Saturday, December 1, 2007

အက်ကွဲနေသော ပညာရေး (သို့) အက်ducation (သို့) Crackဂျူကေးရှင်း


သူငယ်တန်းမှ ဆယ်တန်းထိ၊ ထို့နောက် တက္ကသိုလ်ပထမနှစ်မှ နောက်ဆုံးနှစ်အထိ နှစ်ပေါင်းအတော်များများကို ဘ၀၏အနုပျိုဆုံးအချိန်များအတွင်း မြုပ်နှံခဲ့ရပြီးနောက် အကျိုးဆက်အနေဖြင့် ကျွန်ုပ်တို့ရရှိခဲ့သော ဘွဲ့လက်မှတ်တစ်ခုသည် ကွမ်းယာသည်၏လည်ပင်း၌ ချိတ်ဆွဲထားသော သစ်သားဗန်းတစ်ဗန်းလောက်မျှပင် ဘ၀ကို အာမခံချက်မပေးနိုင်ကြောင်း ကျွန်ုပ်တို့ သိရှိခဲ့ရပြီ။

ဝလုံးကိုဝိုင်းအောင် အကြိမ်ကြိမ်ရေးကျင့်ခဲ့ကြသော ကျောက်သင်ပုန်းတစ်ချပ်၏ရာဇ၀င် ကွဲရှခဲ့ရလေပြီ။

လျှောက်နေရင်း ပျောက်ဆုံးခဲ့သော ခြေထောက်တစ်စုံအတွက် မည်သူ့ထံ အလျှော်တောင်းရမည်နည်း။
တန်ဖိုးကြီးမားစွာရင်းနှီး၍ ၀ယ်ယူခဲ့ရသော်လည်း အချိန်ရောက်၍ အသုံးချကြည့်မိသောအခါတွင်မှ မည်သို့မျှ အသုံးမ၀င်သော ပစ္စည်းအတုတစ်ခုဖြစ်နေမှန်း ခြောက်ခြားစွာသိရှိခဲ့ရသည်။ သုညတစ်လုံးနီးပါးမျှ တန်ဖိုးမဲ့နေသော ထိုသစ်သီးပုပ်တစ်လုံးကို မည့်သူ့ထံ၌ မျက်ရည်ခံထိုး၍ ပြန်လည်ရောင်းချရမည်နည်း။

နောက်ဆုံးတွင်တော့ မြန်မာလိုရေးတတ်ဖတ်တတ်ခြင်းနှင့် အင်္ဂလိပ်လိုအနည်းငယ်တီးမိခေါက်မိရှိခြင်း တို့ကိုသာ အကျိုးအမြတ်တစ်ခုအနေနှင့် ကျိတ်မှိတ်၍ယူခဲ့ရသည်။ သို့သော် ထို့ထက်ပို၍ အသုံးချခြင်လျှင်တော့ မင်္ဂလာဆောင်ဖိတ်စာတို့၌ ဂုဏ်ပုဒ်တစ်ခုအနေနှင့်လည်း ထည့်သွင်းနိုင်ပါသေးသည်။

"သားတို့၊ သမီးတို့ မျက်နှာမငယ်ခြင်ရင် ပညာတတ်ကြီးတွေ ဖြစ်အောင်ကြိုးစားနော်" ဟူသည့် မိဘတို့၏စကားသံများသည်လည်း ထိုအနှစ်မဲ့နေသော ကြက်ဥခွံဆန်ဆန် ဘွဲ့လက်မှတ်တို့၏နောက်ကွယ်တွင် ဆွံ့အခဲ့ရပြီ။ အကယ်၍ မြင်တတ်မည်ဆိုပါက ဘွဲ့ဝတ်စုံထူထူကြီးအောက်မှ ပိန်းပိတ်အောင်မှောင်နေသော အမှောင်ထုကြီးကိုလည်းကောင်း၊ လှောင်အိုက်နေလွန်းသောကြောင့် ၎င်းအမှောင်ထုအား ဖြတ်သန်းစီးဆင်းနေသော ချွေးစေးချွေးပေါက်များကိုလည်းကောင်း ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ ၎င်းတို့ကား အမှောင်ချထားခြင်းခံရ၍ ပူလောင်အိုက်စပ်နေသော ကျွန်ူပ်တို့၏ ပညာရေးပင်ဖြစ်တော့သည်။

