Wednesday, December 19, 2007

နီကိုတင်းတစ္ဆေတစ်ကောင်၏ မီးခိုးရောင်ပန်းပွင့်နေ့စွဲများအကြောင်း



ဆီမရှိသော သံချေးတက် ၀င်ရိုးစွန်းပေါ်တွင် အားယူကာ လည်ပတ်နေရသော ကမ္ဘာမြေ၏ တကြွီကြွီမြည်သံမှလွဲ၍ နံနက်ခင်းက တိတ်ဆိတ်စွာ ဆွံ့အလို့နေသည်။ အိပ်ဖို့နိုးခဲ့လေသလား၊ နိုးဖို့အိပ်ခဲ့လေသလား ဆိုတာ သိပ်မသေချာပေမယ့် အခြားအခြားသော မနက်ခင်းပေါင်းများစွာလို ခြားနားမှုမရှိသော မနက်ခင်းတစ်ခုတွင်လည်း သူကတော့နိုးထ၍ လာခဲ့ရပြန်လေပြီ။

သွားတိုက်၊ မျက်နှာသစ်၊ ကော်ဖီသောက်၊ သတင်းစာဖတ် အစရှိသည့် သမားရိုးကျ နံနက်ခင်းဖြစ်စဉ်တွေ မဖြတ်သန်းမှီ ခံတွင်းကချဉ်သလိုလိုဖြစ်လာသည်နှင့် အိပ်ယာခင်းပေါ်တွင် ဆက်လက်အိပ်မောကျနေသော သူ့လက်စွဲတော် Marlboro စီးကရက်ဘူးနီနီကို သူ အတင်းလှုပ်နှိုးလိုက်ပြီး ၎င်း၏ အတွင်းထောင့်တနေရာ၌် တွယ်ကပ်နေသော နောက်ဆုံးလက်ကျန် စီးကရက်ကို မီးခြစ်ဖြင့် "ထောက်" ကနဲ ကောက်ညှိကာ အားပါးတစ်ရရှိုက်ဖွာပြစ်လိုက်သည်။

ပထမတစ်ရှိုက်၊ ဒုတိယတစ်ရှိုက်၊ ထို့နောက် တတိယတစ်ရှိုက်...............................
နေရောင်ခြည်အစအနတွေ စွန်းထင်းပေကျံနေသော နံနက်ခင်းက မီးခိုးရောင်အခိုးအငွေ့တွေနှင့် ရောယှက်ကာ ပိုမိုပြီးပြည့်စုံသွားသလို သူခံစားလိုက်ရသည်။ သို့သော် ဒီတစ်လိပ် ကုန်သွားခဲ့ပြီးလျှင်တော့ သောက်စရာဆေးလိပ်တွေ သူ့မှာ မကျန်တော့။ ရှိုက်လက်စ စီးကရက်ကို ပါးစပ်ကမချပဲ အပေါ်အကျီကို သူ ကောက်စွပ်လိုက်သည်။ ထို့နောက် မီးခိုးရောင်အခိုးအငွေ့များ တနေ့လုံးလိုလို သူ့ထံပါး ရစ်ပတ်လွမ်းခြုံနေစေဖို့ စီးကရက်များဝယ်ယူရန် ဆေးလိပ်ဆိုင် ရှိရာဘက်ဆီသို့ သူ ခြေဦးလှည့်လိုက်သည်။

" ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည် " ဆိုတဲ့ ဆိုင်းပုဒ်ကြီးရှေ့ကိုရောက်လာတော့ သူဒုန်းစိုင်းလာခဲ့တဲ့ Marlboro မြင်းရိုင်းကြီး သူ့ကိုယ်ပိုင်ဖင်ဆီခံတွေကိုတောင် ပြန်လည်ကျွမ်းလောင်ပြစ်ဖို့ " တဖြစ်ဖြစ် " နဲ့ ခွါသံတွေပေးနေခဲ့ပြီပေါ့။ အဲဒါနဲ့ သူလည်း မြင်းရိုင်းကြီးကို နောက်ဆုံးအကြိမ် ဇက်ဖွင့်ချလိုက်ပြီး ကဆုန်ပေါက်ထွက်လာတဲ့ အန္ဓိမ မီးခိုးငွေ့တွေကို နည်းစနစ်မမှန်တဲ့ ယောဂီတစ်ယောက် အသက်ရှုသွင်းပုံမျိုးနဲ့ အားပါးတရ ရှိုက်ယူပြစ်လိုက်တယ်။ ပြီးတော့ အဲဒီမီးခိုးရောင် တိမ်လိပ်တိမ်ငွေ့တွေ ကောင်းကင်ပေါ် ချက်ချင်းပြန်လွင့်မတက်သွားအောင် ပုလဲမုဆိုးတွေ ရေအောက်မှာ ပုလဲငုပ်နေသလို အသက်ကိုတတ်နိုင်သလောက်မရှုပဲ အကြာကြီးအောင့်ထားပြစ်လိုက်တယ်။

ဒီကောင်တွေ သူ့ရင်ဘတ်ထဲမှာ လုံလုံခြုံခြုံနဲ့ နေသားတကျဖြစ်သွားပြီဆိုတော့မှ လည်ပြွန်တွေတစ်လျှောက်မှာ ပိတ်ထားတဲ့ မောင်းခလုပ်တွေကို ဖြေးဖြေးချင်း ပြန်ဖြေလျှော့ချလိုက်ပြီး သူ့နှာခေါင်းဝမှာ ပြူတစ်ပြူတစ်လုပ်နေတဲ့ အောက်ဆီဂျင်တွေကို အာနာပါဝ၊ ၀ိနာပါဝ အခန်းလွတ်တွေထဲကို နဲနဲစီပြန်ဝင်ခွင့်ပေးလိုက်တယ်။ ပြီးတော့မှ ဆက်လက်ဒုန်းဆိုင်းဖို့ လုံးဝမဖြစ်နိုင်တော့တဲ့ အဲဒီ Marlboro မြင်းခေါင်းတိုကြီးကို လက်ညိုနဲ့လက်မကြား အသာညှပ်လိုက်ပြီး ဆေးလိပ်ဆန့်ကျင်ရေးပိုစတာကြီးအောက်နားမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ပုကွကွခြုံပုတ်ကြီးထဲကို အသာလေးတောက်ပြီး လွှင့်ပြစ်လိုက်တော့တယ်။

