Friday, December 7, 2007

အရေခွံငတ်နေသောခန္ဓာ၏အော်သံ ( သို့ ) လူ့အခွင့်အရေး ဘာလည်း၊ ဘယ်လည်း

လူအချင်းချင်း သတ်ဖြတ်မှုတွေ၊ နိုင်ထက်စီးနင်းပြုမှုတွေ၊ မတရားဖိနိပ်ချုပ်ချယ်မှုတွေစတဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို အတင်းတိုးဝှေ့ကျော်ခွပြီး ကမ္ဘာ့လူ့အခွင့်အရေးနေ့ဆိုတဲ့ နေ့တစ်နေ့ကတော့ ၂၀၀၇ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ (၅၇)နှစ်မြောက်မွေးနေ့ပွဲကျင်းပဖို့အတွက် ကမ္ဘာမြေပေါ်ကိုထပ်မံ ရောက်ရှိလို့လာခဲ့ပြန်ပြီပေါ့။

၁၉၄၈ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ သူ့ကိုမွေးဖွားခဲ့ကြတယ် ဆိုပေမယ့် ၁၉၅၀ ဒီဇင်ဘာလ (၁၀)ရက် နေ့မှပဲ သူ့မွေးနေ့ပွဲကို တရားဝင်စတင်ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် မွေးနေ့ပွဲကို (၅၇)နှစ်ကြိမ်မြောက် ကျင်းပခြင်းလို့ ခေါ်ဆိုချင်ခေါ်ဆိုနိုင်ပေမယ့် သူ့အသက်အမှန်ကတော့ (၅၉)နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာမြေရဲ့ တစ်ဖက်ခြမ်းအမှောင်ထုထဲက ဆင်းရဲဒုက္ခမျိုးစုံခံစားနေရတဲ့ လူပေါင်းများစွာရဲ့ အော်ဟစ်ညည်းညူသံတွေကို လစ်လျှူရှုပြီး ဒီမွေးနေ့ပွဲကြီးကို ပျော်ပျော်ရွှင်ရွှင်ကျင်းပနေခဲ့မယ်ဆိုရင် သူတရားမှတရားပါ့မလားဆိုတဲ့ သံသယစိတ်တွေဝင်လာနေမိတော့ မွေးနေ့ရှင်တို့ရဲ့ထုံးစံ လာသမျှလူကို ဟန်မပျက်အောင်လိုက်ပြုံးပြနေတာကလွဲလို့ သူ့ဆီမှာ မွေးနေ့ရှင်တစ်ယောက်ရဲ့ ရင်ခုန်တက်ကြွမှုမျိုးတွေ ရှိမနေနိုင်တော့ပါဘူး။

အထူးသဖြင့် သူ့ အသက်(၅၉)နှစ်ပြည့်သည်အထိ သူ့နာမည်ကို ယောင်လို့တောင်မကြားဘူးသေးတဲ့ မြန်မာဆိုတဲ့ နိုင်ငံငယ်လေးတစ်ခု ကမ္ဘာပေါ်မှာ ရှိနေသေးတယ် ဆိုတဲ့အဖြစ်အပျက်က သူ့ရဲ့မွေးနေ့ပွဲကြီးကို အကြီးအကျယ်အရှက်ရစေခဲ့ပါတယ်။


ဟုတ်ပါတယ်။ ကျွန်တော်တို့မြန်မာပြည်မှာ လူ့အခွင့်အရေးဆိုတဲ့ စကားတစ်ခွန်းပါးစပ်က ထွက်မိတယ်ဆိုရင်ပဲ လူတွေကတစ္ဆေသရဲကိုမြင်မိသလို ပြောနေတဲ့လူအနားက ကြောက်လန့်စွာနဲ့ ထွက်ပြေးသွားကြမှာဖြစ်ပါတယ်။ ဒါကလည်းသူတို့အမှားတော့ မဟုတ်ပါဘူး။ မကြာခင် အဲဒီစကားလုံးပြောမိတဲ့လူရဲ့ အနောက်ကို မိစ္ဆာရဲ့အရိပ်လို ကျိန်စာတွေ တစ်ပုံတစ်ခေါင်းကြီး လိုက်ချလာတော့မှာဆိုတော့ သူတို့ပါရောပြီးပါမသွားအောင် ကြိုတင်ကာကွယ်တဲ့ သဘောပဲဖြစ်ပါတယ်။

အထက်မှာဆိုခဲ့တဲ့အတိုင်းပဲ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို လူသိရှင်ကြားပြောဆိုမိခဲ့တဲ့ လူတိုင်းလိုလို ပြောပြီးမကြာခင်မှာပဲ အကျဉ်းထောင်ဆိုတဲ့ ပစ္စုပ္ပန်ငရဲကြီးထဲကို အရှင်လတ်လတ်သွတ်သွင်းခြင်း ခံခဲ့ရတာတွေများများလာတာနဲ့အမျှ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးဟာလည်း မြန်မာပြည်ရဲ့ အဘိဓါန်မှာ ကြောက်စရာအကောင်းဆုံး စကားလုံးတစ်ခုဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာပြည်ရဲ့ရင်ခွင်မှာ လူ့အခွင့်အရေးဆိုတဲ့ ရင်ခုန်သံတွေ တဖြည်းဖြည်းနဲ့ ဆိတ်သုန်းသွားခဲ့ရပါတယ်။

ဒါပေမယ့် သိခွင့်မရှိတာတွေကိုမှ ပိုသိချင်နေတဲ့ လူသားရဲ့ပြင်းပြထက်သန်တဲ့ စိတ်သဘာဝကို ဘယ်လိုအရာမျိုးကမှ ရေရှည်ဖုန်းကွယ်မထားနိုင်ခဲ့တော့လည်း လူ့အခွင့်အရေးဆိုတာဘာလည်းဆိုတဲ့ ပဲ့တင်သံတွေ မြန်မာပြည်ရဲ့ နံရံတွေကို တဖန်ပြန်လည်ရိုက်ခတ်လို့လာခဲ့ပါတယ်။


အဲဒီ လူ့အခွင့်အရေးဆိုတာကြီးက ကမ္ဘာထိပ်သီးခေါင်းဆောင်ကြီးတွေ မနေနိုင်မထိုင်နိုင် အစည်းအဝေးပွဲတွေ မကြာခဏကျင်းပလို့ရအောင် ခေါင်းစဉ်တပ်လို့ကောင်းတဲ့ အသုံးချခံအရာတစ်ခုလား။

ဒါမှမဟုတ် လက်ရှိအစိုးရကို ကြည့်မရတာနဲ့ လူတွေစုရုံးပြီးဝိုင်းအော်လို့ကောင်းအောင် အတိုက်ခံပါတီတွေက ဆွဆွပေးနေတဲ့ ကျွေးကြော်သံတစ်ခုလား။

ဒါမှမဟုတ် ကျွန်တော်တို့အာရှတိုက်သားတွေနဲ့ အံဝင်မှုလုံးဝမရှိတဲ့ အစမ်းသပ်ခံနိုင်ငံရေးစနစ်သစ်တစ်ခုလား။

အဲဒါတွေကတော့ ကျွန်တော်တို့မြန်မာပြည်က လူသန်းပေါင်း(၆၀)လောက် သို့လောသို့လော ထင်နေကြတဲ့ လူ့အခွင့်အရေးပေါ်မြင်တဲ့ အမြင်တစ်ချို့တစ်ဝက်မျှသာဖြစ်ပါတယ်။

တစ်ချို့ကဆို လူ့အခွင့်အရေးဆိုတာကို နိုင်ငံတွင်းမတည်ငြိမ်မှုတွေဖြစ်ပွါးအောင် အနောက်နိုင်ငံက သွတ်သွင်းလာတဲ့ ကျိန်စာတစ်ပုဒ်လို့တောင်မြင်နေကြတဲ့ အထိဖြစ်နေပါတယ်။

