Monday, November 12, 2007

အချိန်


အမှန်က အချိန်ဆိုတာ လူတွေမှားယွင်းစွာ တီထွင်လိုက်မိတဲ့ လှောင်အိမ်ကြီးတစ်ခုပေါ့။

လှောင်အိမ်ကြီးကို စဆောက်တုန်းကတော့ နဂါးငွေ့တန်းကြီးကိုပဲ ဖမ်းထည့်တော့မလိုလို၊ စကြာဝဋ္ဌာကြီးတစ်ခုလုံးကိုပဲ ဖမ်းထည့်တော့မလိုလိုနဲ့ ရည်ရွယ်ချက်တော်တော်ကြီးမားခဲ့ကြတယ်။

ဒါပေမယ့် လှောင်အိမ်ကြီး ပြီးသွားတော့မှ သူတို့ကိုယ်တိုင်အထဲမှာ ပိတ်မိနေတာသိသွားပြီး ချက်ချင်းပြန်ထွက်ဖို့ကြိုးစားကြပေမယ့် ဘာနဲ့မှဖွင့်လို့မရအောင် သူတို့ကိုယ်တိုင် လှောင်အိမ်ကို အသေပိတ်ခဲ့တာဆိုတော့ အဲဒီအချိန်ကစပြီး လှောင်အိမ်ထဲမှာနေလာခဲ့ရတာ ဒီနေ့အထိပဲဆိုပါတော့။

အဲဒီလှောင်အိမ်ကို တစ်ချို့ကတော့ နာရီတဲ့၊ တစ်ချို့ကလည်းပြက္ခဒိန်တဲ့၊ တစ်ချို့ကလည်း ရာသီဥတုတဲ့။ အမျိုးမျိုးလှည့်ပတ်ပြီး လှပအောင်ခေါ်နေကြပေမယ့် သူကတော့ သူ့ရဲ့မူလနာမည် လှောင်အိမ် လို့ပဲခေါ်တယ်။

အဲဒီ လှောင်အိမ်ကြီးထဲမှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်လို့ ခေါ်တဲ့ အခန်းသုံးခန်းကလည်းထပ်ရှိနေသေးတယ်။

အတိတ်ဆိုတဲ့ အခန်းထဲမှာ လူတွေနေခဲ့ သယောင်ယောင်ခြေရာလက်ရာတွေကျန်ရှိနေခဲ့ပေမယ့် အခုတော့ ဘယ်သူမှရယ်လို့ အထင်ကရ မရှိကြတော့ပဲ လူတွေအစား သမိုင်းစာအုပ်တွေရယ်၊ ဆေးသားခပ်မှိန်မှိန်ပန်းချီကားတွေရယ်၊ မှိုတက်နေတဲ့နောင်တတွေရယ်၊ အရည်ပျော်နေတဲ့အိပ်မက်တွေရယ်၊ နောက် ဘာမှန်းမသိတာတွေရယ် အစရှိတဲ့အရာတွေကိုပဲ တွေ့ကြရတော့တယ်။

အလယ်က ပစ္စုပ္ပန်ဆိုတဲ့ အခန်းမှာတော့ ပိတ်မိနေတဲ့ လူတွေစုပြုံပြီး နေကြတယ်။ သူ့ဘေးက အနာဂါတ်ဆိုတဲ့ အခန်းကတော့ ဘာမှမရှိပဲအမြဲတမ်းလိုလို ပြောင်သလင်းခါလို့ပေါ့။

တခါတလေ လူတွေက ပစ္စုပ္ပန်ဆိုတဲ့ အလယ်ခန်းထဲမှာ နေရတာမွန်းကျပ်လွန်းတယ်ဆိုပြီး တစ်ချို့ကအတိတ်ကိုပြန်သွားဖို့ ကြိုးစားကြတယ်။ တစ်ချို့ကလည်း ဆေးရာတောင်မပွန်းသေးတဲ့ အနာဂါတ်ဆိုတဲ့ အခန်းထဲကိုမျက်စောင်းထိုးလို့ပေါ့။

