Tuesday, November 27, 2007

ပြာဖြစ်သွားသောမီးတောက်


သင်္ချိုင်းမြေတစ်ခုလုံး သုဿန်တစ်စပြင်လို ခြောက်သွေ့စွာ တိတ်ဆိတ်နေသည်။

" တောက်...လူတွေကလည်းကွာ သေကိုမသေနိုင်ဘူး "

လူရမည်အထင်နှင့် ကြိုတင်၍ တူးထားခဲ့သော မြေကျင်းအလွတ်တွေကိုကြည့်ကာ သူ တစ်ကိုယ်တည်း ဆဲဆိုကြိမ်းမောင်းနေမိသည်။

ဘာလိုလိုနှင့် သူဒီကျင်းတွေ တူးထားခဲ့တာ သုံးလပင်ပြည့်တော့မည်။ လူသေတစ်ယောက်မပြောနှင့် ခွေးသေတစ်ကောင်ပင် ထည့်မမြုပ်ရသေး။ (တချို့ကခွေးတွေသေလျှင်လည်း လူတွေသေသလို တခမ်းတနားနှင့် လာရောက်မြုပ်နှံကြသည်(ဈေးတော့ သိပ်မရ))။

သူ့ ၀မ်းဗိုက်ကို မှန်မှန်ဖြည့်နေနိုင်ဖို့အတွက် သူ့ကျင်းတွေမှာ လူတွေမှန်မှန်ပြည့်နေဖို့ကလည်း လိုသည်။ ထို့ကြောင့် ကျင်းအလွတ်တွေနှင့်အပြိုင် သူ့ဝမ်းဗိုက်ထဲတွင်လည်း ဟာ၍နေသည်။

ခက်တာက သူကလည်း သေမင်းမဟုတ်လေတော့ လူတွေသေအောင် အမိန့်ပေးခိုင်းစေနိုင်သည့် အစွမ်းသတ္တိမျိုးတွေ သူ့မှာမရှိ။ သေမင်းဆိုတဲ့ကောင်ကလည်း ကိုယ့်အလုပ်ကိုယ် မှန်မှန်မလုပ်တာကို ကြည့်ရင်တော်တော်အပျင်းကြီးတဲ့ သတ္တ၀ါတစ်ကောင် ဖြစ်ပုံရသည်။ ဘာလိုလိုနဲ့ ဒီကောင်ကြီး အလုပ်လာမဆင်းခဲ့တာ အတော်ပင်ကြာမြင့်ခဲ့ပြီ။

ဒီအလုပ်ကို စွန့်လွတ်ပြီး တစ်ခြားအလုပ်တစ်ခုပြောင်းလုပ်ဖို့ ဆိုတာကလည်း သူက မြေကျင်းတူးပြီး မြေပြန်ဖို့တာလောက်ပဲ လုပ်တတ်ခဲ့တာ ဆိုတော့တော့ ဘယ်လိုမှဖြစ်နိုင်မည်မထင်။

ဒါတွေထက် ပိုအရေးကြီးတာက သူ့မိသားစုတွေ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းခဲ့တဲ့ သုဘရာဇာဆိုသည့် မျိုးရိုးဂုဏ်ကို သူ့လက်ထက်ကျမှ ဘယ်လိုနည်းနှင့်နှင့်မျှ အကွယ်အပျောက်မခံနိုင်။ ဒါပေမယ့် သူ ဒီအတိုင်းလက်ပိုက်ပြီး လူသေတွေကို ထိုင်စောင့်နေရင်တော့ ထမင်းငတ်ပြီး သူကိုယ်တိုင် မသာတစ်ကောင်ဖြစ်သွားရုံကလွဲ၍ ဘာမှဖြစ်လာမည်မထင်မိ။ ထို့ကြောင့် သူတစ်ခုခုတော့ လုပ်ရတော့မည်။

သရဏဂုံပေးသည့် အုတ်ခုံပေါ်ကျောဆန့်ရင်း အတွေးတွေကို မြေဖို့လိုက်၊ ပြန်ဖော်လိုက်နှင့် သူ တစ်ယောက်တည်း အကြိမ်ကြိမ်တူးဆွနေမိသည်။ သူ့၏ အမြဲတမ်းဖောက်သည်ဖြစ်သော သေခြင်းတရားဆိုသည့် အရာကိုလည်း အတိတ်၊ ပစ္စုပ်ပန်၊ အနာဂါတ် ဥတုသုံးပါးစလုံးနှင့် ငရဲမီးအကြိမ်ကြိမ်စားကြည့်နေမိသည်။

" သေခဲ့သည်၊ သေသည်၊ သေလိမ့်မည် "

" သေနေခဲ့ပြီးပြီ၊ သေနေခဲ့သည်၊ သေနေခဲ့ပြီးတော့မည် "

" သေနေခဲ့ပြီးလိမ့်မည်၊ သေနေလိမ့်မည်၊ သေနေတော့လိမ့်မည် "

" သေခြင်းခံခဲ့ရသည်၊ သေခြင်းခံရသည်၊ သေခြင်းခံရလိမ့်မည် "

" သေအောင်လုပ်ခဲ့သည်၊ သေအောင်လုပ်သည်၊ သေအောင်လုပ်လိမ့်မည် "

!..သေခြင်းခံရသည်.....မဟုတ်ဘူး....သေခြင်းခံရတာ မဟုတ်ဘူး.....အသတ်ခံရတာ။

!...ဒါဆိုသေအောင်လုပ်သည်ကလည်း...အင်း...သတ်သည်ပေါ့။

သတ်၍သေသည်။ တစ်စုံတစ်ယောက်သတ်သောကြောင့် တစ်စုံတစ်ယောက်သေသည်။

သေသောလူသည် လူသေဖြစ်သည်။ ဟာ...ဟုတ်ပြီ...ငါလိုခြင်တာ လူသေ၊ ငါ့ကျင်းထဲမှာ လာမြုပ်မယ့်လူသေ။