မြန်မာပြည်ကလူအတော်များများ လူ့အခွင့်အရေးအပေါ် အဲဒီလိုအမြင်တွေစောင်းနေအောင် ချော့၍တစ်မျိုး၊ ခြောက်၍တစ်ဖုံ၊ အခြေအမြစ်မရှိတဲ့ ၀ါဒဖြန့်နည်းပေါင်းမျိုးစုံ အသုံးပြုပြီး သပ်ရိုက်သွင်းခဲ့ကြတဲ့ လူတစ်စုကတော့ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေဆိုသည့်အတိုင်း လူ့အခွင့်အရေးပေါ်ကို လူတွေ အဲဒီလို အမြင်စောင်းလေ သူတို့အကြိုက်တွေ့လေ ဖြစ်နေခဲ့ပါတယ်။

ဒါဆို လူ့အခွင့်အရေးဆိုတာ တန်ခိုးရှင်တစ်ယောက်ကဖန်ဆင်းပြီး ကြီးကျယ်မြင့်မြတ်တဲ့ လူတွေသာခံစားစေလို့ မိုးပေါ်ကနေရွေးချယ်ပြစ်ချပေးလိုက်တဲ့ လူတိုင်းနဲ့မဆိုင်တဲ့ မိုးကျရွှေကိုယ်ခံစားခွင့်တစ်ခုသက်သက်ပဲပေါ့။

မဟုတ်ပါဘူး။ အဲဒီအပေါ်မှာ ပြောခဲ့တဲ့ အချက်အလက်တွေအားလုံး သွေးထွက်အောင်မှားယွင်းနေတယ်ဆိုတာ ကျွန်တော်ဒီနေရာကနေပြီး အကြောက်အကန်ငြင်းဆိုပါတယ်။

လူ့အခွင့်အရေးဆိုတာ လွယ်လွယ်နားမလည်နိုင်လောက်အောင် ရှပ်ထွေးပွေလီနေတဲ့ သပွတ်အူဝါဒတစ်ခု လုံးဝမဟုတ်သလို ကြောက်စရာကောင်းလှတဲ့ နိုင်ငံရေးကျိန်စာတစ်ပုဒ်လည်းမဟုတ်ပါဘူး။

အမှန်တကယ်ကတော့ လူ့အခွင့်အရေးဆိုတာ ကမ္ဘာပေါ်မှာ ကိုယ့်ကိုကိုယ်လူလို့ သိထားကြတဲ့ လူသားတိုင်း မမွေးဖွားခင်ကပဲ ပိုင်ဆိုင်ပြီးသားဖြစ်တဲ့ အလွန်ရိုးရှင်းသော မွေးရာပါလက်ဆောင်မွန် တစ်ခုဆိုတာကလွဲလို့ အခြားဘာအသွင်သဏ္ဌန်တစ်ခုမှ မဟုတ်ခဲ့ပါဘူး။

မွေးရာပါလက်ဆောင်မွန်ဆိုတာက ကျွန်တော်တို့ မွေးကတည်းက ကပ်ပြီးပါလာတဲ့ အရေပြားတစ်စုံလိုပဲ လူတိုင်းရဲ့ မွေးရာပါခံစားခွင့်တစ်ခုလို့ ဆိုလိုလိုက်ခြင်းပဲဖြစ်ပါတယ်။

ဒါပေမယ့် ၀မ်းနည်းစရာက အဲဒီလူသားတိုင်း ပိုင်ဆိုင်ခွင့်ရှိတဲ့ မွေးရာပါအရေခွံကို လုံး၀၀တ်ဆင်ခွင့်မရှိပဲ မွေးဖွားကြီးပြင်းလာရတဲ့ သနားစရာလူတွေ ဟောဒီကမ္ဘာမြေပေါ်မှာ ဒုနဲ့ဒေး ရှိနေသေးတယ်ဆိုတာကိုပါ။ အဲဒီသနားစရာ လူတွေထဲမှာ ခင်ဗျားတို့ ကျွန်တော်တို့အပါအ၀င် မြန်မာပြည်သား သန်းပေါင်း(၆၀)လောက်က ရှေ့ဆုံးကပါဝင်နေခဲ့တယ်ဆိုတဲ့ အချက်ကတော့ အဲဒီဝမ်းနည်းစရာကို ခြောက်ခြားစရာတစ်ခုအဖြစ် အသွင်ပြောင်းလဲပြစ်ခဲ့ပါတယ်။


လူသားတစ်ယောက်ဖြစ်ရက်နဲ့ ကိုယ်ပိုင်အရေခွံလေးတောင် ၀တ်ဆင်ခွင့်မရှိတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ဘ၀ဟာ သွေးရဲရဲ သံရဲရဲနဲ့ ခြောက်ခြားစွာ အကျည်းတန်လွန်းလှပါတယ်။

အဲဒါကလည်း အပေါ်မှာပြောခဲ့သလို ကျွန်တော်တို့က အရေပြားမဲ့စွာနဲ့ မွေးဖွားလာခဲ့ခြင်းမျိုးမဟုတ်ပဲ မွေးဖွားခဲ့ပြီးမှ အဲဒီအရေပြားကို ရက်ရက်စက်စက် ချွတ်ယူခြင်းခံလိုက်ရတာမျိုးဖြစ်ပါတယ်။

ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ချပ်ချပ်ရပ်ရပ်လှပနေရမယ့် အရေပြားတစ်ခုကို ကိုယ်ပိုင်ဝတ်ဆင်ခွင့်မရတဲ့ လူတွေလောက် လူဖြစ်ရှုံး အော့နှလုံးနာစရာ ကောင်းတဲ့လူရယ်လို့ ဒီကမ္ဘာပေါ်မှာ ရှိမနေနိုင်တော့ပါဘူး။ ခန္ဓာကိုယ်ပေါ်မှာ အရေပြားမရှိတဲ့ ကိစ္စဟာ လူသားတစ်ယောက်အနေနဲ့ အခြားအခြားသော ရှက်စရာကောင်းတာတွေနဲ့ဘယ်လိုမှ နိုင်းယှဉ်လို့မရအောင်ပင် အလွန်ရှက်စရာကောင်းလှတဲ့ ကိစ္စတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။

အဲဒီတော့လည်း ကိုယ့်အရေပြားကိုယ်ပြန်လိုချင်တဲ့ လူတွေက "ငါဟာပြန်ပေး ငါဟာပြန်ပေး" ဆိုပြီး မုန့်လုစားခံရတဲ့ ကလေးငယ်တွေလို ငိုယိုပြီးပြန်လည်တောင်းယူမိခဲ့ကြတာပေါ့။

ဒါပေမယ့်ကိုယ့်အရေပြားကိုယ် ပြန်လည်ပိုင်ဆိုင်ဖို့ တရားဝင်တောင်းဆိုမှုတွေကို လူ့အခွင့်အရေးချိုးဖောက်တဲ့ လက်နက်ကိုင်လူတစ်စုက နိုင်ငံတော်ကိုပုန်ကန်နေပါပြီဆိုပြီး အကြမ်းဖက်နှိပ်နင်းခဲ့လေတော့ လူတွေရဲ့ငိုသံဟာ ခြောက်ခြောက်ကပ်ကပ်နဲ့ ပြန်လည်တိတ်ဆိတ်ခဲ့ရတယ်။

အဲဒီအခါမှာ အဲဒီလိုတောင်းဆိုမိခဲ့တဲ့ လူတွေကိုယ်တိုင်ကတောင် ငါတို့ခန္ဓာပေါ်မှာ အရေပြားတစ်ခုရှိသင့်တယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားလို့ ကိုယ့်ကိုကိုယ်တောင် သံသယပြန်ဝင်လာကြတော့တာပါပဲ။ အဲဒီကမှတစ်ဆင့် လူတွေဟာ အရေခွံမရှိတဲ့ ဘ၀ကိုတစ်ဖြည်းဖြည်းနဲ့ နေသားကျလာခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီလို နေသားကျနေတယ်ဆိုတာကလည်း သက်တောင့်သက်သာ နေသားကျခြင်းမျိုးမဟုတ်ပဲ ပေဖြစ်တော့လည်းခံရတော့မှာပေါ့ဆိုတဲ့ ပေတုံးတစ်တုံးရဲ့ အထုအနှက်ခံဘ၀ကို ကျင့်သားရနေသလို နေသားကျမှုမျိုးပဲဖြစ်နေခဲ့ပါတယ်။