ပိုစတာကြီးရေ....ကျေးဇူးပြုပြီး သူ့ကို မဆူပါနဲ့။ သူက ဆေးလိပ်ကို မီးသတ်ပြီးမှ လွှင့်ပြစ်လိုက်တာပါ။ နေပါဦး။ နေပူမိုးရွာမရှောင် ဒီနေရာမှာ တောင့်တောင့်ကြီးရပ်ပြီး ဆေးလိပ်ဆန့်ကျင်ရေး တရားတွေဟောနေတာ ခင်ဗျားကြီးမပင်ပန်းဘူးလား။ လူတိုင်းသိပြီးသားဟာကြီးကို ထပ်ခါတလည်းလည်း အော်အော်ပြနေတာကတော့ တကယ့်ကို စိတ်ပျက်စရာပါပဲဗျို့။ ဆေးလိပ်ရဲ့ငယ်ကျိုးငယ်နာတွေအထိတောင် နှံ့နှံ့စပ်စပ် သိပြီးနေတဲ့ သူ့အဖို့ကတော့ ဘုန်းကြီးတစ္ဆေတွေ ဘုရားစာရွတ်သံကို မကြောက်သလို ခင်ဗျားရဲ့လှန့်လုံးတွေကို နည်းနည်းလေးတောင် ရင်မခုန်မိတာကတော့ ၀မ်းနည်းစရာပါပဲ။

သူ့ရင်ဘတ်ထဲမှာ ပြည်တွင်းစစ်ဖြစ်နေကြတဲ့ သွေးနီဖြူဥကလပ်စည်းတွေနဲ့ နီကိုတင်းသူပုန်တွေရဲ့ အော်ဟစ်ဆူညံသံတွေကိုတောင် သူက လစ်လျှူရှုထားနိုင်နေတာကိုပဲကြည့်လေ။ အပျက်အစီး အသေအပျောက်တွေ တစ်နေ့တစ်ခြား များများလာနေတာကို သိနေရက်နဲ့တောင် ကိုယ်ထိလက်ရောက် ၀င်တားမြစ်လိုက်ဖို့ သူကစိတ်တောင်မကူးမိခဲ့ပါဘူး။ ဒါပေမယ့် တခါတလေ ချွဲကျပ်သံလိုလို၊ ချောင်းခြောက်ဆိုးသံလိုလို လက်နက်ကြီးကျသံတွေ ကြားမိတဲ့ အခါမျိုးတွေဆိုရင်တော့ သူ ဆေးလိပ်သောက်တာကို ခဏရပ်ထားမိတတ်တယ်။ ဒါကလည်း ကြောက်လို့မဟုတ်ပဲ နားငြီးတဲ့ဒါဏ်ကို မခံနိုင်လွန်းလို့ပါပဲ။ အဲဒီကာလကတော့ သူ့ရင်ထဲမှာ ဗုံးသံ၊ အမြောက်သံတွေ ခေတ္တခဏ တိတ်ဆိတ်နေတတ်တဲ့ စစ်အေးကာလလို ငြိမ်းချမ်းရေး ကာလကြီးပေါ့။ ဒါပေမဲ့ အဲဒီအခိုက်အတန့်ကလည်း သိပ်အကြာကြီးမဟုတ်ပဲ သွေးဆာနေတဲ့ စစ်ဘုရင်တစ်ပါး စစ်ပွဲတွေနဲ့ဝေးသွားတဲ့အခါ နေမထိမထိုင်သာ ဖြစ်လာသလိုမျိုး သူ့တစ်ကိုယ်လုံး ကတုန်ကရီ ပြန်ဖြစ်လာခဲ့ရင်တော့ စစ်ပွဲတွေကိုပြန်လည်ဖန်တီးပေးဖို့ သူဆေးလိပ်တွေ ပြန်သောက်ရတော့ပြန်တာပေါ့။ အဲဒီလိုခဏရပ်လိုက်၊ ပြန်သောက်လိုက်နဲ့ ဆေးလိပ်တွေကို သူတမ်းတမ်းစွဲနေမိခဲ့တာ ဒီနေ့အထိပဲဆိုပါတော့။

ဒါပေမယ့် သူ ဆေးလိပ်ကို အဲဒီလို တမ်းတမ်းစွဲနေရတာက မကောင်းဆိုးရွား နီကိုတင်းကောင်တွေရဲ့ ကျိန်စာလိုပြုစားမှုတွေကြောင့်တော့ မဟုတ်ပါဘူး။ အဲဒီမဟာစွဲလမ်းမှုကြီးက သူငယ်စဉ်ကတည်းက မြတ်နိုးတွယ်တာယုယခဲ့ရတဲ့ ပန်းပွင့်ကလေးတွေနဲ့ပဲ ဆက်စပ်ပတ်သက်နေခဲ့တယ်ဆိုရင် ခင်ဗျားတို့ယုံကြမှာလား။ ဆေးလိပ်ဖြတ်လို့မရတာ ပန်းပွင့်လေးတွေကြောင့်...ဟုတ်လား။ ဘာမှလည်းမဆိုင်သလိုပဲနော်။ ဟုတ်ကဲ့....သူစကားလှရင်ပြီးရောဆိုပြီး ကဗျာတွေဆန်ပြနေတာမဟုတ်တာတော့ ကျိန်းသေပါတယ်။ သူ့အကြောင်းပြချက်က ဝေလငါးတွေ ဒေါက်ဖိနပ်စီးတဲ့ကိစ္စလို တော်တော်လေးကို ကမောက်ကမနိုင်လွန်းနေပေမယ့် သူအသေအချာ ရှင်းပြပြီးခဲ့ရင်တော့ ခင်ဗျားတို့ ပါးစပ်တွေက " သြ..သို့ဂလိုကြောင့်ကိုး" ဆိုတဲ့ အာမေဋိတ်သံတစ်ခုကလွဲလို့ ဘာစကားလုံးတွေမှ ထွက်လာတော့မှာ မဟုတ်ပါဘူး။