ဒါဆိုသတ်တဲ့လူရှိနေရင် သေတဲ့လူဆိုတာလည်း ရှိပြီပေါ့။

သတ်တဲ့လူ......သတ်တဲ့လူ.....သတ်တဲ့လူ.......မဟုတ်ဘူး ..လူသတ်သမား

သူ့မျက်နှာကြီးတစ်ခုလုံး အလောင်းပေါင်း မြောက်များစွာကို တပြိုင်နက်တည်း မြင်လိုက်ရသလို ချက်ခြင်းဝင်းထိန်သွားသည်။

ဟုတ်တယ်....ငါလူသတ်သမား လုပ်ရမယ်။ ငါတူးထားတဲ့ ကျင်းတွေပြည့်ဖို့ ငါကိုယ်တိုင် လူလိုက်ရှာရမယ်။

ငါ့ကို ဘယ်သူမှ အလုပ်လာမပေးလည်း ငါ့ကိုယ်ငါ အလုပ်ပြန်ပေးရမယ်။

အင်းလေ...လူသတ်သမားဆိုတာကလည်း နာမည်ကသာဆိုးတာပါ၊ တခြားတစ်ဖက်ကကြည့်ရင်တော့ လူသေအလောင်းတွေကို အနစ်နာခံပြီး မွေးထုတ်ပေးနေတဲ့ နာမည်ပျက်နဲ့ မိခင်တစ်ယောက်ပါပဲ။

သူ့ဆုံးဖြတ်ချက်တွေကို သူ့ဖာသာသူ ကျိတ်၍ အားပေးရင်း သူနေထိုင်သော ဇရပ်အိုဘက်သို့ သူ ခြေဦးပြန်လှည့်လိုက်သည်။ ဤသို့ဖြင့် မျိုးရိုးဂုဏ်ထိန်းသိမ်းမှုနှင့် ငတ်ပြတ်မှုဝေဒနာကြား လွန်ဆွဲနေသော သူစိတ်တွေ နောက်ဆုံး၌ အဖြေကို တွေ့ရှိသွားခဲ့သည်။

လူသတ်သမားဖြစ်ပြီဆိုမှတော့ လူသတ်လက်နက်ကောင်းကောင်း တစ်ခုတော့ရှိဖို့ လိုနေသည်။ သူ့ဇရပ်အတွင်းတွင်ရှိသော လူကိုသေစေနိုင်သည့် ပစ္စည်းတွေကို လိုက်ရှာ၍ သူစာရင်းလုပ်ကြည့်လိုက်သည်။

-သူ့လက်နှစ်ဖက် (ကိုယ့်ထက် ဗလကြီးတဲ့ကောင်နဲ့ဆိုဘာမှ အသုံးမ၀င်တော့)

-မြေတူးတဲ့ဂေါ်ပြား (ချက်ကောင်းကိုထိရင် တစ်ချက်တည်းနဲ့ ပွဲသိမ်းဆိုပေမယ့် ဖွက်ပြီးသယ်သွားဖို့ကမလွယ်)

-ခြုံရှုင်းတဲ့ဓားမ ( အသွားကလိမ်၍ သံချေးတွေတက်နေသည်)

-အင်္ဂတေကိုင်တဲ့ သံလျှက် ( သံလျှက်ကို ဤမြို့၌ သူနှင့် ပန်းရန်ဆရာ နှစ်ယောက်သာ သုံးသောကြောင့် ရဲတွေအလွယ်တကူ ခြေရာခံမိသွား နိုင်သည်)

၅-၀ါးရင်းတုတ် ( အဲဒါကြီးနဲ့လူတစ်ယောက်ကို ထပ်ခါတလည်းလည်း သေအောင်ရိုက်ဖို့က သွေးဆာနေတဲ့ လူတွေသာတတ်နိုင်သည်။ သူ့လို တက်သစ်စ လူသတ်သမားတစ်ယောက် အတွက် မည်သို့မျှ မဖြစ်နိုင်)

၆-လျှော်ကြိုး ( လည်ပင်းကိုခပ်တင်းတင်း ဆွဲနိုင်ရင် ကိစ္စပြီးပေမယ့် လူတစ်ယောက်ရဲ့အနောက်ကို တိတ်တိတ်လေးခိုး ၀င်ဖို့ဆိုတာက အလေ့အကျင့် ရှိမနေသည့် သူ့အဖို့ သိပ်မလွယ်ကူလှ)

၇-အုတ်နီခဲ ( တစ်ချက်တည်းနှင့် မသေပါက မေ့သွားသည်ဆိုဦး ပြန်လည်သတိရလာပါက သူ့မျက်နှာကြီးကို အသေအခြာ မှတ်မိသွားနိုင်သည်)

သူ ရှာတွေ့တာတွေကို ဘာတစ်ခုမှ စိတ်တိုင်းမကျ။

ဒီလိုနှင့် ဟိုမွှေဒီမွှေ လျှောက်၍ မွှေနှောက်ရင်း သူ့အဖေ မသေခင်က အသုံးပြုခဲ့သည့် သေတ္တာအဟောင်းတစ်လုံးကို ချောင်တစ်ချောင်၌ သူသွားတွေ့သည်။ အစုတ်ကြီးဖြစ်နေသော်လည်း အဖေ့ပစ္စည်းဟောင်းတစ်ခု ဖြစ်နေ၍သာ သူ လွှင့်မပြစ်ရက်ပဲ ဒီအတိုင်း ချောင်ထိုးထားခဲ့ခြင်းဖြစ်သည်။ အထဲမှာ ဘာတွေရှိနေခဲ့မှန်းတော့ သူ အသေအချာမသိ။ သေတ္တာက အတော်ဟောင်းနေတော့ ခတ်ထားသည့် သော့တောင်မှ သံချေးတွေ အလိပ်လိပ်တက်နေသည်။ သေတ္တာကိုခြေနှင့် ဆောင့်ကန်ကြည့်လိုက်တော့ အထဲ၌ တစ်ခုခုရှိနေသည့် အသံမျိုးထွက်လာသည်။