ဒါပေမယ့် အတိတ်ဆိုတဲ့အခန်းက ဘယ်တော့မှအထဲကို အသေအခြာဝင်လို့မရတဲ့ ပြတိုက်လို အလုံပိတ် အခန်းမျိုးဆိုတော့ လူတွေက အနာဂါတ်ဆိုတဲ့ အခန်းဖက်ကိုခြေဦးလှည့်ကြပြန်ရော။ အဲဒီအခန်းက အလယ်မှာလည်းဘာမှ ကာမထားတော့ ၀င်ရတာလည်းပိုအဆင်ပြေတယ်လေ။ ဒါပေမယ့် ၀င်သွားပြီးတဲ့ လူတိုင်း အဲဒီအခန်းထဲကို ဘယ်တော့မှ ရောက်သွားတယ်ဆိုတာမရှိပဲ ပစ္စုပ္ပန်အခန်းကြီးရဲ့တစ်နေရာရာကိုပဲ ပြန်ပြန်ရောက်လာကြတော့ အဲဒီအခန်းကြီးတကယ်ရှိတယ် ဆိုတာဟုတ်မှဟုတ်ရဲ့လားလို့ လူတွေကသံသယ ၀င်လာကြပြန်တယ်။

နောက်ဆုံး အခေါက်ခေါက်အခါခါကြိုးစားကြည့်ပြီး လုံး၀၀င်လို့မရတော့မှ အဲဒီအနာဂါတ်ဆိုတဲ့ အခန်းဟာ တစ်ကယ်မရှိတဲ့ (3) Dimension ရုပ်လုံးကြွ အခန်းတစ်ခုမှန်း သိလိုက်ရပြီး လူတွေနဲ့အမှန်တကယ်သက်ဆိုင်တာ ပစ္စုပ္ပန်ဆိုတဲ့ အခန်းတစ်ခန်းသာရှိကြောင်း သဘောပေါက်လာကြတယ်။

တကယ်ဆို တရိပ်ရိပ်တိုးပွါးနေတဲ့ ကမ္ဘာ့လူဦးရေရဲ့မျက်နှာကို ထောက်ထားပြီး အချိန်ဆိုတဲ့ အဖိုးကြီးက ကိုယ်ခြင်းစာစိတ်အပြည့်နဲ့ တခြားအခန်းတွေကိုလည်း လူတွေနေဖို့ ဖွင့်ပေးသင့်တာပေါ့။

ဒါပေမယ့် အဲ့ဒီအဖိုးကြီးက ခေါင်းမာသလောက် အသက်ရှည်ပြီး၊ အသက်ရှည်သလောက်လည်းခေါင်းမာတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ တောင်းပန် တောင်းပန် အတိတ်နဲ့ အနာဂါတ်အခန်းတွေက သူ့ကိုယ်ရေးကိုယ်တာကိစ္စအတွက်ပဲဆိုပြီး ဘယ်တော့မှဖွင့်မပေးခဲ့ဘူး။

အသက် (၁၅) ဘီလီယံပဲ ရှိသေးတဲ့ စကြာဝဋ္ဌာတောင် ခေါင်းမာတဲ့ အဖိုးကြီးရဲ့အသက်နဲ့ယှဉ်လျှင် သူ့မြေးအရွယ်လောက်ပေါ့။

ဒါပေမယ့် အဲဒီအဖိုးကြီး ဘယ်လောက်ပဲ အသက်ကြီးကြီး၊ နယူတန်ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ သူ့ကိုသာမန် ရူပဗေဒမတ္တာတစ်ခုလိုပဲ သဘောထားဆက်ဆံခဲ့တယ်။

နယူတန်က အချိန်ဆိုတာ မျဉ်းဖြောင့်တစ်ကြောင်းလို အဆက်မပြတ်ဖြစ်ပေါ်နေတဲ့ ရွေ့ရှားမှုဆန်တဲ့ ဟင်းလင်းပြင်တဲ့။

ပြီးတော့ မျဉ်းဖြောင့်ပေါ်က အမှတ်တိုင်းဟာလည်း တစ်ခုနဲ့တစ်ခု ထိမနေတဲ့အတွက် အဲဒီအချိန်ဆိုတဲ့ အရာက ကာလတစ်ခုကနေ နောက်တစ်ခုကို ဘယ်တော့မှ ဖြတ်စီးမသွားဘူးတဲ့။

အဲဒါ နယူတန်ကြီး ဟေရာကလိုက်တပ် လို့ခေါ်တဲ့ ဂရိတစ်ကောင်ရဲ့ စကားကို သံယောင်လိုက်ထားတာပါ။