တကယ်ဆို ပန်းပွင့်ဆိုတာက မိန်းမတွေကိုသာ တစ်ဖက်သတ် တွယ်ကပ်နေတတ်တဲ့ မျက်နှာလိုက်သင်္ကေတတစ်ခုပါပဲ။ လိုက်မှာပေါ့။ ယောင်္ကျားဆိုတဲ့ကောင်တွေကလည်း တခါတလေ မိန်းမတွေကိုဖူးမျှော်ဖို့ ပန်းတွေကို ပေါင်းကူးတံတားတွေအဖြစ် အသုံးချတာကလွဲလို့ အခြားအချိန်တွေဆို တော်တန်ရုံအဖက်မှ မလုပ်တတ်ကြတာ။ ဒါပေမယ့် အဲဒီလို ပန်းတွေကို သံယောဇဉ်မထားတတ်တဲ့ ယောင်္ကျားတွေ ပန်းတွေကို အရူးအမူးချစ်တတ်ပြီဆိုရင်တော့ ပန်းချစ်သူသခင်မတွေတောင် လိုက်လို့မမှီအောင် ဖြစ်သွားတတ်တယ် ဆိုတာကိုတော့ သူက အသေအချာကို သိနေခဲ့တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလို ပန်းတွေကို ချစ်တတ်တဲ့ ရှားရှားပါးပါး ယောင်္ကျားလေးတွေထဲက တစ်ယောက်က သူကိုယ်တိုင်ဖြစ်နေခဲ့လို့ပါပဲ။

ရုက္ခဗေဒပညာရှင်မိခင်နဲ့ လိပ်ပြာဗေဒပညာရှင် ဖခင်တို့ကပေါက်ဖွားလာခဲ့တဲ့ သူ့ကို မျိုးရိုးဗီဇကြောင့် ပန်းတွေကို အရူးအမူးဖြစ်နေတာလို့ ပြောမယ်ဆိုရင်လည်း မမှားသလို မွေးကတည်းက ပန်းငွေ့တွေလှုံရင်း ကြီးပြင်ခဲ့ရတဲ့ သူ တစ်ယောက်လို့ ပြောမယ်ဆိုရင်လည်း မှန်နေပါသေးတယ်။

့ သူငယ်ငယ်က ငိုပြီဆိုရင် ဘယ်လိုချော့ချော့ အငိုမတိတ်တတ်ပဲ ပန်းပွင့်တစ်ပွင့်ကို လက်ထဲလာထည့်ပြီဆိုတော့မှ အငိုတိတ်တတ်ခဲ့တယ်။ ပြေးလွှားခုန်ပေါက်တဲ့ အရွယ်ရောက်လာပြန်တော့လည်း တခြားကလေးတွေနဲ့ဆော့ရတာထက် ပန်းခြံတွေထဲက ပန်းပွင့်လေးတွေနဲ့ ဆော့ကစားရတာကို သူ ပိုနှစ်သက်တတ်ခဲ့တယ်။ သူ(၁၀)နှစ်ပြည့်မွေးနေ့မှာ မေမေက မွေးနေ့လက်ဆောင် အဖြစ်ပေးခဲ့တဲ့ ပလတ်စတစ်ပန်းခြံလေး ကတော့ သူအခုထိ အမြတ်တနိုးသိမ်းဆည်းထားခဲ့တဲ့ သူ့ရဲ့တစ်ခုတည်းသော ကလေးဘ၀က ကြွင်းကျန်ပစ္စည်းတစ်ခုပေါ့။ သူစုဆောင်းထားခဲ့တဲ့ ပန်းနဲ့ပတ်သက်တဲ့ စာအုပ်အမျိုးပေါင်း (၁၀၀) ကျော်ကလည်း သူ အထက်တန်းကျောင်းသားဘ၀ မရောက်ခင်ကတည်းက သူ့စာကြည့်ခန်းထဲမှာ ရှိနေခဲ့တာပါ။

ဒီလိုနဲ့ ရည်းစားတွေ ဘာတွေထားတတ်တဲ့အရွယ် ရောက်လာခဲ့ပြန်တော့လည်း ပန်းနာမည်ပါတဲ့ ကောင်မလေးတွေကိုပဲ သူကရွေးထားတတ်ခဲ့တယ်။ သူ့ပထမဆုံး ပန်းပွင့်လေးရဲ့ နာမည်ကတော့ ဂမုန်းနဒီတဲ့။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး။ နာမည်တစ်ခုသာ ပန်းပွင့်ဆန်ပြီး ကျန်တဲ့အပိုင်းတွေမှာ သူမက နူးညံ့မနေခဲ့တော့ သူတို့လမ်းခွဲခဲ့ရတာပေါ့။ အဓိက ချို့ယွင်းချက်ကတော့ သူမက ပန်းပွင့်လေးတွေကို မချစ်တတ်ဘူးလေ။

အဲဒီလိုနဲ့ ပန်းနှင်းတော်ဝင်ဆိုတဲ့ နောက်ထပ်ကောင်မလေးတစ်ယောက် သူ့ဘ၀ထဲကို ထပ်မံရောက်ရှိလို့ လာခဲ့ပြန်တာပေါ့။ သူမက ပန်းတွေကိုတော့ အရမ်းချစ်တတ်ခဲ့ပါတယ်။ ဒါပေမယ့် သူမကိုယ်တိုင်က လွင့်ကြွေပြီးသား အကြွေပန်းတစ်ပွင့် ဖြစ်နေခဲ့တယ်ဆိုတာကိုတော့ ရည်းစားသက်တမ်း အတော်လေးကြာမှ သူက သိရှိခဲ့ရတယ်လေ။ တကယ်ဆို သူမက ဘယ်လိုပန်းမျိုးလည်းဆိုတာ အစကတည်းက သူ့ကိုဖွင့်ပြောပြထားခဲ့သင့်တာပေါ့။ သူ အဲဒီလောက် သဘောထားမသေးသိမ်ပါဘူး။ သူ့ ကိုသာ ရိုးရိုးသားသားနဲ့ ဖွင့်ပြောပြခဲ့မယ်ဆိုရင် သူမ ပြည့်တန်ဆာတစ်ယောက် ဖြစ်နေခဲ့ရင်တောင် သူ့ဘက်က ခွင့်လွှတ်ဖို့က အဆင်သင့်ပါပဲ။ ဒါပေမယ့် သူမက လိပ်ပြာရဲ့ ကိုယ်သင်းနံ့တောင် မရခဲ့ဘူးတဲ့ ပန်းပျိုမတစ်ပွင့် ဟန်ဆောင်ပြီး သူ့အချစ်ကိုညာယူခဲ့လေတော့ သူဘယ်လိုမှ ခွင့်မလွှတ်နိုင်ခဲ့ဘူးပေါ့။