" ဂလွမ်း...ဂလွမ်း "

အဲဒါနဲ့ သူလည်း ဖွင့်ကြည့်ချင်စိတ်ပေါက်လာတာနဲ့ မြေတူးတဲ့ ဂေါ်ပြားကြီးနဲ့ အားပါးတရ နှစ်ချက်သုံးချက်ဆောင့်ရိုက်လိုက်ပြစ်လိုက်တယ်။
သော့က ဖြောင်းကနည်းမြည်ပြီး နှစ်ပိုင်း ပြုတ်ထွက်သွားပေမဲ့ သေတ္တာအဖုံးက တော်တော်ကျပ်နေတော့ သေတ္တာကြီးပွင့်ဖို့ အတွက်
သူသေတ္တာဖင်ကို ခြေထောက်နဲ့ အားရပါးရ ကန်လိုက်ရသေးတယ်။ ဒါပေမယ့် အထဲမှာ သတင်းစာ စက္ကူနဲ့ ပတ်ထားတဲ့ အထုပ်တစ်ထုပ်ရယ်၊ စာတစ်စောင်ရယ်ကလွဲလို့ ဘာမှရှိမနေခဲ့တော့ သူနဲနဲတော့ စိတ်ပျက်သွားခဲ့တယ်။ အဲဒါနဲ့ စိတ်ကသိပ်မပါတော့တာနဲ့ အထုပ်ကို ဖြေမကြည့်သေးပဲ စာကိုအရင်ကောက်ဖတ်လိုက်တယ်။ စာက သူ့အဖေလက်ရေးနဲ့တော့ ရေးထားတာပါပဲ။

သား/

အဖေ မင်းအတွက် အင်မတန်အသုံးဝင်သလို အင်မတန်မှလည်း ကြောက်စရာကောင်းတဲ့ ပစ္စည်းတစ်ခုထားရစ်ခဲ့တယ်။

ဒါပေမယ့် မင်းစိတ်ကို မင်းမနိုင်သေးရင်တော့ အထုပ်ကို ဖြေမကြည့်နဲ့ဦး။ အေး..မင်းကိုယ့်စိတ်ကိုကိုယ် ထိန်းနိုင်ပြီဆိုတော့မှ အဲဒီအထုပ်ကိုဖြေပြီး အထဲကပစ္စည်းကို အကျိုးရှိသလို အသုံးချကွာ။ အဖေအဓိက မှာချင်တာကတော့ မျိုးရိုးဂုဏ်ကို မထိခိုက်စေနဲ့။ ဒါပဲ ငါ့သား။

အဖေ

မျိုးရိုးဂုဏ်တဲ့။ လာပြန်ပြီ။ အဲဒါကြီးကြောင့် အခုသူထမင်းငတ်နေရပြီလေ။ အကျိုးရှိတာ မရှိတာ အပထား၊ အထဲမှာ ဘာတွေပါတယ်ဆိုတာကိုတော့ သူတော်တော်သိချင်လှပြီ။

သတင်းစာ စာစက္ကူထုပ်ကို ဆကြည့်လိုက်တော့ ခပ်လေးလေးဖြစ်နေသည်။ ဘာကြီးလဲဟ။ ရွှေတုံးကြီးလား။ မဖြစ်နိုင်၊ ရွှေတုံးကြီးရှိနေမှတော့ သူ့အဖေလည်း ဘယ်သုဘရာဇာ လုပ်ပါ့မလဲ။ သူ စိတ်တွေလှုပ်ရှားစွာနဲ့ပဲ စက္ကူထုပ်ကို ဖြေးဖြေးခြင်း ဖြေချကြည့်လိုက်သည်။

" ဟာ "

အလွန်အမင်းအံသြမှုနှင့် ၀မ်းသာမှုတို့ပေါင်းစပ်၍ သူ့ပါးစပ်မှကျယ်လောင်သော အာမေဋ္ဋိတ်သံ တစ်ခုထွက် ဖြစ်သွားသည်။ ပြောင်စင်းမဲနက်နေသော ခြောက်လုံးပြူးသေနတ်ကြီး တစ်လက် ကင်းမလက်မဲကြီးတစ်ကောင် အိပ်မောကျနေသလို ငြိမ်ဝပ်၍ သူ့လက်တွေထဲ၌ ကပ်၍ပါလာသည်။

သေနတ်ရဲ့ အေးစက်စက်အထိအတွေ့က သူ့စိတ်တွေကို အလိုလိုကြွတက်လာစေသည်။ သူ့နှလုံးသွေးတွေကလည်း အလိုလိုလည်ပတ်နေရင်းမှ ဆူပွက်၍တက်လာသည်။

ထင်ရာစိုင်းချင်သော သူ့စိတ်တွေ ပုံမှန်ပြေးလွှားနေရာမှ ချက်ချင်း ဇက်ကြိုးတွေပြုတ်ထွက်ပြီး အထိန်းအကွပ်မဲ့နေသော မြင်းရိုင်းတွေလို ကဆုန်ပေါက်၍ ဒုန်းစိုင်းထွက်လာကြသည်။

နောက်ဆုံး သူ့ကိုယ်သူ ဘုရင်တစ်ယောက်လို့တောင် စိတ်ထဲမှာ ထင်နေတဲ့အထိဖြစ်လာပြီး သူတစ်ယောက်ထဲ အမှောင်ထဲ၌ တိတ်ဆိတ်စွာ ဘ၀င်တွေမြင့်နေမိသည်။ သူ့လက်ထဲမှာ အလွန်ပြင်းထန်တဲ့ ပေါက်ကွဲမှုနဲ့ လူကိုသေစေနိုင်တဲ့ နတ်ဆိုးတစ်ကောင် ရောက်ရှိနေခဲ့ပြီ မဟုတ်ပါလား။