အကယ်၍ ဘွဲ့ဝတ်စုံနှင့် ရိုက်ထားခဲ့သော အသင်၏ဓါတ်ပုံများ တစ်ရိုတသေသိမ်းဆည်းထားဆဲဆိုပါက နောက်တကြိမ်ပြန်လည်၍ ထုတ်ကြည့်စေချင်သည်။ ထိုဓါတ်ပုံများထဲတွင် အသင်၏နုတ်ခမ်းများအပေါ်ယံ ပြုံးရီနေကြသော်လည်း သေချာစွာကြည့်မည်ဆိုပါက အသင်၏နှလုံးသားများ
မဲ့ရွဲ့တွန့်လိမ်နေသည်ကို ခြောက်ခြားစွာတွေ့ရှိရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အသင်သည် ဘွဲ့ရပညာမတတ်တစ်ယောက်အနေဖြင့် ဥာဏ်နီဥာဏ်နက်များသော လောကအတွင်းသို့ အကာအကွယ်မဲ့စွာ ၀င်ရောက်ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့်ဖြစ်ပါသည်။

ဘွဲ့ရပညာမတတ်များ ဖောင်းပွနေသော နိုင်ငံတစ်နိုင်ငံသည် ဆေးအလှသုတ်ထားသော်လည်း အင်ဂျင်မပါသည့် မော်တော်ကားတစ်စီးနှင့် အလားသဏ္ဌန်တူနေသည်။ တစ်ခါတစ်ရံ ကုန်းအဆင်းတို့၌ ဟန်ဆောင်၍ လှိမ့်ချနိုင်ခဲ့သော်လည်း ကုန်းအတက်များပြန်ရောက်သော အခါတွင်မှု ဆက်လက်မမောင်းနှင်နိုင်ပဲ အရှုက်တကွဲ အကျိုးနည်းမျှသာဖြစ်ခဲ့ရသည်။ ထိုအင်ဂျင်မဲ့ ကားများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဟူသော ပန်းတိုင်ကို အရောက်မောင်းနှင်ရန် ကြိုးစားနေသောသူများသည် ဦးနှောက်မဲ့နေသော သူရူးတို့မျှသာလျှင်ဖြစ်ပေလိမ့်မည်။ အလွန်ပြေပြစ်သော ကုန်းတက်တစ်ခု၌ မိမိတို့ အသည်းအသန် ဆင်းတွန်းနေချိန်တွင် အခြားနိုင်ငံမှကားတို့ကား နံပတ်(1) ဂီယာထိုး၍့် အလွယ်တကူကျော်တက်သွားကြလေပြီ။ ထို့ကြောင့်လည်း ကျွန်တော်တို့ခန္ဓာကိုယ်တွင် မွမ်းမံချယ်သထားသော အရေပြားတစ်ထောက်အလှထက် တန်ဖိုးဖြတ်၍ မရနိုင်သော နှလုံးသားတစ်စုံကိုပို၍ အလိုရှိခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ အနာဂါတ်တောင့်တင်းခိုင်မာမှုအတွက် ပညာရေးရင်းနှီးမြုပ်နှံမှုသည် လူတို့အလွယ်တကူနားမလည်နိုင်သော ရင်းနှီးမြုပ်နှံမှုတစ်ခုလည်းဖြစ်သည်။ ထိုသို့ရင်းနှီးမြုပ်နှံရာတွင် ပညာခံယူသူ၊ ပညာသင်ကြားပေးသူ နှင့် ၄င်းတို့ကိုထောက်ပံ့သော နိုင်ငံတော်အစိုးရဟူ၍ အဓိကကျသော အချက်သုံးချက်စလုံးပြည့်စုံကြွယ်ဝမှသာလျှင် အောင်မြင်သောပညာရေးတစ်ခု ဖြစ်လာနိုင်ပေမည်။

ပြည့်စုံကောင်းမွန်သော ထမင်းအိုးတစ်လုံးကျက်ရန် ဆန်၊ ရေနှင့် မီးဟူသော အရာတို့မရှိမဖြစ်လိုအပ်သကဲ့သို့ပင်ဖြစ်သည် ( ခပ်ညံ့ညံ့ ဥပမာတစ်ခုဖြစ်သော်လည်း ခပ်ညံ့ညံ့ပညာရေးတစ်ခု၏ သားကောင်ဖြစ်ခဲ့သော ကျွန်တော်၏ ခပ်ညံ့ညံ့ဦးနှောက်မှ ထိုထက်သာလွန်ကောင်းမွန်သော ဥပမာတစ်ခုထပ်၍ ထွက်မလာနိုင်တော့) ။