အဲဒါနဲ့ တတိယ တစ်ယောက်နဲ့ ထပ်တွေ့ခဲ့ရပြန်ရော။ ဒီတစ်ခါတော့ သူ ကံကောင်းခဲ့တာပေါ့။ သူမက ပန်းတွေကို ချစ်တတ်တဲ့အပြင် သူ့အပေါ်မှာလည်း စံပါယ်တစ်ပွင့်လို ရိုးသားခဲ့တယ်လေ။ နံမည်ကလည်း ရိုးရိုးလေးပါပဲ။ ပန်းပွင့်ဖြူတဲ့ ။ ဒါပေမယ့် သူရဲ့ကံကောင်းခြင်းတွေက ဥတုသုံးပါးပြည့်အောင် မခံခဲ့ပါဘူး။ ရည်းစားသက်တမ်း တစ်နှစ်မပြည့်ခင်မှာပဲ နှင်းဆီပင်ကဆူး ဆူးတဲ့ဒါဏ်ရာထဲ မေးခိုင်ပိုးဝင်ရာကတဆင့် သူမဆုံးပါးသွားခဲ့ရတယ်လေ။

အဲဒီအချိန်ကစပြီး နှလုံးသားရေးရာမှာ ခေးအော့စ် တွေချည်းပဲ ဖြစ်ဖြစ်တတ်နေတဲ့ သူ့ကိုယ်သူ သဘောပေါက်သွားပြီး ရည်းစားထပ်မရှာခဲ့တော့တာ ဒီနေ့အထိပဲဆိုပါတော့။ ဒါပေမယ့် သူ့ နောက်ဆုံးချစ်သူကို သတ်ခဲ့တဲ့ ပန်းတွေကိုတော့ သူကစိတ်မနာခဲ့တဲ့ အပြင် ပိုမိုအထီးကျန်လာတဲ့ သူ့ဘ၀ရဲ့ တစ်စုထဲသော အဖော်မွန်လေးတွေအဖြစ် အရင်ကထက်တောင် ပိုလို့တွယ်တာလာခဲ့တယ်။

အဲဒီလို ပန်းပွင့်လေးတွေကို ဖက်တွယ်နေရင်း ပန်းပွင့်နဲ့ဆိုင်တဲ့ တီထွင်ဖန်တီးမှုလေးတွေ လုပ်ချင်တဲ့စိတ်က သူ့ရင်ထဲကို ၀တ်ရည်လို စိမ့်ဝင်လာခဲ့ပြန်တယ်။ ပန်းပင်ပျိုးပြီး ရေလောင်းပေါင်းသင်တဲ့ မာလီတစ်ယောက်လို ချဉ်ခြင်းတက်ပုံမျိုးတော့ မဟုတ်ပါဘူး။ အနုပညာနဲ့ ပတ်သက်တဲ့ ဖန်တီးမှုတစ်ခုခု လုပ်ချင်တဲ့စိတ်ကူးမျိုးကို ပြောတာပါ။ အဲဒီလိုနဲ့ ဟိုးငယ်ငယ်ကတည်းက အခုထိ ယောင်လို့တောင် စိတ်မ၀င်စားခဲ့ဘူးတဲ့ ပန်းချီကို သူ စသင်ခဲ့တော့တာပဲ။ ဖြစ်မြောက်သွားတဲ့ တနေ့ကျရင် အမျိုးမျိုးသော ပန်းပွင့်ပုံတွေကို နှလုံးသွေးတွေ ပွက်ပွက်ဆူသည်အထိ ရေးဆွဲပြစ်လိုက်မယ်ဆိုတဲ့ မဟာရည်မှန်းချက်ကြီးနဲ့ပေါ့။

ဒါပေမယ့် သူ့အသွေးအသားတွေထဲမှာ ပန်းချီဗီဇက ၀တ်မှုံတစ်ဆံလောက်တောင် ရှိမနေခဲ့တော့ အချိန်အတော်ကြာတဲ့အထိ သင်ယူခဲ့တာတောင် မျဉ်းဖြောင့်တစ်ကြောင်းကို ဖြောင့်အောင် မဆွဲတတ်ခဲ့ဘူး။ အဲဒီတော့ ကောင်းကင်ဘုံ ဆန်လောက်အောင် နူးညံ့လှပနေတဲ့ ပန်းပွင့်လေးတွေကို ဆွဲတတ်ဖို့ဆိုတာက သူ့အဖို့ ဆောင်းတွင်းမှာ ဂရောက်ဂရက် လျှောက်မက်တတ်တဲ့ အိပ်မက်တစ်ခုလိုပဲ ဖြစ်နေခဲ့တာပေါ့။ အကျိုးဆက်အနေနဲ့ သူ သေကောင်ပေါင်းလည်း ဖြစ်တဲ့အထိ စိတ်ဓါတ်ကျလာခဲ့တော့တာပါပဲ။

အဲဒီမှာ စိတ်ဓါတ်ကျနေတာကို ထွက်ပေါက်ပေးချင်တာရယ်၊ ယောက်ယက်ခတ်နေတဲ့ အတွေးတွေကို ပိုငြိမ်လာအောင်ရယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သူ စီးကရက်တွေကို စဖွာတတ်လာတယ်။ ဒါပေမယ့် ဆေးလိပ်ရဲ့ တိတ်တိတ်ပုန်းပြိုဆင်းမှုတွေကို ဂဃနဏသိထားပြီးတဲ့ သူ တစ်ယောက်အနေနဲ့ တခါတရံ ခေးအော့စ်တွေ အရမ်းဝင်လာတဲ့ အချိန်တွေကလွဲလို့ ဆေးလိပ်ကို တတ်နိုင်သလောက် သူလျှော့သောက်ဖြစ်ခဲ့တယ်။ ဥပမာ...သူ ပန်းပွင့်ပုံတွေ ရေးနေနေရင်းနဲ့ ၀လုံးပုံတွေဖြစ်ဖြစ်သွားတတ်တဲ့ အခါမျိုးတွေဆိုရင်ပေါ့။