သေနတ်ရဲ့အလေးချိန်ကလည်း ဂေါ်ပြားကို ကိုင်ရသလို ယက်ကန်ယက်ကန်ဖြစ်မနေပဲ စေးစေးပိုင်ပိုင်နှင့် ကိုင်ရတာ အလွန်လက်တွေ့လှသည်။ သေနတ်ကို သူ ကောင်းဘွိုင်တစ်ယောက်လို သေချာ ကျကျနနကိုင်၍ သူ့ဇရပ်အတွင်းရှိ ပစ္စည်းတွေအားလုံးကို လိုက်ချိန်ပြီး အနိုင်ကျင့်ပြစ်လိုက်သည်။ ပြီးတော့ သူ့ကိုယ်သူ သဘောကျစွာဖြင့် အကျယ်ကြီးအော်ရီပြစ်လိုက်သည်။

" ဟား....ဟာ...ဟား...ဟား............... "

သတ်စရာလက်နက်လည်းရှိပြီ။ လူသတ်သမားကလည်း သူကိုယ်တိုင်။ သေတဲ့လူတွေကို မြုပ်မယ့်ကျင်းတွေကလည်း စောင့်နေကြပြီ။ ဇတ်ပို့ဇတ်ရံတွေက အားလုံးအဆင်သင့် ဖြစ်နေကြပြီ။ အဓိကဇတ်ကောင် ဓါးစာခံ သေရမည့်လူသာ ကျန်တော့သည်။ အဲဒါကလည်း သိပ်မခက်။ သူ့ဘက်ကလက် ညှိးလေးတစ်ချက်ကွေးလိုက်ရုံမျှသာ။ ဟုတ်တယ်...သူ့ဘက်ကအဲဒီ လက်ညှိးလေးအသာကွေးပြီး တခန်းခန်းက လွယ်လွယ်ကူကူ ပါဝင်ကပြလိုက်ရုံပါပဲ။ ဇတ်လမ်းတစ်ခုလုံးက သူ့ဘာသာ ပြီးပြည့်စုံသွားလိမ့်မည်။

ဇရပ်ရဲ့အပြင်ကို သူလှမ်းကြည့်လိုက်တော့ သချိုင်းတစ်ခုလုံး မည်းမှောင်၍ တိတ်ဆိတ်နေသည်။ ကိစ္စမရှိ။ နောက်နှစ်ရက်သုံးရက်ဆိုရင် ဒီနေရာကြီး ငိုသံတွေနှင့် ပွဲဈေးတန်းတစ်ခုလို ပြန်လည်စည်ကားလာတော့မည်။ သူသိပ်အချိန်ဆွဲမနေချင်တော့။ ဒီညပဲ လုပ်ငန်းစတော့မည်။

သူ့ကိုလူတွေမမှတ်မိအောင် သေချာကျကျနနရုပ်ဖျက်ဖို့ လက်တွေအားနေအောင် သေနတ်ကို သူ စားပွဲပေါ်သို့ ခဏလှမ်းတင်လိုက်သည်။ ဒါပေမယ့် သူ့လက်တွေကနေ သေနတ်လွတ်ထွက်သွားတာနဲ့ တပြိုင်နက် သူ့တစ်ကိုယ်လုံးမှာရှိတဲ့ ဆူပွက်နေတဲ့သွေးတွေ ချက်ချင်းပြန်ငြိမ်ကျသွားပြီး ကြောက်စိတ်လိုလို၊ အားငယ်စိတ်လိုလို အရာတွေ သူ့ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်အစားထိုး ၀င်ရောက်လာခဲ့သည်။

ဆာလောင်မွတ်သိပ်နေသော အချိန်၌ အစာအိမ်ဖောက်ထုပ်ခြင်းခံရသော ခံစားမှုမျိုး သူရုတ်တရက် ခံစားလိုက်ရသည်။ ကြောက်ကြောက်လန့်လန့်နှင့် သူ သေနတ်ကို ပြန်လည်ကောက်ယူလိုက်သည်။ ပြီးတော့ ဘယ်တော့မှ လက်ကမလွှတ်တော့မည့်ပုံဖြင့် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြစ်လိုက်သည်။

ရုပ်ဖျက်တဲ့ အနေနဲ့ အရင်ဆုံး သူ စစ်ဦးထုပ်တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းလိုက်ပြီး မျက်နှာကိုလည်း အိုးမည်းအနည်းငယ် လိမ်းကျံလိုက်သည်။ သေနတ်ကိုတော့ သူ့ဘောင်းဘီရဲ့ဘေးအိတ်တစ်ခုထဲ အသေအချာထိုးထည့်လိုက်ပြီး အပေါ်ကနေလုံနေအောင် ကုတ်အင်္ကျီအစုတ်တစ်ထည်ကိုလည်း ကျကျနန ထပ်စွပ်ပြစ်လိုက်သည်။ ကိုယ်လုံးပေါ်မှန်အကွဲကြီးထဲမှာပေါ်နေတဲ့ သူ့ပုံကို သူကျေနပ်အားရပြီဆိုတော့မှ သူ ဇရပ်ပေါ်မှ အောက်သို့ဆင်းလာခဲ့တော့သည်။

သချိုင်းထဲကဖြတ်လာရင်း လွတ်နေသော မြေကျင်းတွေဘေးရောက်တော့ ကျင်းတွေဘက်ကို ကြည့်ကာနုတ်ဆက်လိုက်သေးသည်။

" ဟိတ်ကောင်ကြီးတွေ...ဆာနေကြပြီလား။ ဘာမှမပူနဲ့တော့ဟေ့...ဘာမှမပူနဲ့တော့ "

ထို့နောက် လမိုက်ည၏ မှောင်ရိပ်တွေကို အကာအကွယ်ယူရင်း လူတွေရှိရာဘက်သို့ သူ မှန်းဆ၍ထွက်လာခဲ့သည်။

