Thursday, November 29, 2007

ကျွန်တော်၏အရိပ်ဆိုးများနှင့် ၎င်းတို့၏တော်လှန်ပုန်ကန်မှုများ

အခန်း(၁)

ကျွန်တော်ကလူတစ်မျိုးဗျ။

လူတစ်မျိုးဆိုတာက တခါတလေ စံပြပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ကျွန်တော်အားကျမိတဲ့သူကိုပဲကြည့်လေ။
တခြားတော့ မဟုတ်ပါဘူး။ လမ်းဘေးမှာခွက်ဆွဲပြီး တောင်းစားနေတဲ့ သူတောင်းစားတစ်ယောက် ကိုပြောတာပါ။
ကျွန်တော့်မှာ အကြွေးတွေခေါင်ခိုက်အောင်ပိနေတဲ့အချိန် အကြွေးတွေထပ်မတင်အောင် နေထိုင်ပုံနည်းလမ်းတွေ ညွှန်ကြားပြသပေးခဲ့တဲ့ အဲဒီသူတောင်းစားက ကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်ပဲပေါ့။ တကယ်လို့ လူတွေအားလုံးသာ သူ့လိုနှိမ်နှိမ်ချချနဲ့ ချိုးခြံရောင့်ရဲစွာ နေတတ်ခဲ့မယ်ဆိုရင် ကမ္ဘာမြေကလည်း အရာရာမှာပိုလျှံနေတဲ့ ပဒေသာကုန်းမြေတစ်ခုတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပေါ့ဗျာ။

တခါတလေကြတော့လည်း ကျွန်တော်ကျိတ်ပြီးအားကျရတဲ့ သူရဲကောင်းက အိမ်ကြိုအိမ်ကြားမှာ လမ်းသလားနေတဲ့ ခွေးဝဲစားတစ်ကောင်ဖြစ်နေပြန်ရော။ အဲဒီအချိန်က ကျွန်တော်တဖက်သတ်ကြိုက်နေတဲ့ ဆယ်လီကာ (Cellica)/ခ ကားပေါ်ကကောင်မလေးကို ဘယ်လိုချည်းကပ်ရပါ့မလဲလို့ အသေခေါင်းစားနေတဲ့ အချိန်ပေါ့ဗျာ။ အနူလက်နဲ့ ရွှေခွက်လာနိုက်တယ်လို့ အပြောခံရမှာ ကျိန်းသေပေါက်ဆိုတော့ ကျွန်တော်က ဖွင့်ပြောဖို့ရဲနေနေသာသာ မျက်လုံးချင်းဆိုင်ပြီး စေ့စေ့တောင် မကြည့်ဝံ့ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်ချိတုန်ချတုန်ဖြစ်နေတုန်းမှာပဲ လမ်းဘေးကခွေးဝဲစားလေးက အဲဒီကောင်မလေးရဲအချစ်တော် ပေါ့ကက်ဒေါ့ဂ်ျ (Pocket dog) ခွေးမလေးကို အဆင့်အတန်းချင်း မိုးနဲ့မြေကွာခြားနေရက်နဲ့တောင် အချိန်အနည်းငယ်အတွင်းမှာ ရအောင်ပိုးနိုင်ခဲ့တယ်ဗျာ။ လေးစားပါတယ် မစ္စတာဂျစ်ပစီရယ်။ ခင်ဗျားကတော့ ဇတ်လိုက်ကျော်ပါပဲ။ မိန်းကလေးတစ်ယောက်ကို ဖွင့်ပြောရမှာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့သူတွေ အဲဒီခွေးဝဲစားလေးကို အတုယူကြဗျာ။