ဒီလိုနဲ့တရက်မှာ...သူဆွဲနေတဲ့ ပန်းပွင့်ပုံ စကက်ရှ် (Sketch) တွေက ဘယ်လိုဆွဲဆွဲ ပျားလပို့အုံတွေလို ကိုးယိုးကားယားကြီးတွေ ထွက်လာခဲ့တော့ သူလည်းစိတ်ပျက်ပြီး ဆက်မဆွဲတော့ပဲ ဆေးလိပ်ကို စိတ်ပြေလက်ပျောက် ကောက်ဖွာမိလိုက်တာပေါ့။ အဲဒီအချိန်မှာ သူလုံးဝမမျှော်လင့်ထားတဲ့ အရာတစ်ခုက မိုးပေါ်ကရုတ်တရက်ပြုတ်ကျလာသလို သူ့ရှေ့တည့်တည့်ကို ကျရောက်လို့လာခဲ့တယ်လေ။ နုတ်ခမ်းလွှာတွေကြားက သူ အမှတ်တမဲ့ မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေက ပန်းဆုပ်ပန်းခိုင်တွေပုံစံမျိုး ဖြစ်နေခဲ့တယ်။ အဲဒါနဲ့ သူ သိပ်အံ့သြသွားပြီး ဆေးလိပ်ကို ထပ်ဖွါကြည့်လိုက်တော့ အခြားပုံသဏ္ဌန်မတူတဲ့ ပန်းဆုပ်ပန်းခိုင်တစ်ခုက ထပ်ထွက်လို့ လာခဲ့လေပြန်ရော။ အဲဒီအခိုက်အတန့်လေးမှာ သူ့ဘ၀ရဲ့အကြီးမားဆုံးသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့တော့တာပါပဲ။

အဲဒီအချိန်ကစပြီး စိတ်ပျက်ငြီးငွေ့ဖွယ်အတိပြီးတဲ့ စုတ်တံ၊ ဆေးခွက်နဲ့ ကင်းဘတ်စတွေကို ကျောခိုင်းခဲ့ပြီး မီးခိုးငွေ့တွေ ခေါ်ဆောင်ရာနောက်ကိုပဲ သူ တစ်ကောက်ကောက် လျှောက်လိုက်နေမိခဲ့တယ်။ ကင်းဘတ်စ ကြမ်းကြမ်းကြီးတွေပေါ်မှာ အသေကောင်တွေလို မလှုပ်မယှက်ငြိမ်နေတဲ့ ၀လုံးဆန်ဆန်ပန်းပွင့်တွေထက် လေထဲမှာ ယိမ်းနွဲ့ပြီး လွင့်ချင်ရာလွင့်နေတတ်တဲ့ မီးခိုးရောင်ပန်းပွင့်တွေက သူ့မျက်စိတွေထဲမှာ ပိုမိုပဉ္စလက်ဆန်စွာနဲ့ အသက်ဝင်လှပနေခဲ့လို့ပဲပေါ့။

အဲဒီလိုနဲ့ အရင်ကဆေးလိပ်ဆို စိတ်တွေအရမ်းဖိစီးမှ သောက်ဖြစ်ခဲ့တဲ့သူ အခုဆိုရင်တော့ မျက်စိနှစ်လုံးပွင့်တဲ့ အချိန်ကနေပြီး မျက်စိတွေပြန်ပိတ်ချိန်အထိ နှုတ်ခမ်းဖျားကမချတမ်း ပါးစောင်တွေမှာ ခဲထားတတ်နေပြီပေါ့။ အိပ်ခါနီး အချိန်တွေတောင် သူကပက်လက်လှန်ပြီး မျက်နှာကျက်ပေါ် လွင့်ပျံတက်သွားတဲ့ မီးခိုးရောင် ပန်းပွင့်တွေကို တစိမ့်စိမ့်နဲ့ အရသာခံကြည့်နေတတ်ခဲ့ပြီလေ။

မီးခိုးနဲ့ရေးတဲ့ ပန်းချီဆွဲနည်းက သူ ပထမဦးဆုံး စတင်တွေ့ရှိခဲ့တဲ့ ပန်းချီဆွဲနည်းသစ်တစ်ခုပဲပေါ့။ ပါးလှပ်တဲ့ သူ့ရဲ့နှုတ်ခမ်းလွှာတွေက သူ့ရဲ့စုတ်တံ သွယ်လျှလျှတွေပေါ့။ သိပ်လှတဲ့ မီးခိုးရောင်တွေ အမြဲလွှင့်ထုတ်ပေးနေတဲ့ Marlboro စီးကရက် မီးခိုးငွေ့တွေကတော့ သူ့ရဲ့ ပန်းချီဆေးရောင်တွေပေါ့။ ပြီးတော့ သူ့အပေါ်မှာ အုပ်မိုးထားတဲ့ ကောင်းကင်ပြာပြာကြီးကလည်း သူ ဘယ်လိုပဲ ထိုင်ဆွဲဆွဲ ဆွဲလို့မကုန်နိုင်တော့မယ့် သဘာဝရဲ့ ကင်းဘတ်စကြီးပဲပေါ့။

ကိုယ့်ကိုကိုယ် မီးခိုးငွေ့နဲ့ရေးတဲ့ ပဉ္စလက်ပန်းချီဆရာတစ်ယောက်အဖြစ် ခံယူရင်း သူ့ကိုယ်ပိုင်နှုတ်ခမ်းဖြားတွေကနေ ပန်းပုံစံ အမျိုးမျိုးကို ပွင့်အန်စေခဲ့တာ အခုဆို သူ မဆွဲဖူးတဲ့ ပန်းရယ်လို့ ကမ္ဘာပေါ်မှာ မရှိသလောက်ဖြစ်နေခဲ့ပြီလေ။ အမျိုးမျိုးသော ပန်းပွင့်တွေအထဲမှာတော့ ဒန်းစင်းလေဒီ (Dancing Lady) လို ဖွဲ့စည်းဖြစ်တည်ပုံ နက်နဲသိမ်မွေ့လွန်းတဲ့ သစ်ခွပန်းတစ်မျိုးကတော့ သူဖန်တီးခဲ့ကမျှ ပန်းတွေထဲမှာ လက်ရာအမြောက်ဆုံးသော Master Piece တစ်ခုပါပဲ။