ဆန်နှင့်တူသော ပညာလိုလားသူများနှင့် ရေနှင့်တူသော ဦးနှောက်ကိုဖွပေးနိုင်သည့် ပညာဝေငှသူ အမြောက်အများရှိနေပါလျှက်နှင့် အဟာရပြည့်စုံသော ပညာရေးထမင်းအိုးကြီး မကျက်ခဲ့သည်မှာ အဘယ့်ကြောင့်နည်း။ ရှင်းနေပါသည်။ မီးနှင့်တူသော အုပ်ချုပ်သူလူတန်းစားက လိုလိုလားလား မီးပြင်းမတိုက်ပေးခဲ့သောကြောင့်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ရေစိမ်ထားသော ဆန်ကိုသာစားနေရသည့် လူတစ်ယောက် ၀မ်းဖောဝမ်းရောင်ဖြစ်လာသကဲ့သို့ ကျွန်ူပ်တို့၏ နိုင်ငံသည်လည်း နည်းစနစ်မမှန်သော ပညာရေးတစ်ခုကြောင့် ၀မ်းဖောဝမ်းယောင်ဖြစ်ခဲ့ရပြီ။ ပညာရေးအဟာရမပြည့်ဝသော နိုင်ငံတစ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံမှ ဆုတ်ယုတ်ကျဆင်းကာ လူမမာတစ်ယောက်လို အိပ်ယာထဲလဲလျှောင်းနေခဲ့ရသည်မှာ နှစ်ပေါင်းအတော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့်လည်း ထိုထက်ပို၍ကြီးထွားခြင်းလမ်းစကို ရှာဖွေနေကြသော ဦးနှောက်အချို့ မိမိတို့နေထိုင်ရာ မွန်းကျပ်သည့် ဦးခေါင်းခွံအား စွန့်ခွါချန်ရစ်ခြင်းအားဖြင့် ဦးနှောက်ယိုစီးခြင်း (Brain Drain) အစရှိသော ဘေးထွက်ဆိုးကြိုးများဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ထိုသူတို့ကလည်း မိမိတို့နေထိုင်ရာ မူလဦးခေါင်းခွံအတွင်း၌သာ သင့်လျှော်လုံလောက်သော နေရာနှင့် လွတ်လပ်သော အနေအထားတို့သာ ရှိခဲ့မည်ဆိုပါက မည်သူမျှ ထိုဦးခေါင်းခွံကို စွန့်ခွါကြမည်ဟုမထင်ပါ။ ယ္ခုတော့လည်း ကမ္ဘာမြေ၏ ကြမ်းပြင်တစ်ခုလုံး ထိုဦးနှောက်အပိုင်းအစမျာြး
ဖင့် ဟိုတစ်စဒီတစ်စ စွန်းထင်း၍ပေကျံနေခဲ့ပြီ။

၎င်းဦးခေါင်းခွံတို့ကို ရိုက်ခွဲခဲ့ကြသော ၀ါးရင်းတုတ်ကိုင် လူရမ်းကားတို့ကလည်း ၎င်းဦးနှောက်ယိုစီးမှု ပြဿနာသည် ၎င်းတို့ကြောင့်မဟုတ်ပဲ အပြင်သို့မနေနိုင်မထိုင်နိုင် ခုန်ပေါက်၍ထွက်သွားကြသော ဦးနှောက်အပိုင်းအစတို့၏ အပြစ်သာဖြစ်ကြောင်း ကြေငြာချက်များထုတ်ပြန်၍ ၎င်းတို့၏ လူမဆန်သော လုပ်ရပ်များကိုတတ်နိုင်သလောက်ဖုံးကွယ်ရန် ကြိုးစားနေကြသည်။ ထို့အပြင် ၎င်းတို့၏လုပ်ရပ်ကြောင့် အက်ကွဲကာ အင်္ဂါမစုံလင်တော့သော ဦးခေါင်းခွံကြီးအား ဂလောင်ဂလင်အသံမမြည်စေရန် တွေ့ကရာများဖြင့်ထိုးသိပ်ဖိထည့်၍ နိုင်ငံတော်အားဆက်လက် မောင်းနှင်ရန် အမိန့်ပေးနေကြဆဲဖြစ်သည်။ သို့သော်၎င်းတို့ မျှော်လင့်ထားသလို နိုင်ငံတော်၏ခန္ဓာကိုယ်ကြီးကား ရှေ့ဆက်ဖို့နေနေသာ ထိုနေရာ၌ လဲပြိုမကျသွားစေရန်ပင် ကိုယ့်ကိုကိုယ်မနည်းနိုင်အောင် ထိန်းနေရပြီဖြစ်သည်။