တခါတလေကျတော့လည်း ကျွန်တော်အတုယူအားကျမိတဲ့သူတွေက မြောင်းဘေးမှာပေါက်နေတဲ့ အလေ့ကျပန်းပင်တွေ ဖြစ်နေပြန်ရော။ အယူဝါဒမတူတဲ့သူတွေ တစ်ယောက်နဲ့တစ်ယောက် အားနည်းချက်တွေ အပြိုင်အဆိုင်ရှာဖွေပြီး ကြုံရင်ကြုံသလို တိုက်ခိုက်နေကြပေမယ့် အဲဒီပန်းပွင့်လေးတွေကတော့ ရန်မဖြစ်ကြဘူးဗျ။ တစ်ပွင့်နဲ့တစ်ပွင့် အရောင်တွေမတူညီကြပေမယ့် မင်းတို့တွေငါ့လို အရောင်မရှိတာမှားတယ်လို့ အဲဒီရောင်စုံပန်းပွင့်လေးတွေ တစ်ပွင့်နဲ့တစ်ပွင့် တစ်ခါမှမစွပ်စွဲကြဘူး။
အရောင်မတူတဲ့ ပန်းပွင့်လေးတွေကို ပန်းအိုးတစ်ခုတည်းမှာ အတူစုပြုံပြီးထည့်ထားသလို အယူဝါဒမတူတဲ့လူတွေကို အခန်းတစ်ခန်းထဲမှာ အတူစုပြုံပြီးထည့်ထားလိုက်ကြည့်ပါလား။ ရန်ပွဲတွေဆက်မနေဘူးဆိုရင် ခင်ဗျားတို့ ကျွန်တော့်ကို ကြိုက်သလိုသာပြော။

အင်း.....ခင်ဗျားတို့ကိုယ်တိုင်က
(ကျွန်တော်အပါအ၀င်)ကိုယ်နဲ့အမြင်မတူတဲ့လူတစ်ယောက်ကို တဖြည်းဖြည်း မုန်းစပြုလာခဲ့ပြီဆိုရင်တော့ ခုံဖိနပ်အဟောင်းတစ်ရံကိုကောက်စွပ်ပြီး နောက်ဖေးပန်းခြံထဲကိုသာ ခပ်မြန်မြန် ဆင်းကြည့်လိုက်.....။ အာဃာတတရားဆိုတာ ဘာမှန်းတောင်မသိတဲ့ ရောင်စုံပန်းပွင့်လေးတွေ ခင်ဗျားတို့ကို ပြုံးပြုံးကြီးစိုက်ကြည့်ပြီး လှောင်ပြောင်နေတာကို တွေ့ရပါလိမ့်မယ်။

အချို့ကတော့ မဟတ္တမဂန္ဒီကြီးရဲ့ပုံ၊ ချေဂွေဗားရားရဲ့ပုံ အစရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ပုံတွေကို အိမ်ဦးခန်းမှာ တခမ်းတနားချိတ်ဆွဲပြီးတော့ သူတို့ကပဲ အဲဒီလူတွေလို နေထိုင်ကျင့်ကြံနေသလိုမျိုး ဂိုက်မျိုးတွေဖမ်းတတ်ကြသေးတယ်ဗျ။ တကယ့်လက်တွေ့မှာကြတော့ သူတို့ရဲ့ အကျင့်စရိုက်တွေက အဲဒီပုဂ္ဂိုလ်ကြီးတွေရဲ့ အကျင့်စရိုက်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းစီပါ။ အဲ့ဒီလိုလူမျိုးတွေကိုတော့
ကျွန်တော်က အလှမ်းကျယ် အလယ်လတ်သမားတွေလို့ခေါ်ပါတယ်။
အဲဒါတွေကြောင့်လည်း အဲဒီပုဂ္ဂိုလ်ကြီးတွေရဲ့ခြေဖျားမပြောနဲ့ အရိပ်ကိုတောင် မနည်းမှီအောင်လိုက်နေရတဲ့ကျွန်တော် ကိုယ်နဲ့လက်လှမ်းမှီတာလေးတွေကိုပဲ ကျိတ်ပြီးအားကျနေခဲ့ရတာပေါ့ဗျာ။

အခန်း(၁၃)