ဒါဆို ဘာဖြစ်လို့များ ကျွန်တော်တို့အားလုံးရဲ့ အရေခွံတွေကို အဲဒီလူတစ်စုက အညိုးရမ္မက်ကြီးစွာနဲ့ လိုက်လံခွါယူနေကြတာလည်းလို့ အဖြေရှာကြည့်လိုက်တော့ လယ်ပြင်မှာ လင်းတတွေ အပြုံလိုက်နားနေသလို ထင်ရှားတဲ့ အဖြေတစ်ခုထွက်ပေါ်လို့လာခဲ့ပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ သူတို့ရဲ့အကျည်းတန်တဲ့ အနာဂါတ်တွေမှာ ပိုမိုလှပစွာဝတ်ဆင်နိုင်ဖို့ လောဘ၀တ်စုံအကြီးကြီးတစ်ခု ကြိုတင်ချုပ်လုပ်ရန်အတွက်ပဲ ဖြစ်ပါတယ်။

လူတွေအားလုံးပိုင်ဆိုတဲ့ လူ့အခွင့်အရေးတွေအားလုံးကို လူတစ်စုစာပစ္စည်းတွေအဖြစ် အတင်းအဓမ္မ သိမ်းကျုံးယူငင်ပြီး သူတို့ရဲ့ကိုယ်ပိုင်အတ္တတွေကို အရောင်တွေ တောက်သထက်တောက်အောင် လောဘဆေးတွေ ဆိုးနေကြခြင်းပဲဖြစ်ပါတယ်။

ဒါပေမယ့် သူတို့တွေ သေချာမတွေးမိတာက ကိုယ့်ကိုယ်ပိုင်အရေပြားနဲ့ချပ်ချပ်ရပ်ရပ်လှပပြီးသား လူတစ်ယောက်ဟာ သွေးသံတွေရဲနေတဲ့ အခြားသူတွေရဲ့အရေခွံတွေကို ထပ်မံဝတ်ဆင်လိုက်ခြင်းအားဖြင့် ပိုမလှလာတဲ့အပြင် နဂိုရှိရင်းစွဲ အရေခွံရဲ့အလှကိုတောင် ပျက်ပြားသွားစေနိုင်တယ်ဆိုတာကိုပါ။

လူတစ်စုရဲ့ အနာဂါတ်ခန္ဓာကိုယ်တွေပိုမိုလှပအောင်မွမ်းမံဖို့ လူသန်းပေါင်းများစွာရဲ့ အရေခွံတွေကိုလိုက်လံခွါယူနေတဲ့ ကိစ္စဟာ နှစ်ဦးနှစ်ဖက်ဘယ်လိုမှ အကျိုးဖြစ်ထွန်းမှုမရှိနိုင်တဲ့ စိတ်ဖောက်ပြန်နေတဲ့ဝါဒတစ်ခု သက်သက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အာဏာဂုဏ်မောက်နေတဲ့လူတွေဟာ အမှန်တရားကိုအချိန်မှီပြုပြင်ဖို့ တိုက်တွန်းပြောဆိုချက်တွေကို မသိသလိုလစ်လျှရှုကာ ပေါက်တဲ့နဖူးမထူးတော့ဘူးကွာဆိုပြီး ရှက်ရမ်းတွေဆက်ရမ်းခဲ့ကြပါတယ်။

ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့နွားငါကျောင်း ကျောက်ပန်းတောင်းရောက်ရောက်ဇာတ်ခင်းနေကြတဲ့ အဲဒီလူစုဟာ လှေတွေ၊ နွားတွေအားလုံးကို သူတို့ဘိုးဘွားပိုင်ပစ္စည်းတွေအဖြစ် မတရားသတ်မှတ်ခဲ့ကြပါတယ်။

အဲဒါတွေကြောင့်လည်း ယ္ခုလက်ရှိမြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်သူ လက်နက်ကိုင်လူတန်းစား (အရေခွံခွါယူနေသူများ) နဲ့ လူ့အခွင့်အရေးအချိုးဖောက်ခံကျောမွဲပြည်သူများ (အရေခွံအစိမ်းလတ်လတ်ချွတ်ခံရသူများ) ဆိုပြီးဆန့်ကျင်ဘက်လူတန်းစားနှစ်ရပ် သိသိသာသာကွဲပြားလာခဲ့ပါတယ်။

့ အလွန်အမင်းကြွယ်ဝချမ်းသာမှုနှင့် အဆုံးစွန်ဆင်းရဲမွဲတေမှုတို့ အပြိုင်အဆိုင် ကျောခြင်းယှဉ်ရပ်နေခြင်း လို့ပြောရင်လည်း မမှားပါဘူး။

အဲဒီလို လူတန်းစားကွာဟမှုမျဉ်းကြောင်းကြီး အကျဲဆုံးဖြစ်နေတဲ့ အနေအထားက နိုင်ငံကြီးလုံးဝဥသုန်ပျက်စီးနေတာကို ထင်ရှားစွာ မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။

ပထ၀ီမြေပုံပေါ်မှာကြည့်မယ်ဆိုရင်တော့ သွေးသံရဲရဲနဲ့ အရေခွံမဲ့နေတဲ့ မြန်မာပြည်မြေပုံကြီးကို ပုပ်ရှကွဲအက်နေတဲ့ အနာအိုင်းကြီးတစ်ခုအနေနဲ့ သွေးပျက်ခြောက်ခြားစွာတွေ့မြင်နိုင်ပါတယ်။

သမိုင်းရှုထောင့်ကကြည့်မယ်ဆိုရင်လည်း အရုပ်ဆိုးအကျည်းတန်တဲ့ အဲဒီလူ့အခွင့်အရေးချိုးဖောက်မှုကြီးကို မြန်မာ့သမိုင်းရဲ့ အဆိုးရွားဆုံးဆုတ်ကပ်ကြီးတစ်ခုအနေနဲ့ တွေ့မြင်နိုင်ပါတယ်။ အရင့်အရင် သမိုင်းတွေမှာ ဖတ်ရှုခဲ့ရတဲ့ ပလိပ်ကပ်လိုဆုပ်ကပ်ကြီးတွေကတောင် လက်မြောက်အရှုံးပေးရလောက်အောင် ယ္ခုလက်ရှိခံစားနေရတဲ့ ဆုတ်ကပ်ကြီးက ဆိုးရွားပြင်းထန်လွန်းနေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေဖန်တီးထားတဲ့ အဲဒီဆုတ်ကပ်ဆိုးကြီးက သဘာဝကဖြစ်လာခဲ့တဲ့ ဆုတ်ကပ်တွေထက် အဆပေါင်းများစွာ လူတွေကို အထိနာစေခဲ့လို့ပဲဖြစ်ပါတယ်။ ပလိပ်ကပ်ကြီးကျရောက်စဉ်အချိန်အခါက လူတွေဟာ မြို့ရွာအိုးအိမ်တွေကို စွန့်ခွါထွက်ပြေးပြီး ရောဂါကြီးအကင်းသေတဲ့အထိ နိုင်ငံအတွင်း အခြားဘေးလွတ်ရာနေရာတွေမှာ ပုန်းရှောင်ခွင့်ရခဲ့ကြပေမယ့် အာဏာရူးတွေကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ အဲဒီဆုတ်ကပ်ကြီးကတော့ နိုင်ငံတစ်ခုလုံး လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန်အောင် ကူးစက်ပျံ့နှံ့နေတဲ့အတွက် သနားစရာလူတွေဟာ ပြေးစရာမြေမရှိတဲ့အပြင် ကုရာနတ္ထိဆေးမရှိလည်း ဖြစ်နေခဲ့ပါတယ်။