ထိုဖြစ်ရပ်ကား စိတ်မနှံ့သော အရူးတစ်ယောက် ဆရာဝန်ထံမှ ခွဲစိတ်ခန်းဝတ်စုံကိုလုယူ၍ ဦးနှောက်အမှေးယောင်နေသော လူနာအားဝင်ရောက်ခွဲစိတ်သည့် ဖြစ်ရပ်တစ်ခုနှင့် အလားသဏ္ဌန် တူနေပါတော့သည်။ ဆံချည်မျှင်တစ်ပင်မျှအလွဲမခံပဲ ကျွမ်းကျင်တိကျသည့် ခွဲစိတ်မှုဖြင့်သာ အသက်ရှင်နိုင်သော ရောဂါသည်နိုင်ငံတော်ကား ထိုသူရူး၏ ရက်စက်ကြမ်းကျုတ်သော ခွဲစိတ်ဓါးရာတို့၏ အောက်တွင်သွေးချင်းချင်း နီခဲ့ရပြီ။

လူနာ၏ အသက်ကိုစိုးရိမ်၍ ယူကြုံးမရဖြစ်နေသော ဆရာဝန်ကတော့ လူမသိသူမသိ အမှောင်ခန်းထဲ၌ ဆက်လက်အချုပ်အနှောင်ခံနေရဆဲပင်ဖြစ့်သည်။

ထိုခွဲစိတ်ခန်းအတွင်းသို့ ဆရာဝန်နောက်ဆုံးဝင်ခွင့်ရခဲ့သည်မှာ
အဘယ်တုန်းကနည်း။ ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ကို ကျောင်းသုံးစာအုပ်များထဲ၌ နောက်ဆုံးတွေ့ခဲ့ကြသည်မှာ အဘယ်တုန်းကနည်း။ အနံ့အရသာနှင့်ပြည့်စုံသော ပညာရေးဟင်းလျှာတစ်ခွက်ကို စားသုံးခဲ့ရသည်မှာ အဘယ်တုန်းကနည်း။ ကျွန်တော်ကတော့ မေ့လျှော့၍ နေခဲ့ပြီ။

< မင်းတစေ >

29 comments:

ဘာညာ said...

Thanks for your insiteful post.

barnyar

မင်းယွန်းသစ် said...

အမှန်ပဲ အကိုရေ.. ပြဌာန်းစာအုပ်ထဲက စာတွေက မြင့်ပါရဲ့ ဒါပေမယ့် သူတို့မွေးထုတ်ပေးတဲ့ ဆရာတွေ တချို့က အရည်အသွေး မပြည့်တော့ ကျောင်းသားမပြောနဲ့ သူတို့ကိုယ်တိုင်တောင် သေချာမသိဘူးဖြစ်နေတယ်...။ ပညာရေးတဲ့...တကယ့်ကို ပြ ပြပြီး ညာနေတာ...ပေါ့

summer snow said...

ထိတယ်ရှင်.. ဖတ်ရင်းနဲ့မျက်ရည်တောင် ကျချင်တယ်.. နိုင်ငံသာကောင်းရင် ဗေဒါတို့လဲ သူများနိုင်ငံမှာလုံးဝမနေဘူး.
တခြားနိုင်ငံတွေလောက် မတိုးတက်တောင် အထိုက်အလျှောက်ရှိရင် မြန်မာပြည်ကမခွာဘူး...

နှံကောင် said...

သိပ်ကောင်းတယ်အကိုရေ ... အဲ့ထက်ပိုပြီးမပြောတတ်လောက်အောင်ကောင်းတယ် .

Winkabar said...

ထောက်ခံပါတယ်အစ်ကိုပြောသမျှကို။ ခက်တယ်နော်။

Min Min said...

I like the crackducation.hahha.thanks for visiting my site. Hope i can update my blog soon.thanks man

မြရွက်ဝေ said...

ဒီဘလော့ကစာတွေက အမြဲတမ်း ပြောင်မြောက်နေတာပဲ။

သဇင်ဏီ said...

ကောင်းတယ်ဆိုတာထက် ပိုကောင်းတယ်... ကျွန်မလဲ ၀တ်ရုံနက်ကြီးမ၀တ်ချင်လို့..ဘာမှမယူခဲ့ဘူး..

အိမ်ဝေးသူ said...