ပြီးတော့ ကျွန်တော်ကလွတ်လပ်မှုဆိုတာကို ငယ်ငယ်ထဲက ဘုရားလိုကိုးကွယ်လာခဲ့တဲ့ကောင်။ ဓမ္မဒိဋ္ဌာန်ကျကျနဲ့ နည်းလမ်းတကျလာရောက် ချုပ်နှောင်မယ်ဆိုရင်တောင် ကျွန်တော်ကတော့ လွယ်လွယ်ကူကူနဲ့ လက်ခံမှာမဟုတ်ဘူး။ မတတ်သာလို့ အလွှမ်းမိုးအချုပ်အနှောင် ခံလိုက်ရမယ်ဆိုရင်တောင် အဲဒီထောင်ကိုဖောက်ပြေးဖို့ ထောင်ထဲစရောက်တဲ့နေ့မှာပဲ စတင်အကောင်အထည်ဖော်အားထုတ်မယ့် သူပုန်လိုကောင်က ကျွန်တော်ပဲပေါ့။

ကျွန်တော်မြတ်နိုးတဲ့ လွတ်လပ်မှုကို ခင်ဗျားတို့အနေနဲ့ ဗရမ်းဗတာဖြစ်မှုလို့ အဓိပ္ပါယ်ဖွင့်ဆိုချင်လည်း ဖွင့်ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွတ်လပ်စွာသဘောထားကွဲလွဲခြင်းကိုယ်တိုင်က ပင်မလွတ်လပ်မှုကြီးရဲ့ အဓိကကျအရေးပါတဲ့ ၀ိသေသလက္ခဏာတစ်ရပ် ဖြစ်နေလို့ပါပဲ။

ကျွန်တော်က အချိန်ရဲ့ချုပ်နှောင်မှုမခံရအောင် ဘယ်တော့မှနာရီမပတ်ဘူး။

ဘာသာတရားရဲ့ အချုပ်အနှောင်မခံရအောင် ကောင်းကင်ဘုံနဲ့ ငရဲတို့က လှမ်းခေါ်လို့မကြားနိုင်လောက်တဲ့ နေရာတစ်ခုမှာနေတယ် ( အဲဒီအတွက် ကျွန်တော်ပေးဆပ်ရတဲ့ အရင်းအနှီးကလည်း သိပ်တော့မပြောပလောက်ပါဘူး။ ဒိဋ္ဌိလို့ အခေါ်ခံရရုံလေးပါပဲ)။

လွတ်လပ်လှပါတယ်ဆိုတဲ့ငှက်တွေကိုတောင် လေရဲ့အထိန်းချုပ်ခံသတ္တ၀ါတွေအနေနဲ့ အားမကျမိခဲ့ဘူး။

ဒါကလည်း အကျဉ်းလောက်ပြောကြည့်တာပါ။ လွတ်လပ်မှုမရှိတဲ့နိုင်ငံတစ်နိုင်ငံမှာ လူဖြစ်လာခဲ့ရတဲ့ ကျွန်တော့်ရဲ့ လွတ်လပ်မှုအိပ်မက်တွေမက်ပြရရင် တစ်ထောင့်တစ်ညနဲ့တော့ ဘယ်လောက်လေလိမ့်မလဲ။

အဲဒါတွေကြောင့် လွတ်လပ်စွာပြောဆိုခွင့် မရှိမယ့်အတူတူ စကားတွေသိပ်ကြွယ်နေလည်း အပိုပဲဆိုပြီး ကျွန်တော်တက်နေတဲ့ စကားပြောသင်တန်းတွေအစား ဆွံ့အနားမကြားကျောင်းကိုပဲသွားပြီးတော့ အပြည်ပြည်ဆိုင်ရာဘာသာစကားကို ပြောင်းလည်းသင်ယူခဲ့တယ်။ ပြီးတော့ လူကြီးမင်းတွေ နားမလည်တဲ့ အဲဒီဘာသာစကားတွေနဲ့ အအတွေရဲ့ကြားမှာ ကျွန်တော့်ရဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေကို အပြည့်အ၀ အသုံးချကြည့်ခဲ့တယ်ဗျာ။ ဒါပေမယ့် ပြောစရာပါးစပ်ကြီးရှိနေရက်နဲ့ လက်တွေကိုပဲအချိန်ပြည့်လှုပ်နေရတော့ စိတ်တွေကတော့ဘယ်ပြေလိမ့်မတုန်းဗျာ။

