦးမှာနော်။ ဒါ့အပြင် အခြားကောင်းမွန်တဲ့ အရည်အချင်းတွေနဲ့ လူတွေလည်း လောကမှာ အများသားပဲ။

ဆက်ရေးပါအကိုရေ။ အားပေးနေပါတယ်။ မအားလည်း အားတဲံအချိန်ပေါ့။ အဆင်ပြေပါစေ။

နှံကောင် said...

နှံကောင်ကျတော့မပါဘူး .. အရည်အချင်းမရှိဘူးပေါ့ .. ဂလိုလား ...

စိုးထက် - Soe Htet ! said...

မိုကတယ်ကွ ဖတ်ရတာ ... ဆက်ရေး ညီလေးရေ :p

လေးမ said...

so good !!!
လူဆိုတာကို ခုမှပဲ ကွက်ကွက်ကွင်းကွင်းမြင်တော့တယ်....။ မျက်မှောင်ကျုံ့ပြီး စာလုံးတွေဖတ်ရင်း အတွေးတွေ လိုက်ကောက်ကြည့်နေမိတယ် ....။ ရေးထားတဲ့ ဒီဇိုင်းကို ကြိုက်တယ်....။ တည့်တည့်ကြီးချမပြဘဲ ကွေ့ပြီး မီးမောင်းထိုးပြတဲ့ပုံစံကို သိပ်ကြိုက်တယ်...။ အဲလိုပုံစံ ၂ ပုဒ်စမ်းရေးဖူးတယ်..။

မေငြိမ်း said...

ဖတ်ရင်းနြ့ Animal Firm ကို သတိရနေတယ်။ ဟုတ်ပ.. လူဆိုတာကို ကွင်းကွင်းကွက်ကွက်.. စိတ်ပျက်စရာ။ဒါပေမဲ့ ရှောင်လွှဲလို့လည်း မရ။ တခုပဲတတ်နိုင်မယ်။ ကိုယ်တိုင် အဆိုးနည်းအောင် ဘယ်လိုနေမလဲဆိုတာ ကြိုးစားဖို့။