အက်ကွဲနေသောပညာရေး ကိုလာဖတ်သွားပါတယ်
"သားတို့၊ သမီးတို့ မျက်နှာမငယ်ခြင်ရင် ပညာတတ်ကြီးတွေ ဖြစ်အောင်ကြိုးစားနော်" ဟူသည့် မိဘတို့၏စကားသံများသည်လည်း ထိုအနှစ်မဲ့နေသော ကြက်ဥခွံဆန်ဆန် ဘွဲ့လက်မှတ်တို့၏နောက်ကွယ်တွင် ဆွံ့အခဲ့ရပြီ။
ဆိုတဲ့အရေးအသားလေးက ရင်ကိုထိမှန်စေခဲ့တယ်။

ကောင်းကင်ကို said...

"နောက်ဆုံးတွင်တော့ မြန်မာလိုရေးတတ်ဖတ်တတ်ခြင်းနှင့် အင်္ဂလိပ်လိုအနည်းငယ်တီးမိခေါက်မိရှိခြင်း တို့ကိုသာ အကျိုးအမြတ်တစ်ခုအနေနှင့် ကျိတ်မှိတ်၍ယူခဲ့ရသည်။"

ဟုတ်တယ်ဗျို့ ။ဒါတောင်ကြိတ်မှိတ် ယူမှဗျ။ တကယ်ဆို ကျောင်းမတက်လဲ သင်ယူလေ့လာချင်စိတ်ရှိတဲ့သူဟာ အဲဒါတွေတက်မှာပဲ။ ပေးရတာ နဲ့ ရတာ မတန်ဘူးဗျာ။ အဲဒီ့ အပြင် အချောင်ခိုစိတ်တွေ၊ ကြောက်စိတ်တွေကိုတောင် ကျောင်းက အဆစ်ပေးလိုက်သေးတယ်ဗျို့ ။ ၈၈ အရေးအခင်းပြီးစ ၅တန်း ၆တန်းလောက်တုန်းက toilet တောင် လွတ်လွတ်လပ်လပ် သွားခွင့်မရှိပဲ ကျောင်းသားကတ် ပြပြီးမှ တယောက်ဆီ သွားခွင့်ရတာ ခုထိမှတ်မိသေးတယ်ဗျာ။ သုံးယောက်လောက်သွားပြီးရင် ဆရာမတွေက စိတ်တို ပြီးနောက်လူကို သွားခွင့်မပြုတာက ရှိသေးတယ်။ အထက်တန်းကျောင်းတွေမှာ ကတည်းက ကျွန်တော်တို့ တတွေ အညွန့် ချိုးခံလိုက်ရတယ်လို့ ခံစားမိတယ်ဗျာ။

ကောင်းကင်ကို said...

ဒီဝတ္ထုက အတွေးတွေ ပေးသလို ရသလဲ စုံစုံလင်လင်ပေးနိုင်တယ်ဗျို့ ။ နိဂုံးကလဲမိုက်တယ်ဗျို့ ။ အပေါ်ကစာပိုဒ်တွေ အမီလိုက်နိုင်တယ်။

ညိုကြီး said...

ဆောင်းပါးပါ သဘောတရားရေးရာကို အပြည့်အ၀ ထောက်ခံပါသည်။
မိုက်တယ်ဗျာ။ အရေးအသားကတော့ လေးစားစရာပါပဲ။
ဆက်လုပ်အစ်ကိုရေ။ ဆက်လုပ်။

သန့်ဇော်မင်း said...

ကောင်းလိုက်တဲ့ ပိုဒ့်လေးဗျာ....
အရေးအသားကလည်း ကောင်းတော့...
တကယ်ကိုပဲ ခံစားရတယ်ဗျာ...

phoethutaw said...

ကျွန်တော် အဲ့ဒီ ယိုင်းယိုင်နေတဲ့ ပညာရေးနှင့် ပတ်သက်ပြီး မိတ်ဆွေတစ်ချို့နဲ့ ဆွေးနွေးဘူးတယ်။ ၆၂ နောက်ပိုင်းက စတယ်ထင်တယ်ဗျာ။ ပညာတက်လူတော် ချိုးနှိမ်ရေးဆိုတာ။ နိုင်ငံမှာ ပညာတက်တဲ့ လူတွေ များမှာကို လုံးဝသဘောမကျဘူး။ အုပ်ချုပ်တဲ့ အာဏာရှင်က။ အဲ့ဒီကတည်းက စလိုက်တာ အခုနောက်ပိုင်း ပိုဆိုးသွားပြီး အနှစ်မရှိရုံမက အကာပါမဲ့သွားတယ်။ ပညာရေးစနစ်ကြီး ကိုပြန်အသက်သွင်းဖို့ plan ချ၊ အချိန်ယူပြီး လုပ်မှရလိမ့်မယ်။ အစ်ကို့ ရေးသားချက်ကို လက်ခံတယ်။ ပညာရေး အတွက်တိုင်းပြည်ရဲ့ တစ်နှစ်အသုံးစရိတ်က ၂ ရာခိုင်နှုန်းပဲ ရှိတယ်လို့ သိရတယ်။ အမျိုးသားပညာရေး မြင့်မားရေးဆို တာကြီးကို အားနားဖို့ကောင်းပါတယ်။

ဂျစ်တူး - gyit_tu said...