ကျွန်တော်တို့မြန်မာပြည်ရဲ့ အနာဂါတ်ကလေးငယ်တွေဟာ ဇာတ်တူသားစားတဲ့ ဟင်္သာကိုးသောင်းထက် အဆပေါင်းများစွာ အော့နှလုံးနာစရာကောင်းလှတဲ့ ဇာတ်တူသားစားတဲ့ လူတွေအကြောင်းကို သမိုင်းဖတ်စာတွေအဖြစ် နောင်တချိန်မှာ ရင်နာနာနဲ့ သင်ယူရကြတော့မှာ ဖြစ်ပါတယ်။

ဘယ်လိုရှုထောင့်တွေကပဲကြည့်ကြည့် ကျွန်တော်ကတော့ အဲဒီလူမဆန်တဲ့ အခွင့်အရေးချိုးဖောက်မှုကြီးကို သားသတ်ရုံက သွေးပေါင်းစုံစွန်းထင်းနေတဲ့ သားသတ်ဓားတစ်လက်ထက်ပိုပြီး မမြင်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သွေးညှီနံ့တစ်ခု မပျောက်ခင် နောက်ထပ်သွေးတွေထပ်ထပ်စွန်းနေတဲ့ အဲဒီသားလှီးဓားကြီးရဲ့အောက်မှာ မြန်မာပြည်ရဲ့လူ့အခွင့်အရေး အရေခွံကြီး သွေးဟုန်းဟုန်းတောက်အောင် ခွါယူခြင်းခံခဲ့ရလို့ပဲဖြစ်ပါတယ်။

နိုင်ငံသားတိုင်းတူညီတဲ့ ဂုဏ်သိက္ခာပိုင်ဆိုင်ရေး၊ နိုင်ငံသားတိုင်း တူညီတဲ့ အခွင့်အရေးရရှိရေး၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ ယုံကြည်ပြောဆိုခွင့်ရှိရေး အစရှိတဲ့ အခြေခံ အရေပြားကြီး ကာကွယ်ဝတ်ဆင်ခွင့် မရရှိတဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် ပညာရေးနိမ့်ကျမှု၊ စီးပွါးရေးချွတ်ခြုံကျမှု၊ နိုင်ငံရေးမတည်ငြိမ်မှု အစရှိတဲ့ ကူးစက်ရောဂါပေါင်းမြောက်များစွာကို ခြောက်ခြောက်ခြားခြားရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

တကယ်လို့ အုပ်ချုပ်သူ အာဏာပိုင်တွေအနေနဲ့ ၎င်းတို့နေထိုင်ကြီးပြင်းခဲ့ရတဲ့ နိုင်ငံတော်ကြီး ရောဂါဘယကင်းစင်ပြီး ကျန်းကျန်းမာမာရှိနေတာကို တကယ်ပဲမြင်ချင်တဲ့ စိတ်စေတနာအမှန် ရှိနေသေးတယ်ဆိုရင်တော့ အဲဒီလူ့အခွင့်အရေးဆိုတဲ့ မွေးရာပါအရေခွံကြီးကို ပြန်လည်လွမ်းခြုံပေးဖို့ အချိန်တွေသိပ်မနှောင်းသေးပါဘူး။

ဒါနဲ့တောင် အမှန်ကိုမမြင်နိုင်သေးပဲ ဆက်လက်မိုက်တွင်းနက်နေဦးမယ်ဆိုရင်တော့ အဲဒီအကာအကွယ်မဲ့နေတဲ့ သွေးရဲရဲသံရဲရဲ ခန္ဓာကိုယ်ကြီးကို တစ်စစီဝါးမြိုစားသောက်တော့မယ့် အမျိုးအမည်ဖော်ပြခြင်းငှာ မစွမ်းသာတဲ့ အခြားသောအခြားသောကူးစက်ရောဂါတွေ အမှောင်ထုတွေထဲကနေ ညာသံပေးချီတက်လာနေပြီ ဖြစ်တဲ့အကြောင်း အရေခွံငတ်နေတဲ့ လူသားတွေကိုယ်စား ကျွန်တော့်အာခေါင်တွေခြစ်ထုတ်ပြီး ရင်ကွဲနာကျစွာ ဟစ်အော်လိုက်ပါတယ်။

<မင်းတစေ>


(မှတ်ချက်။ကျွန်တော်တို့ မ၀တ်ဖူးခဲ့တဲ့ အရေခွံကြီးကို မြင်ဖူးချင်တယ်ဆိုရင်တော့ အောက်မှာခင်းကျင်းပြသထားပါတယ်။ မြင်ဖူးပြီးသား လူတွေလည်းစိတ်ကူးနဲ့ ထပ်မံဝတ်ဆင်ကြည့်နိုင်ပါတယ်။)


အပိုဒ် ၁

လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီ လွတ် လပ် သော အခွင့် အရေး များဖြင့် လည်းကောင်း၊ မွေးဖွား လာသူများ ဖြစ်သည်။ ထိုသူ တို့၌ ပိုင်းခြား ဝေဖန် တတ်သော ဥာဏ်နှင့် ကျင့်ဝတ် သိတတ် သော စိတ်တို့ ရှိကြ၍ ထိုသူ တို့သည် အချင်းချင်း မေတ္တာ ထား၍ ဆက်ဆံ ကျင့်သုံး သင့်၏။

အပိုဒ် ၂

လူတိုင်းသည် လူ့အခွင့် အရေး ကြေညာ စာတမ်းတွင် ဖော်ပြ ထားသည့် အခွင့် အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံး တို့ကို ပိုင်ဆိုင် ခံစားခွင့် ရှိသည်။ လူမျိုးနွယ် အားဖြင့် ဖြစ်စေ၊ အသား အရောင် အားဖြင့် ဖြစ်စေ၊ ကျား ၊ မ ၊ သဘာဝ အားဖြင့် ဖြစ်စေ၊ ဘာသာ စကာား အားဖြင့် ဖြစ်စေ၊ ကိုးကွယ် သည့် ဘာသာ အားဖြင့် ဖြစ်စေ၊ နိုင်ငံရေး ယူဆချက်၊ သို့တည်း မဟုတ် အခြား ယူဆချက် အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်း မဟုတ် လူမှု အဆင့် အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့် ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုး ဇာတိ အားဖြင့် ဖြစ်စေ၊ အခြား အဆင့် အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်း
မရှိစေရ။
ထို့ပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေ ဒေသ ၏ နိုင်ငံရေး ဆိုင်ရာ ဖြစ်စေ စီရင် ပိုင်ခွင့် ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင် ရာဖြစ်စေ၊ အဆင့် အတန်း တစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသ နယ် မြေ တစ်ခုသည် အချုပ် အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ၊ သို့တည်း မဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက် ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာတို့ တစိတ် တဒေသ လောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့ သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည် ဟူသော အကြောင်းကို အထောက်အထား ပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရ။

အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှု ခွင့်နှင့် လုံခြုံ စိတ်ချခွင့် ရှိသည်။

အပိုဒ် ၎
မည်သူကိုမျှ ကျေးကျွန် အဖြစ်၊ သို့တည်း မဟုတ် အစေအပါး အဖြစ်၊ နိုင်ထက် စီးနင်း စေခိုင်းခြင်း မပြုရ၊ လူကို ကျေးကျွန် သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအ၀ယ် ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်း ဟူသမျှကို ပိတ်ပင် တားမြစ် ရမည်။

အပိုဒ် ၅
မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်း မဟုတ် ရက်စက် ကြမ်းကြုတ်စွာ လူ မဆန် စွာ ဂုဏ်ငယ် စေသော ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်း မပြုရ။