ဟေရာကလိုက်တပ်က အချိန်ဆိုတာ မြစ်ရေ လိုပဲလို့ပြောတယ်။ အခုသူ့ခြေထောက်ကိုလာထိနေတဲ့ မြစ်ရေက နောက်တခါသူ့ခြေထောက်တွေကို လာမထိနိုင်တော့ဘူးတဲ့။

ဟေရာကလိုက်တပ် ရယ်..အ ရန်ကော။ မြစ်ရေတက်ချိန်ကို ပြန်စောင့်ရောပေါ့။ မြစ်ဆိုတာ အတက်၊ အကျ သဘောတွေရှိတယ်ဆိုတာ မင်းနဲနဲတော့ သိထားသင့်တာပေါ့။

သူကတော့ ရေကျချိန်တွင်သူ့ကိုနမ်းဆွတ်သွားသော မြစ်ရဲ့ရနံ့မျိုး ရေပြန်တက်လာချိန်မှာလည်း ပြန်လည်ရရှိနေသလို ခံစားနေရသည်။

ဒါကြောင့်လည်း နယူတန်နှင့် ကလိုက်တပ် တို့နှစ်ယောက် မြင်သလို အချိန်ကို လီနီယာ (Linear) တစ်ခုလို သူမြင်ကြည့်၍ မရခဲ့။


မနက်ဖြန်မနက် ဆိုတာကြီးကို မျှော်လင့်ပြီး အိပ်ယာဝင်သွားတဲ့ လူတွေ မနက်လည်းမိုးလင်းရော မနက်ဖြန်မနက် ဆိုတာကြီးအစား ဒီနေ့မနက်တွေထဲကိုပဲ အခေါက်ခေါက်အခါအခါ ပြန်ပြန်လိမ့်ကျနေရတာကို တွေ့တွေ့နေရတဲ့ သူကတော့ အချိန်ကို စက်ဝိုင်းကြီးတစ်ခုအဖြစ်သာ မြင်မိလေသည်။

"မဟုတ်ဘူး။ မင်းတို့ထင်နေသလိုမဟုတ်ဘူး။"

အိုင်စတိုင်းကပြောပြောဆိုဆို သူ့ရဲ့နိုင်းရဓမ္မတရားစာအုပ်ကြီးကို ရှေ့ချပြီး "အချိန်ဆိုတာ စတုတ္ထမြောက်ဒိုင်မေးရှင်းကွ" ဆိုပြီး စကားဝိုင်းထဲကိုဝင်လာတယ်။

ကျွန်တော်က….."ဘာလည်းဗျ..နိုင်းရဓမ္မတရားဆိုတာက"…ဆိုတော့

သူက "မင်းသိခြင်ရင် ငါပြောတဲ့ အတိုင်းလိုက်လုပ်"တဲ့။

ကျွန်တော်က…အင်း…..ဆိုတော့ သူက Timer တစ်ခုဆွဲထုတ်လိုက်ပြီး အချိန် (၁၀) မိနစ် တိတိပေးလိုက်တယ်။

ပြီးတော့ ကျွန်တော့်ကို မီးဖိုကြီးတစ်ခုနားခေါ်သွားပြီး (၁၀) မိနစ်မပြည့်မခြင်း ရပ်နေလို့လဲ ပြောတယ်။ ကျွန်တော်လည်းဘုမသိဘမသိနဲ့ ရပ်နေရတာပေါ့။ မီးဖိုကချစ်ချစ်တောက် ပူနေတော့ ကျွန်တော့်စိတ်ထဲမှာ အဲဒီ (၁၀) မိနစ်က နာရီပေါင်းများစွာ ကြာနေသလိုပါပဲ။

ဒါပေမယ့် အချိန်ဆိုတဲ့ကောင် အကြောင်းကလည်းသိခြင်နေတော့ ဒီလူကြီးလုပ်သမျှကို ကျိတ်မှိတ်ပြီးခံနေရတာပေါ့။

ဒါပေမယ့် အိုင်စတိုင်းဆိုတဲ့ လူကြီးက သူထင်သလောက်မဆိုးလှပါဘူး။

မီးဖိုနားရပ်နေတာ (၁၀) မိနစ်ပြည့်တော့ ( ဆယ်မိနစ်လို့ပြောလို့သာယုံရတာ။ အမှန်ကသူ့စိတ်ထဲမှာ တစ်နာရီလောက်ကြာသလိုပါပဲ) ကောင်မလေးချောချောလေး တစ်ယောက်ကို ခေါ်လာပြီး သူနဲ့မိတ်ဆက်ပေးတယ်။ သူနဲ့လည်း မင်း(၁၀) မိနစ်လောက်စကားပြောကြည့်တဲ့။