အေးစက်နေသော သေနတ်ဒင်ကြီးက ပါးလှပ်သည့် သူ့ဘောင်းဘီအိတ်ကို ဖောက်ထွင်းကာ ခြေလှမ်းတွေလှမ်းလိုက်တိုင်း သူ့ပေါင်ကို လာလာပွတ်နေသည်။ သူ့စိတ်တွေထဲမှာတော့ အလွန်အဆိပ်ပြင်းသည့် ကင်းမလက်မဲကြီး အိပ်ယာမှနိုးထလာပြီး လူးလွန့်သမ်းဝေနေသလို ခံစားနေရသည်။ အင်းလေ...သူလည်း စိတ်လှုပ်ရှားနေရှာမှာပေါ့။ မကြာခင် သူ့လက်မ မည်းမည်းကြီးတွေကနေ လူတွေအပေါ်ကို အဆိပ်ရည်တွေ အန်ထုတ်ပြစ်ရတော့မှာဆိုတော့........။

လူတွေရှိရာဘက်ကို သွားနေရင်း သူ့စိတ်ကူးတွေထဲ၌ လူတွေကို တစ်ယောက်ပြီးတစ်ယောက် မြေဖို့ကြည့်နေသည်။ ဒါပေမယ့် အရင်နဲ့ မတူတော့တာက အဲဒီလူတွေအားလုံးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်နေရာတိုင်းလိုလို၌ အပေါက်ကြီးများ ပါ၍နေကြခြင်းဖြစ်သည်။ သူမြေတွေဖို့လိုက်တိုင်းလည်း မြေကြီးတွေက ထိုအပေါက်ကြီးတွေမှတစ်ဆင့် သူတို့ခန္ဓာကိုယ် ပွပွကြီးများအတွင်းသို့ စိမ့်၍၀င်သွားကြသည်။ အရင်ကထက်စာရင် မြေနည်းနည်းပိုပြီး ဖို့ပေးရဖို့က သေချာသလောက်ဖြစ်နေပေမယ့် မြေတူးကျွမ်းကျင်သည့် သူ့အတွက်တော့ ဒါတွေက သိပ်ပြီးမပြောပလောက်။ လုပ်ပေးသင့်တယ်ဆိုတာက အဲဒီအပေါက်တွေကို သူကိုယ်တိုင်ပဲ ဖောက်ပြစ်ခဲ့တာကိုး.........။

ဒီလိုနှင့် တိတ်ဆိတ်နေသော လူနေရပ်ကွက်တွေကို သူဖြတ်ကျော်လာခဲ့ပြီး လူအနည်းငယ်ရှိနေနိုင်သေးသည့် မြို့လည်ကောင်ဘက်ကို လမ်းကြိုလမ်းကြားတွေကို အကာအကွယ်ယူရင်း သူပန်းတက်လာခဲ့သည်။

ရုပ်ရှင်ရုံတစ်ရုံရဲ့ ဆန့်ကျင်ဘက် အမှောင်ရိပ်တစ်ခုကိုရောက်တော့ သူခဏရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို သေချာအကဲခတ်ကြည့်လိုက်သည်။ ရုပ်ရှင်ရုံကဆိုင်တွေ မသိမ်းသေးတာထောက်ရင်တော့ ရုပ်ရှင်ပြီးပုံမရသေး။ ထို့ကြောင့် ရုပ်ရှင်ပြီးတဲ့အထိ အမှောင်ထဲကပဲ စောင့်နေဖို့ သူဆုံးဖြတ်လိုက်သည်။ အခုတိတ်ဆိတ်နေသေးတယ်ဆိုပေမယ့် ရုပ်ရှင်ပြီးလျှင်တော့ အထဲကလူအုပ်ကြီး ရေကာတာလွှတ်လိုက်သလို ဝေါကနဲ ထွက်ကျလာလိမ့်မည်။ အဲဒီအခါ သူက ဘယ်လိုမှ မလွှဲနိုင်တဲ့ ပြစ်မှတ်ကြီးကို မျက်စိတွေတောင် စုံမှိတ်ပြီး မချိန်ပဲပြစ်ထည့်လိုက်ရုံပေါ့။ ဘယ်သူ့ကိုသွားမှန်တယ် ဆိုတာတွေကတော့ သူ့အတွက် သိပ်အရေးမကြီးလှ...။ တစ်ယောက်ယောက်..ဒါမှမဟုတ်လည်း နှစ်ယောက်သုံးယောက် လောက်ပေါ့။ ဒါပေမယ့် အဲဒါတွေ အားလုံးကို သူတစ်ယောက်ထဲ ဒိုင်ခံပြီးမြုပ်ရမှာဆိုတော့ ထို့ထက်ပို၍တော့ သူ မသေစေချင်။

သူစိတ်ကူးတွေယဉ်နေတုန်း ရုပ်ရှင်ရုံတံခါးက ပွင့်ကျလာပြီး သူထင်ထားတဲ့အတိုင်း ရေကာတာကြီးကျိုးသလို လူတွေ တဝေါဝေါနှင့် ထွက်ကျလာသည်။ သူ့အုပ်စုနှင့်သူ စကားတပြောပြောနှင့် ထွက်လာနေသော လူအုပ်ကြီး တဖြည်းဖြည်းနှင့် လမ်းမပေါ်သို့ရောက်လာသည်။ ဓာတ်မီးတိုင်တို့၏ အလင်းရောင်ဖြင့် ပျော်ရွှင်မြူးထူးနေသော လူတို့၏မျက်နှာကို သူအထင်းသားမြင်နေရသည်။