အပိုဒ် ၆
လူတိုင်းတွင် ဥပဒေ အရာ၌ လူပုဂ္ဂိုလ် တစ်ဦး အဖြစ်ဖြင့် အရာ ခပ်သိမ်းတွင် အသိ အမှတ် ပြုခြင်းကို ခံယူ ပိုင်ခွင့် ရှိသည်။

အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေ အရာ၌ တူညီ ကြသည့် အပြင်၊ ဥပဒေ၏ အကာအကွယ် ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။ ဤကြေညာ စာတမ်းပါ သဘော တရား များကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ ခွဲခြားခြင်းကို
လှုံဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ် စေရန် အကာ အကွယ်ကို တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။

အပိုဒ် ၈
ဖွဲ့စည်းပုံအခြေခံဥပဒေက သော်လည်းကောင်း အခြား ဥပဒေက သော်လည်းကောင်း လူတိုင်း အတွက် ပေးထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက် ဖျက်ဆီး ခြင်းခံ ခဲ့ရလျှင် ထိုသို့ ချိုးဖောက် ဖျက်ဆီးသော ပြုလုပ် မှုကြောင့် ဖြစ်ပေါ် လာသော
နစ်နာချက် အတွက် ထိုသူသည် နိုင်ငံ ဆိုင်ရာ အာဏာပိုင် တရားရုံးတွင် ထိရောက် စွာ သက်သာ ခွင့် ရနိုင် စေရမည်။

အပိုဒ် ၉
မည်သူမျှ ဥပဒေ အရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင် ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကို ဖြစ်စေ မခံစေရ။

အပိုဒ် ၁၀
အခွင့်အရေးများနှင့် တာဝန် ၀တ္တရား များကို အဆုံးအဖြတ် ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့် တရား စွဲဆို စီရင် ဆုံးဖြတ် ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက် သော တရား ရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာ စစ်ဆေး ခြင်းကို တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။

အပိုဒ် ၁၁
(၁) လူအများ ရှေ့မှောက်၌ ဥပဒေ အတိုင်း စစ်ဆေး၍ ပြစ်မှု ကျူးလွန် သည်ဟု ထင်ရှား စီရင်ခြင်း ခံရသည့် အချိန် အထိ ပြစ်မှုနှင့် တရား စွဲဆိုခြင်း ခံရသူ တိုင်းသည် အပြစ်မဲ့သူ ဟူ၍ ယူဆခြင်း ခံထိုက်သည့် အခွင့်အရေး ရှိသည်။ ထိုအမှုကို ကြားနာ စစ်ဆေး ရာဝယ် စွပ်စွဲ ခံရသည့် ပြစ်မှု အတွက် ခုခံ ချေပ နိုင်ရန် လိုအပ်သော အခွင့် အရေး များကို ထိုသူအား ပေးပြီး ဖြစ်စေ ရမည်။
(၂) လူတစ်ဦး တစ်ယောက်အား နိုင်ငံ ဥပဒေ အရ ဖြစ်စေ၊ အပြည်ပြည် ဆိုင်ရာ ဥပဒေ အရ ဖြစ်စေ၊ ပြစ်မှုမမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှု အရ ဆွဲဆို ပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှု ကျူးလွန်စဉ် အခါက ထိုက်သင့် စေနိုင်သော
အပြစ် ဒဏ်ထက် ပိုမို ကြီးလေးသော အပြစ် ဒဏ်ကို ထိုက်သင့်ခြင်း မရှိစေရ။

အပိုဒ် ၁၂
မည်သူမျှ မိမိ သဘော အတိုင်း အေးချမ်း လွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်း ကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက် အ၀န်းကို သော်လည်းကောင်း၊ စာပေး စာယူကို သော်လည်းကောင်း၊ ဥပဒေအရ မဟုတ်သော ၀င်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ ဂုဏ်သိက္ခာ ကိုလည်း အထက်ပါ အတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ၀င်ရောက် စွက်ဖက် ခြင်းမှ သော် လည်းကောင်း ပုတ်ခတ် ခြင်းမှ သော်လည်းကောင်း ဥပဒေ အရ ကာကွယ် ပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၃
(၁) လူတိုင်းတွင် မိမိ၏ နိုင်ငံ နယ်နိမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် မိမိ နေထိုင်ရာ တိုင်းပြည်မှ လည်းကောင်း၊ အခြား တိုင်းပြည်မှ လည်းကောင်း ထွက်ခွာ သွားပိုင်ခွင့် ရှိသည့် အပြင်၊ မိမိ၏ တိုင်းပြည်သို့ ပြန်လာ ပိုင်ခွင့်လည်း ရှိသည်။

အပိုဒ် ၁၄
(၁) လူတိုင်းသည် ညှဉ်းပန်း နှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြား တိုင်းပြည် များ၌ အေးချမ်းစွာ ခိုလှုံ နေနိုင်ခွင့် ရှိသည်။
(၂) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှု များမှ သော်လည်းကောင်း၊ ကုလ သမဂ္ဂ၏ ရည်ရွက်ချက်နှင့် သဘော တရား မှုများကို ဖီဆန်သော အမှုများမှ သော်လည်း ကောင်း၊ အမှန် ပေါ်ပေါက် လာသော ပြစ်မှုကြောင့် တရား စွဲဆိုခြင်း ခံရသည့် အမှု အခင်း များတွင် အထက်ပါ အခွင့်အရေးကို အသုံး မပြုနိုင် စေရ။

အပိုဒ် ၁၅
(၁) လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသား အဖြစ် ခံယူခွင့် ရှိသည်။
(၂) ဥပဒေ အရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ခြင်း မခံ စေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲ နိုင်သော အခွင့်အရေး ကိုလည်း ငြင်းပယ်ခြင်း မခံစေရ။

အပိုဒ် ၁၆
(၁) အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမ တို့တွင် လူမျိုးကို သော်လည်း ကောင်း၊ နိုင်ငံသား အဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော် လည်းကောင်း၊ အကြောင်း ပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြား နိုင်ခွင့် နှင့် မိသားစု ထူထောင် နိုင်ခွင့် ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယား အဖြစ် ပေါင်းသင်း နေစဉ် အချိန် အတွင်း၌ သော်လည်း ကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်း ကြသည့် အခါ၌ လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင် ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေး များကို ရရှိ ထိုက်သည်။
(၂) သတို့သား နှင့် သတို့သမီး နှစ်ဦး နှစ်ဘက်၏ လွတ်လပ်သော သဘော ဆန္ဒရှိမှ သာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။
(၃) မိသားစု တစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝ ကျသော အခြေခံ အဖွဲ့တစ်ရပ် ဖြစ်သည်၊ ထိုမိသားစုသည် လူ့ အဖွဲ့အစည်းနှင့် အစိုးရ တို့၏ ကာကွယ် စောင့်ရှောက် ခြင်းကို ခံယူခွင့် ရှိသည်။

အပိုဒ် ၁၇
လူတိုင်းတွင် မိမိတစ်ဦး ချင်းသော်လည်း ကောင်း ၊ အခြားသူ များနှင့် ဖက်စပ်၍ သော်လည်း ကောင်း၊ ပစ္စည်း ဥစ္စာ တို့ကို ပိုင်ဆိုင်ရန် အခွင့်အရေး ရှိရမည်။ ဥပဒေ အရ မဟုတ်လျှင်၊ မည်သူမျှ မိမိ၏ ပစ္စည်း ဥစ္စာ ပိုင်ဆိုင် ခွင့်ကို စွန့်လွှတ်ခြင်း မခံ စေရ။