ကောင်းကင်ပေါ်ကို ဂါဝန်လေး လှုပ်ခါလှုပ်ခါနဲ့ ပျံပျံတက်သွားတတ်တဲ့ အဲဒီပန်းပျိုမလေးက ဘယ်လိုပဲကြည့်ကြည့် သူ့မျက်စိတွေထဲမှာ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ညင်သာလွန်းနေတယ်။ ကနေတဲ့ ဗိုလ်မလေး သူ့ပါးစပ်ဖျားကနေတိုးထွက်လာပြီး တိမ်တွေကြားထဲမှာ လုံးဝပျောက်ကွယ်သွားတဲ့အထိ လိုက်လိုက်ငေးကြည့်နေရတာက သူ့ရဲ့ အပျော်ဆုံး ဘ၀နေနည်းတစ်ခုပါပဲ။
တခါတလေ ကောင်မလေး အဲဒီလို တစ်ယောက်ထဲ ပျံပျံတက်သွားရတာ သိပ်ပျင်းနေမှာပဲလို့ တွေးမိတဲ့အခါမျိုးတွေဆိုရင်တော့ သူ စီးကရက်ကို အဆက်မပြတ်ရှိုက်ဖွာရင်း ဟောတစ်ပွင့် ဟောတစ်ပွင့်နဲ့ ကောင်မလေးတွေ တိမ်တွေအထိ တောက်လျှောက်တန်းစီနေအောင် လုပ်တတ်တာမျိုးလည်းရှိတတ်တယ်။

ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ ပန်းပင်တွေကိုပဲ ထပ်ခါတလည်းလည်း ပွင့်ပြနေရတာကြာလာတော့ သူပျင်းလာပြန်ရော။ အဲဒီမှာပုံတူတွေကိုပဲ လိုက်လံကူးချနေခဲ့တဲ့ အနုပညာသမားတစ်ယောက် ဘ၀ကိုစွန့်လွှတ်ပြီး ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ ပန်းတွေကို အသစ်ဖန်တီးဖို့သူကြိုးစားခဲ့ပြန်တယ်။

အဲဒီလိုနဲ့ သူ့ရဲ့ပထမဦးဆုံးသော ဖန်တီးမှုတွေအနေနဲ့ မြင့်မိုရ်တောင်မှာပဲပျော်တဲ့ မြဉ္ဖူသက္ကနတ်ပန်းလိုပန်းမျိုးနဲ့ တာဝတိံသာ အနောတပ္ပနတ်ရေကန်က ပဒုမ္မာကြာလို ပန်းမျိုးတွေ သူ့နှုတ်ခမ်းဖျားကနေ ပွင့်အာလို့လာခဲ့ပြန်တယ်။ အဲဒီသူ့စိတ်ကူးထဲက ပန်းပွင့်လေးတွေ တိမ်တွေကိုဖောက်ထွင်းပြီး နတ်ပြည်တွေထိအောင်ဝဲပျံလို့ ဟိုမှာတကယ်ပေါက်နေတဲ့ ပန်းအစစ်တွေဘေး သွားကြွေချင်လည်းကြွေကျနေမှာပေါ့။ ဘယ်သူသိနိုင်တာမှတ်လို့။ နတ်ပန်းပွင့်စစ်စစ်တွေက သူ့ပန်းပွင့်လေးတွေနဲ့ တူမတူကို နတ်သမီးလေးတစ်ယောက်လောက်ဆင်းလာပြီး လာပြောပေးမယ်ဆိုရင်တော့ ပိုပြီး ပြီးပြည့်စုံသွားမှာပေါ့။

အဲဒီလို သူ့တစ်သက်စာ နှုတ်ခမ်းနဲ့ရေးခဲ့တဲ့ပန်းချီကားတွေကို ကမ္ဘာကျော်ပြတိုက်ကြီးတွေ (ဒါမှမဟုတ်) နာမည်ကျော်ပန်းချီပြခန်းကြီးတွေမှာ ဘယ်တော့မှချိတ်ဆွဲခွင့်မရခဲ့လည်း သူကတော့ အထူးတလည် ၀မ်းနည်းနေမှာမဟုတ်ပါဘူး။

ဘာလို့လည်းဆိုတော့ သူဆွဲခဲ့ပြီးတဲ့ ပန်းချီကားတိုင်းလိုလိုကို ကောင်းကင်ရဲ့နံရံတွေမှာ ခင်းကျင်းပြသပြီး ဖြစ်နေခဲ့လို့ပါပဲ။ ကြည့်လိုက်စမ်းပါဦး။ တစ်ချို့ကလည်း တိမ်တွေပေါ်မှာ တွဲလောင်းခိုလို့၊ တစ်ချို့ကလည်း တိမ်တွေထဲကိုတိုးဝင်ပြီး ပြန်လည်ဖူးငုံလို့၊ တစ်ချို့ကလည်း အထိမ်းအကွပ်မဲ့စွာနဲ့လွင့်ချင်ရာလွင့်လို့၊ တစ်ချို့ကလည်း နတ်ပြည်ရဲ့နံရံတွေအထိတောင် မင်းမူလို့ ကောင်းကင်ယံတစ်ခွင်လုံး သူ့ပန်းချီကားချပ်တွေနဲ့ပဲ ပြည့်နှက်လို့နေတော့တာပေါ့။

တကယ်ဆို ကြောက်မခန်းလိလိ အောင်မြင်ခဲ့တဲ့ အနုပညာလမ်းသစ် ဖောက်ခဲ့သူတစ်ယောက်အနေနဲ့ဒီအချိန်မှာ သူ ဂုဏ်ယူစွာနဲ့အနားယူနေသင့်ခဲ့ပြီပေါ့။ ဆိုလိုတာက သူ့စိတ်ကြိုက်ပန်းပွင့်တွေ တသက်စာဖူးငုံခွင့်ပေးခဲ့တဲ့ သူ့နှုတ်ခမ်းဖျားတွေကို ဆေးလိပ်ငွေ့တွေရှုရှိုက်နေခြင်းကနေ ကင်းလွတ်ခွင့်ပေးသင့်နေပြီလို့။ သူ ဆေးလိပ်ဖြတ်သင့်နေခဲ့ပြီလေ။

ဒါပေမယ့် သူ့ရင်ထဲမှာ အလိုကျမနေတဲ့ အရာတစ်ခုက သူ့ကို အဲဒီစီးကရက်တွေ ဆက်သောက်ဖို့ တွန်းအားပေးခဲ့ပြန်တာပေါ့။ သူဆွဲဆွဲခဲ့သမျှ ပန်းပွင့်တွေက အားလုံး မီးခိုးရောင်လေးတွေချည်းပဲဆိုတော့ အခြားအရောင်တစ်ခုခုကို သူကထပ်လိုချင်နေခဲ့တာလေ။ အဲဒီလို အခြားအရောင်တွေ ထွက်ပေါ်လာနိုးနိုးနဲ့ သူစီးကရက်တွေကို ဆက်ရှိုက်နေခဲ့မိပြန်တာပေါ့။ တစ်ခါတစ်လေ မိုးပေါ်လွင့်ပျံတက်သွားခဲ့တဲ့ ပန်းပွင့်လေးတွေကို ရောင်စုံဆလိုက်မီးတွေထိုးပြီး သူ့အာသာကို ဖြေဖျောက်နိုင်ခဲ့ပေမယ့် သူတကယ် တမ်းတနေခဲ့တာက သူ့နှုတ်ခမ်းလွှာတွေထဲက ထွက်တာနဲ့ ကိုယ်ပိုင်အရောင်တွေ လင်းလက်နေတဲ့ ရောင်စုံပန်းပွင့်လေးတွေကိုပါပဲ။