အရမ်းကောင်းတဲ့ ပို့စ်လေးပါ ။ ပညာရေးဘလောဂ့် (http://educationinmyanmar.blogspot.com) မှာ ပြန်လည်ဖော်ပြလိုက်ပါတယ် ။

စိုးထက် - Soe Htet ! said...

ဝေးး အဲဒါပြောမလို့ မဂျစ် ဦးသွားတယ် ...

Saung Yune La (aka) Way said...

ညီလေးရဲ့ပို့စ်ကိုအရမ်းကြိုက်ပါတယ်

Sandar Hlaing said...

It is a realisitc article. Your example is very good. I felt like you while I was in Myanmar. We all feel it.

BLACK DREAM said...

better you believe, closer you are to the goal.. :)

NayNay said...

အရေးအသားကော ၊ အတွေးအခေါ်ကော အရမ်းကြိုက်တယ်။

MELODYMAUNG said...

Not only brain drain, getting to be brain dry from the time being :(

နိုင်းနိုင်းစနေ said...

well done :)

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

အတွေးအခေါ်ကို ထောက်ခံသလို အရေးအသားနဲ့ စကားလုံးတွေကလည်း အင်မတန် ကောင်းလှတာမို့ လေးစားမိပါတယ်။

Cypher said...

ရိုးရိုး brain drain ရော internal brain drain ရော သိပ်ကြောက်ဖို့ကောင်းပါတယ်။ ဆရာတွေ အရည်အချင်း မပြည့်ဘူးဆိုတာလည်း ၀န်ခံရမှာပါပဲ။ အဓိကကတော့ မြန်မာတွေရဲ့ ad hoc ကို လိုက်တတ်တဲ့ စရိုက်ကို အပြစ်ဖို့ ရမယ်ထင်တယ်။ multimedia class room တို့ ဘာတို့ပေါ့။ smart school project တို့ပေါ့။ စီမံကိန်းတွေက သိပ်ကောင်းပေးမယ့် implementation က အရမ်းအားနည်းတဲ့အခါ လုပ်သလောက်မဖြစ် သဲထဲရေသွန် ဖြစ်ခဲ့ရတာပေါ့ဗျာ။ လူကြီးလာတုန်း ခဏတာ အပြအတွက် မလုပ်ဘဲ ရေရှည်ကို ကြည့်ကြဖို့လိုပါလိမ့်မယ်။ ၀န်ထမ်းတွေရဲ့ စိတ်ဓါတ်ကို စပြီး ပြင်ကြရမယ်ထင်သဗျ။ နိုင်ငံတော်ကကျွေးတဲ့ ထမင်းကို စားနေကြမှတော့ နိုင်ငံတော်အကျိုးကိုလည်း ကြည့်ရပါလိမ့်မယ်။ လူကြီး သဘောကျရုံလောက် လုပ်တာဟာ အမှန်တကယ် တာဝန်ကျေရဲ့လားဆိုတာ ပြန်လည် သုံးသပ်ကြစေလိုပါတယ်။

Anonymous said...

i really feel like as you, appreciate your article.i got B.Sc, M.Sc, M.Res and qualified to attend the Ph.D in Yangon University, but finially, mine are useless..i cannot do anything in there. .so, i nearly to sign off from my course of Ph.D..before myanmar people have common say, education is like as golden pot, but now a day, if u have golden pot you will get education..

Anonymous said...