အပိုဒ် ၁၈
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ကြံဆ နိုင်ခွင့်၊ လွတ်လပ်စွာ ခံယူ ရပ်တည် နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ် နိုင်ခွင့် ရှိသည်။ အဆိုပါ အခွင့်အရေး များ၌ မိမိ ကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည် ချက်ကို
လွတ်လပ်စွာ ပြောင်းလဲ နိုင်ခွင့် ပါဝင်သည့် အပြင် မိမိ တစ်ယောက် ချင်းဖြစ်စေ၊ အခြား သူများနှင့် စုပေါင်း၍ ဖြစ်စေ၊ ပြည်သူ အများ ရှေ့မှောက်တွင် သော်လည်း ကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲ သော်လည်းကောင်း၊ မိမိ ကိုးကွယ်သော
ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည် ချက်ကို လွတ်လပ်စွာ သင်ပြ နိုင် ခွင့်၊ ကျင့်သုံး နိုင်ခွင့်၊ ၀တ်ပြု ကိုးကွယ် နိုင်ခွင့်နှင့် ဆောက်တည် နိုင်ခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၁၉
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆ နိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြ နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေး များ၌ အနှောင့် အယှက် မရှိဘဲ လွတ်လပ်စွာ ထင်မြင် ယူဆ နိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံ နယ်နိမိတ် များကို ထောက်ထားရန် မလိုဘဲ သတင်း အကြောင်း အရာနှင့် သဘော တရား များကို တနည်း နည်းဖြင့် လွတ်လပ်စွာ ရှာယူ ဆည်းပူး နိုင်ခွင့်၊ လက်ခံ နိုင်ခွင့်နှင့် ဝေငှ ဖြန့်ချီခွင့် တို့လည်း ပါဝင်သည်။

အပိုဒ် ၂၀
(၁) လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေး နိုင်ခွင့် နှင့် ဖွဲ့စည်း နိုင်ခွင့် တို့ ရှိသည်။
(၂) မည်သူ ကိုမျှ အဖွဲ့အစည်း တစ်ခုသို့ ၀င်စေရန် အတင်းအကျပ် မပြုရ။
အပိုဒ် ၂၁
(၁) လူတိုင်းတွင် မိမိ နိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင် ဖြစ်စေ၊ လွတ်လပ်စွာ ရွေး ချယ် လိုက်သည့် ကိုယ်စားလှယ် များမှ တစ်ဆင့် ဖြစ်စေ ပါဝင် ဆောင်ရွက် နိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏ နိုင်ငံရှိ ပြည်သူ့ ၀န်ထမ်း အဖွဲ့၌ ၀င်ရောက် နိုင်ရန် တူညီသည့် အခွင့် အရေး ရှိသည်။
(၃) ပြည်သူ ပြည်သား တို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံ ဖြစ်ရမည်၊ အဆိုပါ ဆန္ဒကို အချိန် ကာလ ပိုင်းခြားလျက် စစ်မှန်သော ရွေးကောက်ပွဲ များဖြင့် ထင်ရှား စေရမည်။ ရွေးကောက် ပွဲများ တွင်လည်း လူတိုင်း အညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမည့် အပြင် ၊ ထိုရွေးကောက်ပွဲ များကို လျှို့ဝှက် မဲပေး စနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေး စနစ် ဖြင့်ဖြစ်စေ၊ ကျင်းပ ရမည်။

အပိုဒ် ၂၂
လူတိုင်းတွင် လူ့အဖွဲ့ အစည်း၏ အဖွဲ့ဝင် တစ်ဦး အနေနှင့် လူမှုရေး လုံခြုံခွင့် ရယူ ပိုင့်ခွင့် ရှိသည့် အပြင် နိုင်ငံရေး ကြိုးပမ်းမှုဖြင့် ဖြစ်စေ၊ နိုင်ငံ တကာ ပူပေါင်း ဆောင် ရွက်မှု ဖြင့်ဖြစ်စေ၊ နိုင်ငံ အသီးသီး၏ ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတ အင်အားနှင့် လည်းကောင်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက် လက္ခဏာ လွတ်လပ်စွာ တိုးတက် မြင့်မားရေး အတွက် မရှိမဖြစ် လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး များကို သုံးစွဲ ပိုင်ခွင့် ရှိသည်။

အပိုဒ် ၂၃
(၁) လူတိုင်းတွင် အလုပ် လုပ်ရန် လည်းကောင်း၊ မိမိ နှစ်သက်ရာ အသက်မွေးမှု အလုပ် အကိုင်ကို လွတ်လပ်စွာ ရွေးချယ်ရန် လည်းကောင်း၊ တရား မျှတ၍ လုပ်ပျော် သော အလုပ်ခွင်၏ အခြေ အနေကို ရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာ အကွယ် ရရှိရန် လည်းကောင်း အခွင့်အရေး ရှိသည်။
(၂) လူတိုင်းတွင် ခွဲခြားခြင်း မခံရ စေဘဲ၊ တူညီသော အလုပ် အတွက် တူညီသော အခ ကြေးငွေ ရနိုင်ခွင့် ရှိသည်။
(၃) အလုပ် လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏ မိသားစု အတွက် လူ့ဂုဏ် သိက္ခာ နှင့် ညီအောင် နေထိုင် စားသောက် နိုင်ရန်၊ စိတ်ချ လောက်င သည့်ပြင်၊ တရား မျှတ၍ လုပ်ပျော်သည့် လစာ ကြေးငွေ ရပိုင်ခွင့် ရှိသည်။ လိုအပ် ခဲ့လျှင် အခြား နည်းလမ်း များမှ လူမှုရေး အထောက်အပံ့ ကိုလည်း ထပ်မံ၍ ရနိုင်ခွင့် ရှိသည်။
(၄) လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံး များ ဖွဲ့စည်းခွင့် ၊ ပါဝင် ဆောင်ရွက်ခွင့်ရှိသည်။

အပိုဒ် ၂၄
လူတိုင်းတွင် သင့်မြတ် လျော်ကန်စွာ ကန့်သတ် ထားသည့် အလုပ် လုပ်ချိန် အပြင်၊ လစာနှင့် တကွ အခါ ကာလ အားလျော်စွာ သတ်မှတ် ထားသည့် အလုပ် အားလပ် ရက်များ ပါဝင်သည့် အနား ယူခွင့်နှင့် အားလပ်ခွင့် ခံစား ပိုင်ခွင့် ရှိသည်။

အပိုဒ် ၂၅
(၁) လူတိုင်းတွင် မိမိနှင့် တကွ မိမိ၏ မိသားစု ကျန်းမာရေး နှင့်တကွ ကိုယ်စိတ် နှစ်ဖြာ အေးချမ်းစွာ နေထိုင် နိုင်ရေး အတွက် အစာ အဟာရ၊ အ၀တ် အထည် နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက် အပံ့များ ပါဝင်သော သင့်တော် လျှောက်ပတ်သည့် လူမှု အဆင့်အတန်းကို ရယူ ခံစားခွင့် ရှိသည်။ ထို့ပြင် အလုပ် လက်မဲ့ ဖြစ်သော အခါ၌ သော် လည်းကောင်း၊ မကျန်း မမာ ဖြစ်သော အခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန် ဖြစ်သော အခါ၌ သော်လည်းကောင်း၊ မုဆိုးမ ဖြစ်သော အခါ၌ သော်လည်းကောင်း၊ အသက် အရွယ် အိုမင်းသော အခါ၌ သော် လည်းကောင်း၊ မိမိ ကိုယ်တိုင်က မတတ် နိုင်သော အကြောင်းကြောင့် ၀မ်းစာ ရှာမှီး နိုင်သော နည်းလမ်း မရှိသော အခါ၌ သော်လည်းကောင်း၊နေထိုင်စားသောက် ရေးအတွက် လုံခြုံ စိတ်ချ ရမှု အခွင့်အရေး ရှိသည်။
(၂) သားသည် မိခင် များနှင့် ကလေး များသည် အထူး စောင့်ရှောက် ခြင်းနှင့် အကူ အညီ ပေးခြင်းကို ရခွင့် ရှိသည်။ ဥပဒေ အရ ထိမ်းမြား ခြင်းဖြင့် ဖြစ်စေ အခြား နည်း ဖြင့် ဖြစ်စေ မွေးဖွားသော ကလေး အားလုံးသည် တူညီသော လူမှု ကာကွယ် စောင့်ရှောက် ရေးကို ရယူ ခံစားကြ ရမည်။