ဒါကြောင့် ကျွန်တော်ကပြောတာပေါ့။ အိုင်စတိုင်းကြီးက သဘောကောင်းပါတယ်လို့။ အဲ့ဒါနဲ့ကျွန်တော်လည်း ကောင်မလေးကို မိတ်တွေ ဘာတွေ ဆက်ပြီး ၀ါသနာအရ တီတီတာတာစကားလေးတွေနဲ့မှ မြူဆွယ်မယ်မကြံရသေးဘူး အိုင်စတိုင်းကြီးက "ဟေ့ကောင် (၁၀) မိနစ်ပြည့်ပြီ"တဲ့။

"ဘယ်က (၁၀) မိနစ်လည်း၊ ကျွန်တော့်စိတ်ထဲမှာ တစ်မိနစ်တောင်မရှိသေးဘူးဗျ"လို့ စောဒကလည်းတက်လိုက်ရော သူကလက်ထဲက Timer ကြီးထောင်ပြတော့ ကျွန်တော်လည်းငြင်းလို့မရတော့ဘူး။

ပြီးတော့ သူကဆက်ပြောတယ်။ "မှတ်ထား။ အချိန်ဆိုတာ မင်းတို့စိတ်ထဲမှာပဲ ရှိတဲ့အရာ။ အဲ့ဒါကို နိုင်းရဓမ္မတရားလို့ခေါ်တယ်ကွ" ဆိုတော့ ကျွန်တော်လည်း ပြန်ထွက်သွားတဲ့ကောင်မလေးရဲ့ကျောပြင်ကိုမသိမသာ ခိုးကြည့်ရင်း သူကျေနပ်အောင် ခေါင်းငြိတ်ပြလိုက်ရတာပေါ့။

မီးဖိုကြီးနား နောက်ထပ်တစ်နာရီလောက်ထပ်ပြီး သွားရပ်နေရမှာစိုးလို့သာ နားလည်ခြင်ယောင်ဆောင်လိုက်ရတာ။ အမှန်က ကောင်မလေးတစ်ယောက်နဲ့ ရင်တွေခုန်လိုက်ရတာကလွဲလို့ နိုင်းရဓမ္မတရားဆိုတာကြီးကို သူဘာမှနားမလည်ခဲ့။

အဲဒါကို အိုင်စတိုင်းကြီးက အဟုတ်ထင်ပြီးသူ့ နိုင်းရဓမ္မတရားကို ဆက်ဟောနေသေးတယ်။
အလင်းထက်မြန်တဲ့ ကားတစ်စီးသာ သူ့ကိုရှာပေးတဲ့။ သူအနာဂါတ်ထဲရောက်အောင်သွားပြမယ်တဲ့။

အိုင်စတိုင်းကြီးက ကားဆိုတော့မှ သူအိမ်ကို ဘတ်စကားစီးပြီးပြန်ရမှာကို သွားသတိရတယ်။

အဲ့ဒါနဲ့သူလည်း ဟေရာကလိုက်တပ်၊ အိုင်ဆက်နယူတန်၊ အိုင်းစတိုင်း စတဲ့ အချိန်ရူးကြီးတွေကို ပြန်တော့မယ်ဆိုပြီး နုတ်ဆက်လိုက်တယ်။ ပြီးတော့ သောက်လက်စလက်ကျန် အချိန်ပေါ့ကျ အနည်းငယ်ကို ဆတ်ကနည်းကောက်မော့လိုက်ပြီး လ္ဘက်ရည်ဆိုင်ထဲကနေ ထွက်လာခဲ့တယ်။

အချိန်အကြောင်းငြင်းခုန်နေရတာနှင့် အချိန်တောင်အတော်နှောင်းခဲ့ပြီပဲ။ အိမ်ပြန်ဖို့ ဘတ်စ်ကားရှိမရှိ ကိုလည်း သူမမှန်းတတ်တော့။ ဒီလိုနှင့် ဟိုဒီတွေးရင်း ဘတ်စ်ကားမှတ်တိုင်နား သူရောက်လာခဲ့သည်။ အချိန်နှင့်ဘတ်စ်ကားသည် လူကိုမစောင့်ဟူသော ဆိုင်းဘုတ်ကြီးနောက်တွင် Time မဂ္ဂဇင်းတစ်စောင်ကို အေးဆေးစွာဖတ်နေသည့် အဖိုးကြီး တစ်ယောက်ကိုမြင်တော့မှ ဘတ်စ်ကားရှိတန်ကောင်းပါသေးရဲ့ဆိုပြီး သူအနည်းငယ်စိတ်အေးသွားသည်။
(၁၂) နာရီမထိုးခင်အထိတော့ ကားတွေရှိနေဦးမှာပါလေ….။