အဲဒီတော့သူ့ပန်းပွင့်လေးတွေကို မီးခိုးရောင်တစ်ခုပဲ လိမ်းခြယ်ပေးနိုင်မယ့် Marlboro ဆေးလိပ်တွေအစား အခြားအရောင်တွေ ထွက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မသောက်ဖူးသေးတဲ့ စီးကရက်မျိုးစုံကို သူ စသောက်တတ်လာတယ်။ သူ ချောင်းတွေ တဟွတ်ဟွတ်ဆိုးပြီး ရင်တွေသာပိုကျပ်လာခဲ့တယ်။ ဘယ်ဆေးလိပ်ကိုပဲ ကောက်ဖွာလိုက် ကောက်ဖွာလိုက် အဲဒီ မီးခိုးရောင်မိုနိုတုန်း ( Mono Tone ) တွေထဲကနေသူ့ပန်းပွင့်လေးတွေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူက စိတ်မပျက်ခဲ့လေပဲ တစ်နေ့တော့ ရောင်စုံပန်းပွင့်လေးတွေ ထွက်ကိုထွက်လာရမယ်ဆိုတဲ့ မျှော်လင့်ချက် အဖူးအငုံတွေနဲ့ချောင်းတွေတဟွတ်ဟွတ် ဆိုးနေတဲ့ကြားက အမျိုးအမည်မသိတဲ့ ဆေးလိပ်မျိုးစုံကို ထပ်မံရှာဖွေ သောက်သုံးနေခဲ့တော့တာပေါ့။

အဲဒီလိုနဲ့ သူမျှော်လင့်ထားသလိုပါပဲ...နောက်ဆုံးတစ်နေ့မှာတော့ သူ့နှုတ်ခမ်းဖျားတွေထဲကနေ အရောင်တွေ တဖျပ်ဖျပ်တောက်နေတဲ့ ပန်းနီနီတစ်ပွင့် ပွင့်အာလို့ ထွက်လာခဲ့တော့တယ်။ ဒါပေမယ့် အဲဒီပန်းပွင့်က ခါတိုင်းပွင့်နေကျ ပန်းတွေလို မိုးပေါ်ကိုလွင့်စင်ဝဲပျံမသွားပဲ သူ့ရှေ့တည့်တည့်က ပလက်ဖောင်းပေါ်ကိုသာ " ဝေါ့ "ကနည်း အသံကြီးနဲ့ ကြွေကျလို့သွားခဲ့လေတော့ သူနဲနဲတော့ အံ့သြလို့သွားတာပေါ့။

အံ့သြလို့ မဆုံးသေးခင်မှာပဲ သူ့ရင်ဘတ်ထဲကို ဥယျာဉ်အဆွေးကြီးတစ်ခု " ၀ုန်း " ကနည်းပြုတ်ကျလာပြီး သူ့အဆုတ်တွေကို တစ်စစီဖြစ်သွားအောင် ဆွဲခြေဆုတ်မွှာပြစ်လိုက်တယ်။ အဲဒီတော့ သူလည်း ကိုယ့်ကိုကိုယ်မထိန်းနိုင်တော့ပဲ ပလက်ဖောင်းပေါ်မှာ ပွက်ပွက်ဆူနေတဲ့ ခုနကပန်းပွင့်နီနီကြီးပေါ်ကို မှောက်ယက်လည်းကျသွားတော့တာပေါ့။ ပြီးတော့ ပန်းပွင့်ကြီးကို တစ်ယုတစ်ယဆုပ်ကိုင်ရင်းနဲ့ပဲ သူတစ်ဖြေးဖြေးငြိမ်ကျလို့သွားခဲ့တယ်။

သူ့လက်တွေထဲမှာ စေးထန်းထန်းနဲ့ကပ်နေတဲ့ အဲဒီပန်းပွင့်ကြီးကတော့ အဆုတ်သွေးကျောတွေ ပေါက်ထွက်ပြီး မသေဆုံးခင် သူ နောက်ဆုံးရေးချယ်ခွင့်ရလိုက်တဲ့ သူ့ဘ၀ရဲ့နောက်ဆုံး ပန်းပွင့် ခေါ့် နူတ်ဆက်ပန်းပွင့်ပါပဲ။ ဒါပေမယ့် သူသတိမထားမိခဲ့တာက သူဆေးလိပ်စသောက်တတ်တဲ့ နေ့ကတည်းကစပြီး အဲဒီပန်းပွင့်ကြီး သူ့ရင်ပတ်ထဲမှာ စငုံနေခဲ့တယ် ဆိုတာကိုပါ။

<မင်းတစေ>

16 comments:

Winkabar said...

ဆေးလိပ်သောက်ရတဲ့အကြောင်းအရင်းကဒီလိုကိုး။ အစကပြောထားတဲ့အတိုင်းပဲ အာမေဋိတ်အသံပဲထွက်နိုင်တော့တယ်။ ဒါကြောင့်လည်း တမ်းတမ်းစွဲနေတာပေါ့။ စိတ်ကူးတအားလှတယ်အစ်ကိုရယ်။ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။

သဇင်ဏီ said...

တစ်ကယ်အရမ်းမိုက်တယ်..ဒါပေမယ့် မီးခိုးငွေ့နဲ့ရေးဆွဲတဲ့ ပဉ္စလက်ပန်းချီဆရာ တစ်ယောက်အဖြစ်နဲ့တောင် ဆေးလိပ်ကို အဲဒီလောက်ရူးသွပ်သွားတာတော့ စိတ်မကောင်းစရာပဲနော်...
ခပ်ဆန်းဆန်းစာသားတွေက စာဖတ်ချင်စိတ်ရှိအောင် အပြည့်ဆွဲဆောင်မူရှိတယ်..
နောက်ဆုံးထွက်လာတဲ့ အနီရောင်ပန်းပွင့်ကြီးကတော့ ကြောက်စရာကြီး.. နည်းနည်းလောက်ကြောက်ကြည့်ပါလား...