အဲဒီတော့လည်း မစားရတဲ့အမဲ သဲနဲ့ပွတ် ဆိုသလို လွတ်လပ်ရေးရပြီး ပြန်အကျဉ်းကျနေတဲ့ နိုင်ငံရဲ့လွတ်လပ်ရေးနေ့ရောက်တိုင်း ဗန္ဓုလပန်းခြံထဲက လွတ်လပ်ရေးကျောက်တိုင်ကြီးကို
အပေါ်ယံစိမ်ထားတဲ့ရွှေတွေ ကွာကြမယ်အထင်နဲ့ ကျွန်တော်က သဲနဲ့သွားသွားပြီးပွတ်နေခဲ့မိတာပေါ့။ လူတွေကတော့ ကျွန်တော့်ကို စိတ်မနှံ့တဲ့အရူးတစ်ယောက်လို လက်ညိုးထိုးထိုးပြီးဝိုင်းရီခဲ့ကြတယ် (အမှန်ကတော့ သူတို့တွေအားလုံး ငိုနေခဲ့ကြတာပါ)။

အခန်း(၁၄)

ပြီးတော့ ကျွန်တော်က ကိုယ်ကလွဲရင် ဂျွန်အက်ဖ်ကနေဒီတောင် ဖြစ်ချင်ခဲ့တဲ့ကောင်မဟုတ်ဘူး။ သူများနဲ့မတူတဲ့ လူတစ်ယောက်သီးခြား ဖြစ်ခွင့်ရနေတာကိုက လူတစ်ယောက်ဖြစ်ရချင်းရဲ့ အဖိုးမဖြတ်နိုင်တဲ့ အခွင့်အလမ်းတစ်ခုလို့ ကျွန်တော်ကခံယူထားတယ်လေ။

အဲဒါကြောင့် ကျောင်းတက်တဲ့ အရွယ်တုန်းက ကျွန်ုပ်၏ရည်မှန်းချက်ဆိုတဲ့ စာစီစာကုံး ဖြေရတဲ့အခါတိုင်း ကျွန်တော်ကဘာဖြေရမှန်းမသိ ဖြစ်ဖြစ်နေခဲ့တာပေါ့။ စစ်ဗိုလ်ကြီးတစ်ယောက်၊ ဒါမှမဟုတ် ဆရာဝန်ကြီးတစ်ယောက်ဆိုပြီး ညာဖြေလိုက်ရင်လည်းပြီးတာပါပဲဆိုပေမယ့် ရင်ထဲမှာတကယ်ရှိမနေတဲ့ ရည်မှန်းချက်အတုတွေကိုတော့ ကျွန်တော်ကချမရေးချင်ခဲ့ဘူးလေ။

အဲဒါဆိုခင်ဗျားတို့က " ဒါဆိုမင်းက ဘာမှဖြစ်ဖြစ်မြောက်မြောက် ကောင်တစ်ကောင်မဟုတ်ဘူးပေါ့ " ဆိုပြီး လက်ညိုးထိုးဝေဖန်လာကြရင်လည်း ကျွန်တော်ကတော့ ငြင်းမိမယ်မထင်ဘူး။ တခါတလေ ကမြောက်ကခြောက် စာတိုပေစလေးတွေ ရေးတာကလွဲလို့
တကယ်လည်း ဘာကောင်မှ မှမဟုတ်တာ။ အဲဒါကလည်း ဖြစ်ဖြစ်မြောက်မြောက်မရှိလှပါဘူး။

တခါတလေ မူလတန်းကလေးတစ်ယောက်ရဲ့ စကားပြေအရေးအသားကတောင် ကျွန်တော့်ထက်သာချင်သာနေပါဦးမယ်။ တခြားလည်းဘာကိုမှ မလုပ်တတ်တော့ စာရေးဆရာလို့ ခေါ်ချင်လည်းခေါ်နိုင်ပါတယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ဝိသေသကို သူ့ရဲ့လုပ်ဆောင်ချက်တွေကိုကြည့်ပြီး အမည်ကင်ပွန်းတပ်ချင်တယ်ဆိုရင်ပေါ့ ( ဥပမာ။ ပန်းရံဆရာ၊ အထမ်းသမားနဲ့ ငါးစိမ်းသည်တွေကို ခေါ်သလိုမျိုး)။