အပိုဒ် ၂၆
(၁) လူတိုင်းသည် ပညာ သင်ယူ နိုင်ခွင့် ရှိသည်၊ အနည်းဆုံး မူလတန်းနှင့် အခြေခံ အဆင့် အတန်း များတွင် ပညာ သင်ကြား ရေးသည် အခမဲ့ ဖြစ်ရမည်။ မူလတန်း ပညာ သည် မသင် မနေရ ပညာ ဖြစ်ရမည်။ စက်မှု လက်မှု ပညာနှင့် အသက် မွေးမှု ပညာ များကို ယေဘူယျ အားဖြင့် သင်ကြား ရယူ နိုင်စေ ရမည်။ ထို့ပြင် အထက်တန်း ပညာ အတွက် အရည်အချင်းကို အခြေခံ ပြု၍ တူညီသော အခွင့်အရေး ရရှိစေ ရမည်။
(၂) ပညာ သင်ကြား ရေးကို လူသား တို့၏ စရိုက် လက္ခဏာ အပြည့်အ၀ တိုးတက်မှု အပြင်၊ လူ့ အခွင့် အရေးနှင့် အခြေခံ လွတ်လပ်ခွင့် ရိုသေ လေးစားမှု တို့ကို ရှင်သန် ဖွံ့ဖြိုး လာစေရန် ရည်ရွယ်၍ သင်ကြား စေရမည်။ ပညာ သင်ကြား ရေးသည် နိုင်ငံ အားလုံး တို့တွင် လည်းကောင်း၊ လူမျိုးစု များတွင် လည်းကောင်း၊ ဘာသာရေး အသင်း အဖွဲ့ များတွင် လည်းကောင်း၊ အချင်းချင်း နားလည်မှု၊ သည်းခံ မှုနှင့် ခင်မင် ရင်းနှီးမှု တို့ကို အားပေး ရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှါ၊ ကုလ သမဂ္ဂ၏ ဆောင်ရွက်မှု များကိုလည်း ဖြစ်မြောက် အောင် အားပေး ရမည်။
(၃) မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူ ရမည့် ပညာ အမျိုး အစားကို ရွေးချယ် နိုင်သော လက်ဦး အခွင့်အရေး ရှိသည်။

အပိုဒ် ၂၇
(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်နိုင်ခွင့် သုခုမ ပညာရပ် များကို လွတ်လပ်စွာ လိုက်စား မွေ့လျော် နိုင်ခွင့်၊ သိပံ္ပ ပညာ ထွန်းကားရေး လုပ်ငန်း များတွင် လွတ်လပ်စွာ ၀င်ရောက် လုပ်ကိုင် နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုး အာနိသင် များကို လွတ်လပ်စွာ ခံစား သုံးစွဲ နိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် သိပံ္ပမှ ဖြစ်စေ၊ စာပေမှ ဖြစ်စေ၊ သုခုမ ပညာမှ ဖြစ်စေ၊ မိမိ ကိုယ်ပိုင် ဥာဏ်ဖြင့် ကြံစည် ဖန်းတီး မှုမှ ဖြစ်ထွန်း လာသည့် ဂုဏ်နှင့် ငွေကြေး အကျိုး အမြတ် များကို ခံစား ရယူ နိုင်ရန် အခွင့်အရေး အတွက် ကာကွယ် မှုကို ရရှိရန် အခွင့်အရေး ရှိသည်။

အပိုဒ် ၂၈
လူတိုင်းသည် ဤကြေညာ စာတမ်းတွင် ဖော်ပြ ထားသည့် အခွင့် အရေး များနှင့် လွတ်လပ်ခွင့် များကို အပြည့် အစုံ ရယူ နိုင်သော လူမှု ဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည် ဆိုင်ရာ ဆက်ဆံရေး အခြေအနေ တို့၏ အကျိုး ကျေးဇူးကို ခံစားနိုင်ခွင့် ရှိသည်။

အပိုဒ် ၂၉
(၁) မိမိ၏ စရိုက် လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက် နိုင်သည့် တစ်ခုတည်း သော လူ့ အသိုက်အ၀န်း အတွက် လူတိုင်း၌ တာဝန် ရှိသည်။
(၂) မိမိ၏ အခွင့်အရေး များနှင့် လွတ်လပ် ခွင့်များကို သုံးစွဲ ရာတွင် လူတိုင်းသည်၊ အခြား သူများ၏ အခွင့်အရေး များနှင့် လွတ်လပ်ခွင့် များကို အသိ အမှတ် ပြု၍ ရိုသေ လေးစား စေရန် အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီ ကျင့်သုံးသော လူ့အဖွဲ့ အစည်း တွင် ကိုယ်ကျင့်တရား အပြင်၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် ပြည်သူ့ အကျိုး စီး ပွား ဖြစ်ထွန်း ရေးတို့ အတွက်၊ တရား မျှတစွာ ကျင့်ဆောင်ရန် အလို့ငှာ လည်း ကောင်း၊ ဥပဒေက ပြဌာန်း ထားသည့် ချုပ်ချယ်မှု များဖြင့်သာ ကန့်သတ်ခြင်း ခံရမည်။
(၃) အဆိုပါ အခွင့်အရေး များနှင့် လွတ်လပ် ခွင့်များကို မည်သည့် အမှုကိစ္စ တွင်မျှ ကုလ သမဂ္ဂ၏ ရည်ရွယ်ချက် များနှင့် လည်းကောင်း၊ အခြေခံမူများနှင့် လည်း ကောင်း ဆန့်ကျင်၍ မသုံးစွဲရ။

အပိုဒ် ၃၀
ဤကြေညာ စာတမ်းပါ အခွင့်အရေး နှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာ ပျက်စီး ကြောင်း တို့ကို ရည်ရွယ်၍၊ နိုင်ငံ တစ်နိုင်ငံ အတွက် ဖြစ်စေ၊ လူတစ်စု အတွက် ဖြစ် စေ၊ လူတစ်ဦး တစ်ယောက် အတွက် ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့် ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင် ဆောင်ရွက်ရန် အခွင့် ရှိသည်ဟု သော် လည်း ကောင်း အဓိပ္ပါယ် ပိုင်းခြား ကောက်ယူခြင်း မရှိစေရ။

13 comments:

Winkabar said...

အဲဒါတော့အမှန်ပဲ။ ဒီမှာလူတွေကောင်းကောင်းမွန်မွန်နေနိုင်၊ပြောနိုင်ဆိုနိုင်၊
လှုပ်ရှားနိုင်တာတွေမြင်ရတိုင်းအော့နှလုံးနာရတယ်။ ဟင်္သာလိုဇာတ်တူသားစားတယ်လို့တော့တစ်ခေါက်တွေးဖူး
တယ်။ဒါပေမဲ့သူကမစားဘူးလေ။သေအောင်ပဲလုပ်တာ
ဆိုတော့မဟုတ်သေးဘူးထင်နေတာ။ အမှန်တော့သူတို့ဘာတွေလုပ်နေလဲဆိုတာဘယ်သူက
သိနိုင်မှာလဲနော်။ အဲလိုဖြစ်ချင်လည်းဖြစ်နေမှာပဲ။ မျိုးသုန်းမယ့်လက္ခဏာလားတော့မသိပါဘူး။ တွေးတိုင်းရင်လေးရတယ်။ အဲလိုအရေခွံကြီးကိုတို့နိုင်ငံသားတွေမဝေးတော့တဲ့အချိန်
တစ်ခုမှာဝတ်ဆင်ရပါစေလို့ပဲဆုတောင်းရုံပဲရှိတော့တာပေါ့။

Angel said...