သူတို့ရဲ့ပျော်ရွှင်မှုက သူ့ဆီကို ကူးစက်လာသလိုနဲ့ သူ တစ်ချက်ပြုံးဖြစ်သွားသည်။ သူနဲ့ဘာရန်ညိုးရန်စတွေမှ မရှိခဲ့တဲ့ လူတွေကိုကြည့်ပြီး သူ့ကိုယ်သူ နောင်တရသလိုလိုဖြစ်လာသည်။ သနားစိတ်လိုလို၊ ဂရုဏာစိတ်လိုလို နှင့် သူ့စိတ်တွေအလိုလိုပျော့ပြောင်းသွားသည်။ သူမှားခဲ့လေပြီ။ တကယ်ဆို ဒီလူတွေက သူ့ရဲ့ထမင်းရှင်တွေဖြစ်ကြသည်။ သူ့တစ်ကိုယ်လုံး ထူပူပြီး အသားတွေကလည်း တဆတ်ဆတ်တုန်နေသည်။ သူ့လျှာကို သူပြန်ကိုက်ပြီး တံတွေးတွေကိုလည်း အကြိမ်ကြိမ်မြိုချမိနေသည်။

လမ်မကြီးတစ်ခုလုံး လူတွေလျှံသွားတဲ့အထိ သူချိတုံချတုံဖြစ်နေတုန်း လမ်းမအစွန်မှာ လျှောက်နေတဲ့ လူတစ်ယောက် သူ့ဘက်ကိုအမှတ်တမဲ့နှင့် လှမ်းကြည့်လိုက်တော့ သူလည်း ကမန်းကတန်းယောင်ပြီး ဘောင်းဘီအိတ်ထဲသို့ လက်နိုက်မိသွားသည်။

သေနတ်ကို လက်ကထိလိုက်သည်နှင့် သူ့ထံ၌ ကိန်းအောင်းနေကြသော သနားစိတ်တွေ၊ ကြောက်စိတ်တွေ ချက်ချင်းလိုလိုပင် လွင့်စင်ပျောက်ကွယ် သွားကုန်သည်။ သူ့သွေးကြောများထဲသို့ စိတ်ရိုင်းများ ပြန်လည်ကဆုန်ပေါက်ဝင်လာကြပြီး နှလုံးသွေးများလည်း ပြန်လည်ဆူပွက်လာခဲ့သည်။

တချိန်ထဲမှာပဲ သူ့ရင်ထဲက မကောင်းဆိုးရွားကြီးက သူ့ရဲ့ရိုင်းစိုင်းတဲ့ စိတ်တေလေကို အထွပ်အထိတ်ထိ တွန်းပို့လိုက်တော့ သူ့လက်ဖျား၌ ကင်းမလက်မဲကြီး စွေ့ကနဲပါလာသည်။ ထို့နောက် ပြောင်စင်းမဲနက်နေသော မိစ္ဆာကောင်ကြီးကို သူကြောက်လန့်တကြားနှင့် ညှစ်ချလိုက်လေသည်။

သူ့ပြန်သတိဝင်လာလို့ လမ်းမပေါ်လှမ်းကြည့်လိုက်တော့ လူတွေက ရုတ်ရုတ်သဲသဲ အော်ဟစ်၍ ပြေးလွှားနေကြပြီ။ လမ်းမပေါ်မှာ အချိန်အနည်းငယ်အတွင်းက ရယ်မောနေကြတဲ့ လူအုပ်ကြီး ခြေဦးတည့်ရာပြေးသူကပြေး၊ အော်သူကအော်နှင့် ငရဲခန်းတစ်ခုလို ဆူညံပွက်လောရိုက်သွားကြသည်။

သူ့စိတ်ထဲမှာလည်း အမှားအမှန်တွေဆိုတာ မသိတော့ပဲ ထင်ရာစိုင်းနေတဲ့ သူ့ရဲ့လက်တွေက သေနတ်မောင်းကို နောက်နှစ်ချက်တိတိ ထပ်ဆွဲပြစ်လိုက်သည်။ မလှမ်းမကမ်းမှာတော့ လူနှစ်ယောက်လောက် လဲကျသွားတာ မြင်လိုက်ရသလိုလိုရှိပေမယ့် မိစ္ဆာမီးလျှံတွေ တဟုန်ဟုန်းတောက်နေတဲ့ သူ့မျက်လုံးတွေက မြင်ကွင်းကို မှုံတိမှုံဝါးဖြစ်နေစေတော့ အဲဒါကလည်း သိပ်တော့မသေချာလှ။ သူပြစ်လိုက်တဲ့သူတွေ သေမသေဆိုတာ သေချာစောင့်ကြည့်နေချင်သေးပေမယ့် လူတစ်ချို့က အုတ်နံရံတွေ အကာအကွယ်ယူပြီး သူ့ကိုကြည့်နေတာ တွေ့လိုက်ရတော့ သူလည်းပြန်သတိဝင်လာပြီး လာရာလမ်းဘက်သို့ တဟုန်ထိုးပြန်လှည့်ပြေးလာခဲ့သည်။ သူ့လက်တွေထဲမှာတော့ အဆိပ်ငွေ့တွေလောလောလတ်လတ် မှုတ်ထားတဲ့ ကင်းမလက်မဲကြီးတစ်ကောင် ခြေကားယား လက်ကားယားဖြစ်လို့ပေါ့...။

" အပြစ်ခံရမယ်ဟေ့။ သတိထားပြီးလိုက်ကြ "

လူတွေက တစ်ယောက်နှင့်တစ်ယောက် အော်ဟစ်သတိပေးရင်း ခြံစည်းရိုးတိုင်တွေကို အကာအကွယ်ယူ၍ သူ့နောက်မှ ပြေးလိုက်လာကြသည်။ တစ်ချို့ကလည်း ချက်ချင်းပဲ ဘယ်ကကောက်ဆွဲလာမှန်းမသိတဲ့ ဒုတ်တွေ၊ ဓါးတွေ ကိုယ်စီနဲ့ပေါ့။ သူ့လက်ထဲမှာ သေနတ်ကို ဆက်လက်ကိုင်ထားဆဲ ဆိုပေမယ့် ရဲတင်းတဲ့သူ့စိတ်တွေလည်း သူ့ဖနောင့်တွေနဲ့အတူ တင်ပါးနှင့်တသားတည်း ဖြစ်နေကုန်ကြပြီ။