အက်ducation တဲ့လား? ရည်ရည်လည်လည်လန်းတယ်ဗျာ. ကြားဖူးလားမသိဘူး: ဝက်စာကျွေးပညာရေးတို့၊ ကျက်တတော်လော်ဂျီတို့ ဆိုတာတွေလေ. ပညာရေးတက္ကသိုလ်တက်တုန်းက အမှတ်တရတွေပေါ့. တခြားနယ်ပယ်က လူတွေထက်စာရင် ကျနော်တို့ ဆရာလောင်းတွေက မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေး အခြေအနေကို ပိုနားလည်တယ်လို့ထင်ပါတယ်. သြော် အပေါ်က term အသစ်လေး နှစ်ခုကို ရှင်းပြပါရစေ. ထွင်တဲ့လူက ဦးမြင့်ဆွေ ပညာရေးစိတ်ပညာဌာန (ရန်ကုန်ပညာရေးတက္ကသိုလ်) [ဆိုင်းဘုတ်တိုင်ထည်ထည်ဝါဝါ မရှိတဲ့ တက္ကသိုလ်] က ကထိကတစ်ယောက်ပါ. M Swe က ဆရာ့ရဲ့ကလောင်ပါ . အဲ ဒါပေမဲ့ ဝက်စာကျွေးပညာရေးစနစ်ကိုတော့ ကိုယ့်ကိုယ်ကို နားလည်တယ်လို့ထင်ပေမဲ့ မရှင်းပြတတ်ဘူးဗျ. ဝက်တွေကို အစာကျွေးတာမျိုးနေမှာပေါ့နော်. ကျက်တတော်လော်ဂျီ ဆိုတာက အဟဲ ကျနော်တို့ကျောင်းမှာ စာသင်ကြားရေး နည်းပညာအတွက် Methodology ဆိုတာ ရှိတယ်ဗျ. ဒါကို ဆရာက နမူနာယူပြီး ထွင်လိုက်တာနေမယ်. အနာဂတ်ရဲ့ မျိုးဆက်သစ်ကို ပညာရေနို့ တိုက်ကျွေးရမဲ့ ကျုပ်တို့လို အနန္တောအနန္တဂိုဏ်းဝင် (တကယ်တော့ မဟုတ်ပါ ဆရာတွေစားပေါက်ချောင်အောင် နောက်ပေါက်တွေက ထွင်ထားတာ) တွေ ကိုယ်တိုင်က ပေးသမျှစာတွေကို ကြက်တူရွေးနှုတ်တိုက် အဓိပ္ပာယ်ကို ကောင်းကောင်းနားမလည်ဘဲ မြန်မာ့နည်းမြန်မာ့ဟန် ဆိုတာလို နားလည်ချင်သလိုနားလည်တာမျိုးနဲ့ ကျက်ခဲ့ရတယ်လေ. ရှက်စရာတော့ကောင်းပါရဲ့ . ဒါဟာပြဿနာတစ်ခုပါ. ပြဿနာကိုသိတဲ့ အဆင့်နဲ့တင် ရပ်မနေသင့်ပါဘူး. ဝိုင်းဖြေရှင်းကြပါ. ဝိုင်းအဖြေရှာကြပါ. မဖြစ်ဖြစ်တဲ့နည်းနဲ့ပေါ့. တင်ပြပုံကို ခိုက်တယ်. ဒါကြောင့် အချိန်ပေးပြီး ဒီကော်မန့်ကို ရေးတာ. အသေချာဆုံးတစ်ခုက လက်ရှိစစ်အစိုးရ ဝန်ဆောင်မှုပေးနေတဲ့ မြန်မာနိုင်ငံပညာရေးက ဘဝအာမခံချက်လုံးဝ(လုံးဝ) မရှိဘူး ဆိုတာပါပဲ. ကျနော်တို့တတွေက နောက်ဆုံးသားကောင်တွေ မဖြစ်သင့်ဘူးလားဗျာ. ကျနော်တို့ကိုယ်တိုင်အတွက်၊ လူမျိုးအတွက်၊ နိုင်ငံအတွက်၊ ကမ္ဘာကြီးအတွက်၊ အားလုံးသော ဒုက္ခသည်တွေအတွက် ကျနော်တို့လုပ်နိုင်တာထက်ပိုလုပ်နိုင်အောင် ကြိုးစားကြပါစို့ရဲ့.

lwun said...