အိမ်ဝေးသူ said...

ရေးသားချက်တွေ အရမ်းကောင်းတယ်
အားကျတယ်ဗျာ။
အမြဲလာဖတ်ပါတယ်။
ဆေးလိပ်သောက်ခြင်းကို ရေးသားချက်က
တကယ်လှပ ပြီး ဆန်းသစ်ပါတယ်

စိုးထက် - Soe Htet ! said...

တော်တယ်ဗျ အရေးအသားက ... ကျန်းမာရေးတော့ ဂရုစိုက်ပါဗျ ... ကျန်းမာတော့ ကုသိုလ် အလုပ် ပိုလုပ်နိုင်တာပေါ့ ...

မြရွက်ဝေ said...

ဆေးလိပ်နံ့မခံနိုင်လို့ နှာခေါင်းပိတ်ဖတ်တာ အတော်မောသွားပြီ :P

Chaos said...

အော့အော်
နှလုံးသားတွေ ခေးရော့စ်ဖြစ်နေတဲ့
ငါ့အစ်ကို ရဲ့စာသားတွေကို
ခေးရော့စ်လာဖတ်သွားပြီး
အင်းးးးးးးးးးးးးchaotic ကမ္ဘာထဲမှာ ချာချာလည်လို့ပေါ့
ကိုမင်းတစေရဲ့ စာတွေကိုလေ ဘယ်လိုပြောရမှန်းမသိဘူး
တစ်ခုတော့ရှိတယ် အရှည်ကြီးဆိုလဲ ပေါ့သွားလိမ့်မယ်
တကယ်ဖတ်လို့ကောင်းတယ်
အမြဲတမ်းမျှော်နေပါတယ်

Sophie said...

အစ်ကိုရေ . . . .အရမ်းကိုဖတ်လို့ကောင်းတယ် . . .တစ်ဖြည်းဖြည်းနဲ့ဆွဲဆောင်သွားတာ ပြီးတဲ့အထိပါဘဲ . . . သုတကို ရင်တထိတ်ထိတ်နဲ့ ရလိုက်တယ်လို့ ခံစားမိပါတယ် . . .ရတနာ အမြဲတမ်းလာဖတ်နေမှာပါ . . .ရတနာကတော့ မရေးဖြစ်တော့ဖို့ များပါတယ်ရှင် . . .။

Kaung Kin Ko said...

စိတ်ကူးဆန်းလှချည်လားဗျ။ ကြိုက်တယ်။

မေပျို said...

ကိုမင်းတစေရေ ဆေးလိပ်အကြောင်း ရေးထားတာ အရမ်းဖတ်လို့ ကောင်းတာပဲနော်။ ဒါပေမယ့် ဆေးလိပ်သောက်တဲ့သူတွေကတော့ ရောဂါဖြစ်ရင်တောင် ကံဆိုးလို့ လို့ပဲ ယူဆကြတယ်သိလား။ သဲတို့မျက်မြင်ပါပဲ အကိုရယ်။

Anonymous said...

နေပူမိုးရွာမရှောင် ဒီနေရာမှာ တောင့်တောင့်ကြီးရပ်ပြီး ဆေးလိပ်ဆန့်ကျင်ရေး တရားတွေဟောနေတဲ့ပိုစတာမျိုးကဒီခေတ်မှာအပိုဖြစ်သွားပြီလေ။
မင်းတစေလို အနုပညာပါပါနဲ့  ပညာပေးမှန်းမသိအောင် Health Education ကို
ရင်ထဲရောက်အောင်ပေးနိုင်တဲ့ ကျန်းမာရေးပညာရှင်တွေများများရှိလာစေဖို့ ပဲဆုတောင်း
နေပါ့မယ်။

ဆောင်းယွန်းလ said...

သူ့လက်တွေထဲမှာ စေးထန်းထန်းနဲ့ကပ်နေတဲ့ အဲဒီပန်းပွင့်ကြီးကတော့ အဆုတ်သွေးကျောတွေ ပေါက်ထွက်ပြီး မသေဆုံးခင် သူ နောက်ဆုံးရေးချယ်ခွင့်ရလိုက်တဲ့ သူ့ဘ၀ရဲ့နောက်ဆုံး ပန်းပွင့် ခေါ့် နူတ်ဆက်ပန်းပွင့်ပါပဲ။ ဒါပေမယ့် သူသတိမထားမိခဲ့တာက သူဆေးလိပ်စသောက်တတ်တဲ့ နေ့ကတည်းကစပြီး အဲဒီပန်းပွင့်ကြီး သူ့ရင်ပတ်ထဲမှာ စငုံနေခဲ့တယ် ဆိုတာကိုပါ။
အရေးအသားတွေကကောင်းလိုက်တာညီလေးရေ

Pinkgold said...

ဒီစာလေးကို ဖတ်တာ ဒါနဲ့ဆို 3 ခေါက်လောက် ရှိပြီ အကိုရေ ကြိုက်တုန်းပဲ တော်တော် မိုက်တယ်

Anonymous said...

ကောင်းတယ်ဗျာ။ ဖတ်ပြီးတဲ့အဆုံးမှာ အနားက Mild Seven ဗူးထဲက တစ်လိပ်ထုတ်သောက်ပြီး ကိုယ်လဲ ပန်းချီတွေ ဆွဲကြည့်နေမိတယ်။ ဟင်အင်း ... ပန်းပွင့်နီနီကြီးတော့ မဆွဲချင်သေးပါဘူးဗျာ

နှင်းပွင့်ဖြူ said...

တစ်ခေါက်ဖတ်တာ အားမရလို့ နောက်တစ်ခေါက်တောင် ပြန်ဖတ်တယ်.. အစ်ကိုရေးထားတာတွေ တစ်ခုချင်းဆီ အဆုံးရောက်တဲ့ အထိ ဆွဲဆောင်သွားတယ်.. အစ်ကို အရေးအသားတွေ ကြိုက်တယ်. အမြဲအားပေးနေပါတယ်..

Anonymous said...

nice essay. i like it!

Anonymous said...

Very good information. Lucky me I ran across your website by chance (stumbleupon).
I've saved it for later!

Feel free to surf to my website liverpool teeth whitening free trial