ပြီးတော့ ကျွန်တော်စာရေးနေတဲ့အချိန်မှာ ကမ္ဘာကြီးကိုတော့ ဘယ်လိုအလှဆင်လိုက်မယ်၊ လူတွေကိုတော့ ဘယ်လိုပညာပေးလိုက်မယ်၊ ပြည်သူတွေကိုတော့ ဘယ်လိုအကျိုးပြုလိုက်မယ်ဆိုတဲ့ ခပ်မြင့်မြင့်စိတ်ဓါတ်တွေလည်း ရှိမနေခဲ့ဘူးဆိုတာ ၀မ်းနည်းစွာနဲ့ပဲ ၀န်ခံချင်တယ်ဗျာ။
အဲဒါကလည်း ကျွန်တော့်မှာ ပန်းအလှစိုက်တဲ့ မာလီတစ်ယောက်လို အတွေးအခေါ်မျိုး ရှိမနေခဲ့လို့လည်း ဖြစ်မှာပေါ့။

အခန်း(၁၅)

ပြီးတော့ ကျွန်တော်က လူလိမ်တစ်ယောက်ကိုသာ အပြောကောင်းလို့ ယုံချင်ယုံသွားမိလိမ့်မယ်။ ကံ ဆိုတဲ့ ကောင်ကိုတော့ သေလောက်အောင် မက်လုံးတွေလာပေးနေရင်တောင် မယုံဘူးဗျ။

ကြီးကြီးကျယ်ကျယ် ပြောတတ်ခဲ့ရင်တော့
(ဆရာတင်မောင်သန်းရဲ့) ငါသာလျှင်ငါ့ကံ၏ အရှင်သခင်စိတ် မျိုးလို့ ကျွန်တော်ပြောမိမယ်လို့တော့ ထင်တာပဲ။ ဒါပေမယ့်အဲ့ဒီလို ကြီးကြီးကျယ်ကျယ်တွေ ပြောရတာကိုလည်း သိပ်ဝါသနာမပါခဲ့လေတော့ ပြောဖြစ်လိမ်မယ်လို့မထင်ပါဘူး။ ကံကိုမယုံခဲ့လေတော့ ဗေဒင်မေးတာတို့၊ ထီထိုးတာတို့ ၊ ဘာမှမလုပ်ပဲ ထိုင်ဆုတောင်းနေတာတို့ကိုလည်း အပိုအလုပ်တွေလို့ ကျွန်တော်ကမြင်လာမိတော့တာပေါ့ (တကယ်လည်း အပိုအလုပ်တွေပါပဲ)။

အဲဒါကြောင့်လည်း " လူမစွမ်း နတ်မ " ဆိုတဲ့စကားပုံကို ကျွန်တော်ကအပြင်းအထန်ဝေဖန်ခဲ့တာပေါ့။ အစွမ်းအစမရှိတာကို ရှိလာအောင်မကြိုးစားပဲ ဘယ်မှာနေမှန်းမသိတဲ့ နတ်တစ်ကောင်ကိုမျှော်နေတဲ့ အဲ့ဒီလူရဲ့အဖြစ်က ရေချိုးချင်တာ မြစ်ဆိပ်မဆင်းပဲ မိုးရွာတာကို ထိုင်စောင့်နေတဲ့ လူလိုပါပဲ။ တကယ်အမြင်ကပ်စရာပါ (သနားဖို့လည်းကောင်းပါတယ်)။

အဲ့ဒီလို လူတွေအပြင်ကို ဘုရားသခင်၏အကူအညီဖြင့်ပြီး၏ ဆိုတဲ့လူတစ်ချို့လည်း ရှိတတ်သေးတယ်ခင်ဗျ။
ငါ့လူရယ်...ကိုယ့်အားကိုယ်ကိုးပါတော့လား။ တကယ်ဆို ငါ့လူရဲ့ ပြီးမြောက်ခြင်းတွေဟာ ငါ့လူပိုင်တဲ့လယ်ကနေ ငါ့လူကိုယ်တိုင်ထွန်ယက်စိုက်ပျိုးပြီး ရိတ်သိမ်းလာခဲ့တဲ့ ငါ့လူတစ်ယောက်တည်းပိုင်ဆိုင်တဲ့ အောင်မြင်မှုအသီးအပွင့်တွေဆိုတာ ငါ့လူတကယ်ပဲ မသိခဲ့လေရော့သလား။ ၀မ်းနည်းစရာပါပဲဗျာ။