အင်း.... ဘယ်လိုမှ တော.မထင်ကြ ပါနဲ.ဝေဖန်တယ် ဆိုတာ ကဘယ်လို ဘဲဖြစ်ဖြစ်တိုးတက်တယ်ပေါ.လေ ဒီနေရာမှာ ကျွန်တော်တွေးမိတာ ပြောချင်ပါ တယ် ကျွန်တော် ကလည်း နိုင်ငံခြားမှာ ပညာသင်နေတဲ. လူပါ ကျွန်တော် တိုနိုင်ငံမှာ တကသိုလ် တန်းကျောင်းအပ် ရင်ဗျာ ပထမ လေးလ အတွက် ၄၇၅၀ကျပ် နဲ ဒုတိယလေးလ အတွက် ၃၅၀၀ ကျပ် လောက် ပေါ. စုစု ပေါင်း၈၂၅၀ ကျပ်ရယ်စာအုပ်ဖိုး ၅၀၀၀ ကျပ်လောက်ရယ် ဆို စာသင်နှစ် တခု ပြီးပါ တယ်
ဒီလိုပါ ဘဲ အခြေခံပညာ မှာဆိုရင်လည်း ကလေး တစ်ဦး ကို ကျောင်းအပ်ခါစ မှာ ငွေ ၁သောင်းလောက် ကုန်လိုက်ရင် စာသင်နှစ် တနှစ်ပြီးပါ တယ် စဉ်းစားကြည်.ကြပေါ.ဗျာ
အနောက်နိုင်ငံတွေ အနီးဆုံး စင်္ကာပူမှာတောင်ဗျာ မြန်မာငွေ ၁ သောင်းလောက် နဲ .စာသင်နှစ်တနှစ်ပြီးမယ်လို ကျွန်တော် မထင် ဘူး
ကျွန်တော် နိုင်ငီံမှာပြီးတယ်နော် ပြောရင်တော.တန်ရာ တန်ရာ ရတာပေါ. ဗျာ အမှတ်တကယ်တက်ချင်တယ် ဆိုရင်တော. ဗျာ လုပ်လို.ရတာပေါ. ဒါပေမယ်. လူတန်းစားက ရှိသေးတယ်လေ မြန်မာနိုင်ငံမှာဗျာ ဥရောပ နိုင်ငံတွေ က ပညာရေးလို သုံးရင် သုံးလို.ရတယ် အဲပညာရေး ကို ကလေးတွေက တက်ရင်တောင် မိဘတွေက ထောင်.ပန်.နိုင်ပါ.မလား ကျွန်တော် နိုင့်ငံခြားမှာ ကျောင်းတက်နေတာ ကျောင်းလခ ရယ် အဆောင်ခရယ် ကို တလ ကို $500 သွင်းနေရပါ တယ် မြန်မာ မှာ အဲလို သွင်းနိုင်တဲ မိသားစု က ဘယ်လောက်ရှိမှာလည်း ၁ လကိုနော် တနှစ် ကို မဟုတ် ဘူး အဲလို လုပ်ပေးလိုက်ရင်ကော ရည်ရှည်မှာ ဘာဖြစ်လာ မှာ လည်း လူတန်းစားပြသနာဖြစ်လာ မယ်လေ ပညာ တက် လူတန်းစားရယ် လိုပေါ်လာပြီး ဥရော ပ အလယ်ပိုင်း ခောတ်ကိုပြန် ရောက်မယ်လေ အရာအားလုံးက သုည ကနေ လာ တာ ပါ အဓိက က ပတ်ဝန်းကျင်က အရေးမကြီး ဘူး ရလို မှု.နဲ ဘဲ ဆိုင်တယ် လိုချင်တဲ စိတ်ရှိ ဖို.လို အပ်တယ် ကျွန်တော် အယူ အစ ပါ နော် ပေးတဲ သူက ဘယ်လောက်ပေးနေ ပါစေ မယူတက်ရင်လည်း မရပါ ဘူးဗျာ တခုတိုးတက်လာရင်တော. တခု စုတ်ယုတ်တက်ပါ တယ် ကျွန်တော် သိချင်တာ ကတော. အခုပညာရေး ကို တိုးတက်အောင် ဘာလုပ်မလဲ ၀ိုင်းတိုင်ပင်မယ် ဆိုရင် .............. မှားတာရှိရင်ခွင်.လွတ်ပါ ရှု.ထောင်.ကို တခုတည်းမရေးဘဲ ဘက်ပေါင်းစုံ လှည်.တွေးကြည်.စေချင်တယ်..... ကျေးဇူးပါ နော်

ye ye tin said...

KNOWING ME KNOWING YOU !!
BUT! WE CAN'T DO ANYTHING

Anonymous said...

ဆရာတစ်ယောက်ကပြောဖူးတယ် ပညာသင်တယ်ဆိုတာပိုက်ဆံရှာဖို့တဲ့
ပိုက်ဆံရှာလို့မရတဲ့အာမခံချက်မရှိတဲ့ပညာရေးကိုတကောက်ကောက်
လိုက်နေရင်းရင်နာလို့မဆုံးပါဘူး
ရုန်းထွက်ကြည့်မိတော့လည်းကိုယ့်နိုင်ငံအကျိုးအတွက်မဟုတ်ပဲသူများ
လူမျိုးကောင်းစားဖို့အရေးကျွန်ခံနေရတယ်လို့တွေးမိပြန်ရော