သူ ကိုယ့်ကိုကိုယ်အားပေးရင်း လက်မှာ နာရီပတ်ထားတဲ့အဖိုးကြီးကို "ဘယ်အချိန်ရှိပြီလည်းအဘ" လို့လှမ်းမေးလိုက်တယ်။

အဘိုးကြီးက ဖတ်လက်စ Time မဂ္ဂဇင်းစာအုပ်ကို မျက်နှာကနည်းနည်းလေးမှမခွါပဲ နာရီပတ်ထားတဲ့ လက်ကိုသာ သူ့ဖက်ကို ဆန့်တန်းပေးလိုက်ပြီး ကိုယ့်ဖာသာကိုယ်ကြည့်ဆိုတဲ့ပုံစံမျိုးနဲ့ မေးငေါ့ပြတယ်။

ပတ်ဝန်းကျင်က အတော်မှောင်နေတော့ နာရီလက်တံတွေကို သူအသေအခြာမမြင်ရ။

အဲဒါနဲ့ သူလည်း သူ့မျက်နှာကို နာရီနားကပ်ပြီးသေခြာကြည့်လိုက်တော့မှ ဒိုင်ခွက်ရဲ့အထဲမှာ အဆက်မပြတ်ရွေ့လျှားနေတဲ့ အာကာသဟင်းလင်းပြင်ကြီးတစ်ခုကို နာရီလက်တံတွေ အစားတွေ့လိုက်ရတော့တယ်။

<မင်းတစေ>


8 comments:

ကောင်းကင်ကို said...

"အမှန်က အချိန်ဆိုတာ လူတွေမှားယွင်းစွာ တီထွင်လိုက်မိတဲ့ လှောင်အိမ်ကြီးတစ်ခုပေါ့။" ကြိုက်တယ်ဗျာ။

ကောင်းကင်ကို said...

"အချိန်နှင့်ဘတ်စ်ကားသည် လူကိုမစောင့်" တဲ့။ ဘတ်စ်ကားက စောင့်ပါတယ်ဗျ။ ကောင်မလေးချောချောတွေသာ လူကိုမစောင့်တာ၊ :-D

ကောင်းကင်ကို said...

ဒါနဲ့  ဘတ်စ်ကား ရဲ့ အလျားကလဲ နှိုင်းရတရားပဲဗျ။ နံနက်စောစောစီးစီး ဆိုရင် လူမကြပ်တော့ အပေါက်ဝကို သွားရင် တန်းရောက်တယ်။ ရုံးတက်ရုံးဆင်းချိန်ဆိုရင် အပေါက်ဝကို ရောက်ဖို့ တော်တော်သွားယူရတယ်လေ။
"ဘတ်စ်ကား၏့ အလျားသည် ညနေရုံးဆင်းချိန်တွင် ပိုရှည်၏၊" :-D

storyofmermaid said...

ကိုကောင်းကင် ပြောသလိုပဲ - "အမှန်က အချိန်ဆိုတာ လူတွေမှားယွင်းစွာ တီထွင်လိုက်မိတဲ့ လှောင်အိမ်ကြီးတစ်ခုပေါ့။" ဒါကိုကြိုက်တယ်။

BLACK DREAM said...

Tears...Illusions....Miseries.....Emotions....TIME!! :)

Thinker said...

ကျနော်က အချိန်ကို တော်လှန်တယ်

ကျနော် အချိန်ရဲ့ ကျေးကျွန် မဟုတ်ဘူး

chaos said...

ရေးတာကြိုက်တယ်
မော်ဒန်ဝတ္ထုလေးကောင်းတယ်

Winkabar said...

အရမ်းကောင်းတာပဲ။ အချိန်ကိုတင်စားထားတာ။ မျက်စိထဲမှာထင်ထင်ရှားရှားကိုမြင်လာတယ်။