အခန်း (၁၆)

ကျွန်တော်က ပျင်းရိနေတဲ့ဝက်တွေကဖြစ်တဲ့ ၀က်သားကိုမကြိုက်ဘူး။ ပိုးဟပ်တစ်ကောင်မြင်တိုင်း ခြေဖမိုးပေါ် မီးပွါးကျသလို စွေ့စွေ့ခုန်နေတတ်တဲ့သူတွေကို လည်းမကြိုက်ဘူး။ တရုပ်လုပ်ပစ္စည်းတွေနဲ့ မော်စီတုန်းရဲ့ချောင်းဟန့်သံကိုလည်း မကြိုက်ဘူး။ နှစ်ဆယ့်တစ်ရာစုမှာ ပဒေသရာဇ်ဝတ်စုံတွေ ပြန်ပြန်ပြီးကောက်စွပ်နေတဲ့သူတွေကိုလည်း မကြိုက်ဘူး။ မိန်းမလိုမိန်းမရစိတ်နဲ့ ယောက်ျားတွေကိုလည်း မကြိုက်ဘူး။ ကျဉ်းမြောင်းတဲ့အချစ်ရေးအမြင်ရှိတဲ့ သ၀န်ခပ်တိုတိုမိန်းမတွေကိုလည်း မကြိုက်ဘူး။ အတွေးအခေါ်အဟောင်းတွေသာရှိတဲ့ လက်တစ်ဆုပ်စာ ဦးခေါင်းခွံနဲ့လူတွေကိုလည်း မကြိုက်ဘူး။ လက်သင့်ရာစားတော်ခေါ်တတ်တဲ့ နရသီဟပတေ့ကိုလည်း မကြိုက်ဘူး။ စစ်အာဏာရှင်စနစ်နဲ့ အေအိုင်ဒီအက်စ်ရောဂါကိုလည်း မကြိုက်ဘူး။ ခံယူချက်ခိုင်ခိုင်မာမာမရှိတဲ့ ရေလိုက်ငါးလိုက်ကောင်တွေကိုလည်း မကြိုက်ဘူး။ ဘယ်အချိန်နားထောင်နားထောင် ငှက်ဆိုးထိုးသံထက်မပိုတဲ့ ပေါ်လစီသီချင်းဆိုတဲ့ကောင်တွေရဲ့အသံတွေကိုလည်း မကြိုက်ဘူး။ ပြီးတော့ သရုပ်မှန်ဝတ္ထုတွေကိုလည်း မကြိုက်ဘူး။

အဲဒါတွေကြောင့်လည်း ကျွန်တော်မကြိုက်တဲ့သူတွေက ကျွန်တော့်ကို မကြိုက်ကြဘူး။ ဖြစ်သင့်တဲ့အရာတစ်ခုလို့ ထင်ပါတယ်။ ဒါပေမယ့် ပြင်ပ ပယောဂတွေနဲ့ အပြီးအပိုင် အဆက်အသွယ်ဖြတ်ထားပြီးဖြစ်တဲ့ ကျွန်တော့်အတွက်ကတော့ အကြိုက်ခံရခြင်းနဲ့ အကြိုက်မခံရခြင်းကြားမှာ တူညီတဲ့ ညီမျှခြင်းတစ်ခုသာခြားနေတဲ့အတွက် ဘယ်လိုရလဒ်တွေအပေါ်မှာမှ ထူးခြားတဲ့ခံစားမှုရယ်လို့ ဖြစ်မလာနိုင်တော့ပါဘူး။
အဲ့ဒီသီအိုရီကိုတော့ အရာအားလုံးကို သုညလို့မြင်အောင် လေ့ကျင့်ယူထားခဲ့တဲ့ ကျွန်တော့်က သုညသီအိုရီလို့ ခပ်လွယ်လွယ်ပဲ ခေါ်ပါတယ်။