ညာသံပေး၍လိုက်လာနေကြသော ကြိမ်းဝါးသံတွေက သွေးဆာနေသော သားရဲကောင်တွေရဲ့ မာန်ဖီသံတွေလို သူ့ကို ခြောက်လှန့်ရင်း သူ့အနောက်မှတွယ်ကပ်၍ လိုက်ပါလာကြသည်။ မုဆိုးအဖြစ်မှ သားကောင်တစ်ကောင်အဖြစ်သို့ သူ ပြန်လည်၍ရောက်ရှိသွားခဲ့ပြီ။ ရှိသမျှအားအင်တွေကို ဖြစ်ညှစ်ပြီူးခြေကုန်သုတ်နေပေမယ့် သူသချိုင်းဝရောက်သည် အထိ လူအုပ်ကြီးမှ သူ့ကိုမျက်ခြေမပြတ်ခဲ့။

" သချိုင်းထဲဝင်ပြေးပြီဟေ့။ လိုက်ကြ။ လိုက်ကြ "

သချိုင်းထဲရောက်သည်နှင့် သူနေထိုင်သော ဇရပ်ဘက်ဆီသို့ ဦးတည်၍ ခြေဦးလှည့်လိုက်သည်။ မြေကျင်းအလွတ်တွေဘေးက ဖြတ်ပြေးလာတော့ သူ တစ်ခုခုစဉ်းစားမိသလိုနှင့် ဆက်မပြေးတော့ပဲ မြေကျင်းအလွတ်တစ်ခုထဲသို့ ခုန်ချလိုက်သည်။ သူ့တစ်ကိုယ်လုံး နတ်ပူးနေသလို တုန်ရီနေပြီး အထွပ်အထိပ်ရောက်နေတဲ့ အားငယ်စိတ်ကလည်း သူ့တစ်ကိုယ်လုံး ပျံနှံ့စီးဆင်းလို့နေသည်။ တဖြည်းဖြည်းနှင့် သူပုန်းအောင်းနေတဲ့ မြေကျင်းဘက်ကို လျှောက်လာတဲ့ ခြေသံတွေက ပိုမိုကျယ်လောင်လာသည်။

" ဒီကောင် ဒီနားမှာပဲပျောက်သွားတာ။ သေချာရှာကြဟေ့။ တွေ့ရင်တော့လားကွာ။ ချက်ချင်း အရေခွံဆုတ်ပြစ်မယ်။"

"@$%&*+#@%&*%+~*%$#%$#@&*^!%^*&%#@$#&%..."

လူတွေ ပုံစံမျိုးစုံဖြင့် သူ့ကို ဇီဝိန်ချွေကြတော့မည်။ သူ့တစ်ကိုယ်လုံးက အမွှေးတွေ ထောင်တက်လာပြီး ကြောက်စိတ်တွေလည်းက ပြင်းထန်စွာဖြင့် ငယ်ထိပ်ကို တက်ဆောင့်နေကြပြီ်။ သူ့လက်ထဲက သေနတ်ကို ပို၍ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကျင်းနုတ်ခမ်းဝကို ဟိုဟိုဒီဒီနှင့် သွေးပျက်စွာ လျှောက်ချိန်နေမိသည်။

သေနတ်ကို ကြည့်လိုက်တော့ ကျည်ဆံက သိပ်မရှိတော့။ သူအလွန်ဆုံးပြစ်လို့ရ နှစ်ယောက်သုံးယောက်ထက် ပိုမည်မထင်။ ကျည်ဆံတွေကုန်သွားခဲ့ရင်ရော။ ဒေါသထွက်နေသော လူအုပ်ကြီး၏ မန်ဖီကြုံးဝါးသံတွေကို သူပို၍ကျယ်လောင်စွာ ကြားနေရသည်။ မကြာခင် သူတို့ သူ့ကို အပေါ်စီးမှနေ၍ ဓါး၊ လှံ၊ ဒုတ်မျိုးစုံဖြင့် ၀ိုင်းဝန်းကာအမဲဖျက်ကြတော့မည်။ တွေးနေရင်း သူဇောချွေးတွေ ရွှဲနစ်လာသည်။

ထိန့်လန့်စရာ နာကျင်မှုတွေကို သူခြောက်ခြောက်ခြားခြားနှင့် ရပ်စောင့်မနေသင့်တော့။ တစ်သက်နှင့်တစ်ကိုယ် တွေးပင်မတွေးမိဘူးသော အရာတစ်ခုကို သူ မလုပ်မဖြစ် လုပ်ရတော့မည်မှန်း သိလိုက်ရသည်။ သေနတ်ကို သူ့ပါးစပ်ဖျားသို့ လှမ်းတေ့လိုက်သည်။

" မြေကျင်းတွေထဲမှာ ရှာကြဟေ့။ ဒီကောင် ဒီနားတင်ပဲ ပျောက်သွားတာ။ "

သေမင်းရဲ့ဖိနပ်ရှပ်တိုက်သံလို ခြေသံလျှလျှတွေ သူ့ကျင်းနုတ်ခမ်းဝသို့ တွားဆင်းလာသည်။ သေနတ်ပြောင်းဝကို သူအာခေါင်ထဲ ခပ်နက်နက်စိုက်ထားလိုက်ပြီး ပြောင်းကိုလည်း တအားကိုက်ထားလိုက်သည်။ ကျင်းထဲသို့ ပထမဆုံး အရိပ်တစ်ခုဖြတ်ခနဲ ကျလာသည်ကိုမြင်လိုက်ရသည်နှင့် တပြိုင်နက် သူမျက်စေ့တွေ စုံမှိတ်ပြီး သေနတ်မောင်းကို အားကုန်ညှစ်ချလိုက်သည်။