မင်းတစေပြောတာတွေ ဒို့ သိပ်ပြောချင်နေတာ။ ဒို့ ဘလော့မှာ ဗမာစာမမြင်ရလို့ ကြုံတုန်းဒီမှာရေးလိုက်ဦးမယ်။

ဒို့တခြားမှာကျောင်းသွားတက်တုန်းက၊အဲဒီကပါမေါက္ခအားလုံးမြန်မာပြည်ကလာတဲ့အစိုးရအရာရှိဆိုရင်နှိပ်ကွပ်ကြတယ်။ “You are working for your government”. ဆိုတဲ့စကားနဲ့ကိုင်ကိုင်ပေါက်နေတော့ဒို့ လည်းမခံချင်လို့ ပြန်ပြောတာ “ငါအစိုးရကောင်းစားရေးလုပ်နေတာမဟုတ်ဘူး၊ငါ့ပြည်သူတွေစာတတ်ရေးအတွက်စာသင်ပေးနေတာ” လို့ ။“ဒါဆိုကျေးဇူးပြုပြီးမင်းကျောင်းသားတွေကိုလူ့ အခွင့်အရေးအကြောင်း
သင်ပေးလိုက်ပါလား”လို့ ပြန်ပြောခံရပြန်ပါရော။

ဒါနဲ့ ဒို့ လည်း“မင်းတို ငါ့ကိုဂျေးလ်ထဲမှာမြင်ချင်လို့ လား”လို့ ဘဲပြန်မေးနိုင်ခဲ့ပါကြောင်း..။

ကောင်းကင်ကို said...

လူတွေက ကိုယ့်အရေပြားကိုယ်တောင်မမှတ်မိကြတော့ဘူးဗျို့ ။

မေပျို said...

ကိုမင်းတစေ ပြောတာ မှန်ပါတယ်။ လူ့အခွင့်အရေးဆိုတဲ့ စကားလေးကို ပြောမိတာနဲ့ ရှောင်မယ့်လူတွေချည်းပါပဲ။ ကိုမင်းတစေ အရေးအသားတွေက ကောင်းလွန်းလို့ ဒီနိုင်ငံမှာ လူလာဖြစ်တဲ့ သဲကိုသဲတောင် သနားမိတယ်။ ဒီလို လူ့အခွင့်အရေးတွေ ရှိတယ်ဆိုတာကို အခြားလူတွေကိုလည်း သိစေချင်လိုက်တာ။

ကောင်းကင်ကို said...

သက်တောင့်သက်သာ မဟုတ်တဲ့ နေသားကျခြင်းမျိုးနဲ့ နေသားကျနေကြတယ်ဆိုတာ သိပ်မှန်တယ်ဗျို့ ။ ဖားဖြည်းဖြည်းချင်း အပြုတ်ခံရတဲ့ ဥပမာလိုပေါ့။ ဖြစ်စဉ်ထဲကနေ ကိုယ့်ကိုယ်ကို ခွာကြည့်ရင် ဖက်ဆစ်ခောတ်လိုပဲ တော်တော်ဆိုးတာကိုတွေ့ ရလိမ့်မယ်ဗျာ။ တချို့ ကနေသားကျပြီး နားမလည်ကြဘူးဗျ။ ခုလည်းနေလို့ ဖြစ်သေးဆိုပဲ။ တိုက်ရိုက်မထိသေးယ်ဗျာ။ ဖြည်းဖြည်းချင်းအပြုတ်ခံနေရတာကို မသိကြဘူး။လူတွေ မျက်စေ့ဖွင့်ထားဖို့ လိုတယ်ဗျာ။

Ulmuka said...

ကျေးဇူးပါအစ်ကိုရေ။ အခုမှပဲ ကျွန်တော် အရေပြားမရှိပဲ နေလာတာ အနှစ် နှစ်ဆယ်ကျော်နေမှန်းသိတယ်။ နေတာ ကြာလို့လားတော့မသိဘူး ကိုယ့်ဟာကိုယ်တော့ အဆင်ကိုပြေလို့။ အရေပြား ပြန်ရရင်တောင် ၀တ်လို့ အသားကျပါတော့မလား မသိဘူး။ အရေပြားကို ယူထားခံရတဲ့ အကြောင်းကို လူတွေသိဖို့လိုတယ်ဗျ။ အဲဒါမှ ကိုယ့်အရေပြား ကို ကိုယ်ပြန်တောင်းလာချင် ကြမှာ။

MELODYMAUNG said...

လူသားတစ်ယောက်ဖြစ်ရက်နဲ့ ကိုယ်ပိုင်အရေခွံလေးတောင် ၀တ်ဆင်ခွင့်မရှိတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ဘ၀ဟာ သွေးရဲရဲ သံရဲရဲနဲ့ ခြောက်ခြားစွာ အကျည်းတန်လွန်းလှပါတယ်။ So pity lives inside Myanmar :(
ဒီအရေခွံကို ဒီအသက် 30အရွယ်ထိ ပထမဆုံးမြင်ဖူးတာကလဲ ဒီဘလော့မှာရဲ့ ပထမဆုံးပို့စ်မှာပဲ မင်းတစေရေ။

ကလိုစေးထူး said...

ကိုမင်းတစေ…၊ ဒီဆောင်းပါးလေးကို တခြားမှာလဲ ကျယ်ကျယ်ပြန့်ပြန့် ပါစေချင်တယ်။ ဖြစ်နိုင်ရင် တခြား ဂျာနယ် တခုခုကိုလဲ ပို့စေချင်ပါတယ်။ ကိုယ့်အားထုတ်မှုကို လူတွေများများ ပိုဖတ်သွားရတာပေါ့။ အနည်းဆုံးတော့ ကျနော်တို့ ပြောချင်တဲ့ စကားတွေ၊ ကျနော်တို့ ခံစားချက်တွေကို လူတွေ ပိုသိသွားရတာပေါ့။ :)

Upasaka said...

Hello MMy dear brother,
I'm really glad for youe opinions and blog. We have to do for our people and land.upasaka969

မျှားပြာ said...

သေချာဖတ်ဦးမယ်ဗျာ အဆင်ပြေပါစေ။

Cypher said...

ကိုမင်းတစေရေ...လူ့အခွင့်အရေးကြေညာစာတမ်းကို မြန်မာလို လိုချင်နေတာနဲ့အတော်ပဲဗျာ။ ကိုယ့်ဟာကို ဘာသာပြန်ရမှာလည်း ပျင်းနေတာဗျ။ ကျေးဇူးကမ္ဘာပါ။

Saung Yune La (aka) Way said...

ညီလေးရေအောက်နဲ့အပေါ်ကွန်မန့်ပေးမှားသွားတယ်
ဒီလိုဘဲအသက်ကလေးနဲနဲရလာတော့မမြင်မစမ်းဖြစ်တာပေါ့.ညီလေးရဲ့ပို့စ်ကိုအလွန်နှစ်သက်ပါတယ်

မေငြိမ်း said...

မင်းတစေရေ..လူ့အခွင့်အရေးဆိုတာ အရေပြားလိုတွဲပါနေတာလို့ တခါမှ မစဉ်းစားမိခဲ့ဖူးဘူး။ ဖတ်ရင်းနဲ့ ကြက်သီးထရပါတယ်။ အမလည်း RFA ပညာရေးထဲမှာ ပညာသင်ခွင့်ကိုပြောရင်းနဲ့ အဲဒီအပိုဒ်တွေကို ၃ပတ်ဆက်ပြောဖူးတယ်။ အဲဒီမှာ ပြည်တွင်းက သူငယ်ချင်းဆရာမတွေက သူတို့ဘ၀မှာ ဒါတွေဟာ ရရမယ့်အခွင့်အရေးလို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူးတဲ့။ အမလည်း ကလိုစေးထူးပြောသလိုပဲ တခြားမီဒီယာတခုခုကိုပါ ပေးစေချင်ပါတယ်။