ပြီးတော့ ကျွန်တော်က ပယ်နီဆီလင်ဆေးပြားတွေနဲ့ မတည့်ဘူး။ ၀မရှိပဲဝိလုပ်နေတဲ့ကောင်တွေနဲ့လည်း မတည့်ဘူး။ လက်နက်လေးတစ်ခုကိုင်ရတာနဲ့ စိတ်ကြီးတွေဝင်ပြီး ကိုယ့်ကိုကိုယ် ရှင်ဘုရင်လို့ထင်နေတဲ့ကောင်တွေနဲ့လည်း မတည့်ဘူး။ ပြည့်တန်ဆာမတွေရဲ့ အပေါစားနုတ်ခမ်းနီတွေနဲ့လည်း မတည့်ဘူး။ ကာရံကဗျာတွေနဲ့လည်း မတည့်ဘူး။ သတင်းစာစက္ကူကမီးလောင်လို့ထွက်လာတဲ့ ညှော်နံ့တွေနဲ့လည်းမတည့်ဘူး။ သစ်ခွပန်းရဲ့ရနံ့နဲ့လည်းမတည့်ဘူး။

ပြီးတော့ တခါတခါကျွန်တော့်ကို ပြန်ပြန်ပြီးအာခံတတ်တဲ့ ကျွန်တော့်ရဲ့ သူပုန်ဆန်ဆန် အရိပ်တွေ နဲ့လည်း လုံးဝမတည့်ဘူးဗျ။

(မှတ်ချက်။ အထက်ပါဖော်ပြချက်များသည် ကျွန်တော်၏အရိပ်ဆိုးများမှ ကျွန်တော်တစ်ဦးတည်း အပေါ်၌သာရှုမြင်သော ကျွန်တော်၏ကိုယ်ရေးကိုယ်တာ ပျော့ညံ့ချက်များသာဖြစ်၍ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ သက်ဆိုင်ချင်းအလျှင်းမရှိပါ။)

<မင်းတစေ>

8 comments:

ကောင်းကင်ကို said...

ဘယ်နှစ်နာရီ ထိုးပြီလဲ ဗျို့ ။ အော…ခင်ဗျားက နာရီမှ မပတ်ပဲ။ ဆောရီးဗျို့ ။ ဟီးဟီး :D

ကောင်းကင်ကို said...

"လွတ်လပ်လှပါတယ်ဆိုတဲ့ငှက်တွေကိုတောင် လေရဲ့အထိန်းချုပ်ခံသတ္တ၀ါတွေအနေနဲ့ အားမကျမိခဲ့ဘူး။"

မိုက်လှချည်လားဗျ။ လူကိုမိုက်တယ်လို့ ပြောတာ မဟုတ်ဘူး၊ လူကလိမ္မာမှာပါ။ :D အရေးအသားကိုပြောတာ။

လင်း said...

အားပါးပါးအရေးအသားကတော့လန်ထွက်နေတာဘဲ။
မိုက်တယ်ဗျို့ 

Saung Yune La (aka) Way said...

Very good morde post bro. I like very much.

Saung Yune La (aka) Way said...

Very good morde post bro. I like very much.

Angel said...

ခံယူချက်ခိုင်ခိုင်မာမာမရှိတဲ့ ရေလိုက်ငါးလိုက်ကောင်တွေကိုလည်း မကြိုက်ဘူး။ ...me too.

မေငြိမ်း said...

ဟဲဟဲ.. မည်သူတဦးတယောက်နဲ့မှ သက်ဆိုင်ခြင်းမရှိဆိုသော်လည်း
အချဉ်ပေါက်တဲ့ စိတ်တွေက ကိုယ်နဲ့တော့ ခပ်ဆင်ဆင်..

BLACK DREAM said...

ကျွန်တော်လည်း ကျွန်တော့အရိပ် နဲ့စစ်ဖြစ်နေတာကြာပြီ.. :) အကိုဖတ်ပြီးပြီထင်ပါတယ်