" ဒိုင်း "

တခဏအကြာ၌ ကျင်းနုတ်ခမ်းဝသို့ လူများစုပြုံရောက်ရှိလာသည်။ ပြီးတော့ တစ်ယောက်တစ်ပေါက်နှင့် ဆူညံစွာ အော်ဟစ်ပြောဆိုနေကြသည်။

" ဟာ....ဒီကောင် ကိုယ့်ဖာသာကိုယ် ကိစ္စတုံးသွားပြီဟ "

" တောက် ! ငါ့လက်နဲ့ မလုပ်လိုက်ရတာ နာတယ်ကွာ "

" သေချာကြည့်ကြစမ်းဟေ့...ဘယ်ကကောင်လဲလို့ "

" ဒီကောင် ဒီမြို့ကမဟုတ်တာတော့ သေချာတယ် "

" ကျင်းထဲကိုဆင်းပြီ သေချာကြည့်ကြစမ်းပါဟ "

" နေကြဦးဟေ့..တစ်ယောက်ယောက် သုဘရာဇာ သွားခေါ်ကြပါလား "

" ဟိုနားက ဇရပ်ပေါ်မှာ သူနေတယ်ဗျို့ "

" နေနေ...ကျွန်တော်သွားခေါ်လိုက်မယ် "

.....................................................

" ဗျို့..........သုဘရာဇာ.........ဟေ့လူ ခင်ဗျား..အိပ်နေတာလား"

" ဒီမှာ အလုပ်အပ်မလို့ဗျ "

<မင်းတစေ>

19 comments:

နှံကောင် said...

သိပ်ကောင်းတယ်

လေးမ said...

ဖတ်လို့လဲကောင်း...တွေးလို့လည်းကောင်းတယ်...။ အနီရောင် စာလုံးတွေက အရောင်တွေလက်နေတယ်....။

BLACK DREAM said...

သိပ်ကိုထူးချွန်တယ်ဗျာ

Winkabar said...

အရမ်းကောင်းတာပဲ။ အစအဆုံးဆွဲဆောင်နိုင်တယ်။
တော်တယ်အစ်ကိုရယ်။

Angel said...

မျိုးရိုးဂုဏ်တဲ့။ လာပြန်ပြီ။ အဲဒါကြီးကြောင့် အခုသူထမင်းငတ်နေရပြီလေ။

ဟား....ဟာ...ဟား...ဟား.

မောင်မျိုး said...

အရမ်းကောင်းတယ်...အစကနေ အဆုံးတိုင် စာဖတ်သူကို ဆွဲဆောင်သွားတဲ့ အရေးသာကဂွတ်တယ်ဗျာ...

မြရွက်ဝေ said...

အရမ်းဖတ်လို့ကောင်းတယ်။ တင်သမျှစာတိုင်း ဆွဲဆောင်မှုရော အဓိပ္ပါယ်ပါရှိတယ်။

Saung Yune La (aka) Way said...

လူသတ်သမားဆိုတာကလည်း နာမည်ကသာဆိုးတာပါ၊ တခြားတစ်ဖက်ကကြည့်ရင်တော့ လူသေအလောင်းတွေကို အနစ်နာခံပြီး မွေးထုတ်ပေးနေတဲ့ နာမည်ပျက်နဲ့ မိခင်တစ်ယောက်ပါပဲ။
တယ်ကောင်းတဲ့အတွေးအခေါ်ပါလားညီလေးရေ…

ကောင်းကင်ကို said...

ဟေ့လူ၊ ခင်ဗျား အိပ်နေတာလား၊ ကျွန်တော်အလုပ် အပ်မလို့ ဗျ။

ကောင်းကင်ကို said...

ဟီးဟီး :-D

chaos said...

အော်ကိုမင်းတစေက
ဝတ္ထုရေးတာ ကောင်းလိုက်တာ
နာလိုဘူးနော်
ရေးတတ်ချင်တယ်

http://pyaesonelay.blogspot.com said...

လေးစားပါတယ်ဗျာ ။ ဆွဲဆောင်မှုလည်းရှိတယ်။ အသက်လည်းဝင်တယ်။ ရသလည်းမြောက်တယ်။
အမြဲအားပေးနေပါတယ်။

Nyein Chan Aung said...

ရဲရင့်တဲ့အတွေးအခေါ်နဲ့ ပြောင်မြောက်တဲ့အဖွဲ့အနွဲ့ပါပဲ။

Chit Lay Pyay said...

္ထဝတ္ထု လေးက ကောင်းလိုက်တာ၊ အရေးအသားရော အတွေးအခေါ် ရော မိုတ်တယ်၊ အားပေးနေပါတယ်။

pandora said...

လန့်စရာပါလား

မျှားပြာ said...

ခဏ ခဏဖတ်ရမဲ့ စာတပုဒ်ဗျာ ...။
အဆင်ပြေပါစေဗျာ ...။

နှင်းပွင့်ဖြူလေး said...

ကောင်းတယ် ဗျာ ၀တ္ထု လေးက..
ကိုယ့် ကျင်း ကို တူးဖြစ်သွားတာပေါ့ ...
ရေးပါ အုံး . နောက်ထပ် ၀တ္ထု လေးတွေ
ကိုမင်းတစေက အရေး အသားကောင်းတယ် နော် ..
အစ အဆုံးကို ဆွဲဆောင် သွားတယ်
.. မုန့်ကျွေးနော်.. ဟီး

ခင်တဲ့
နှင်းပွင့်ဖြူလေး

linoo2007 said...

မင်္ဂလာပါ ...blog တွေပိတ်ထားခံရလို့ လာမနှုတ်ဆက်ဖြစ်တာ ခွင့်လွှတ်ပါ
..၀တ္ထုလေးက ကောင်းလိုက်တာ

Anonymous said...

ဟဲ..ဟဲ...မျောက်ကနေ..လူဖြစ်လာပြီ..

သင်ကာ