Wednesday, November 14, 2007

ဘ၀ဆိုတဲ့ဖဲဝိုင်း


ဘ၀ ဆိုတာ မိုးလင်းပေါက်ထိုင်ရိုက်နေရတဲ့ ဖဲဝိုင်းတစ်ခုလိုပါပဲ။

တစ်ညလုံး အိပ်ရေးပျက်ခံပြီး ရိုက်နိုင်ရင်တောင်မှ နိုင်ဖို့ဆိုတာ မသေချာပါဘူး။

တခါတလေ နိုင်ဖို့မပြောနဲ့။ မိုးလင်းလို့ အရင်းပြန်ကျန်အောင် ထိန်းထားနိုင်ရင်တောင် ကံကောင်းပါ။ ဒါပေမယ့် ဖဲဝိုင်းတို့ သဘာဝအတိုင်း ရှုံးလိုက်၊ နိုင်လိုက်၊ နိမ့်လိုက်၊ မြင့်လိုက်နဲ့ ကံကြမ္မာရဲ့အတက်အကျ ဆိုတာလေးတွေကလည်း ဘ၀ထဲမှာအမြဲရှိနေတတ်ပါတယ်။

အဲ့ဒီတော့ အိပ်ရေးပျက်ခံပြီး တစ်ညလုံး အပင်ပန်းခံ ထိုင်ရိုက်နေမယ့်အစား နိုင်နေတဲ့ အချိန်မှာ ဖဲဝိုင်းက ထထွက်ပြီး အနိုင်ပိုင်းသင့် သလို ဘ၀မှာလည်း စိတ်အညစ်ခံပြီး တစ်ဘ၀လုံး မှိုင်နေမယ့် အတူ ကံကြမ္မာကမျက်နှာသာပေးလို့ အနိုင်ရနေတဲ့ အခိုက်အတန့်မှာ ဘ၀ဆိုတဲ့ကြိုးဝိုင်းထဲက အမြန်ထထွက်ပြီး တဖက်သတ်အနိုင်ပိုင်းလိုက်သင့်ပါတယ်။

ဆိုလိုတာက လူတွေ အပျော်ဆုံး အချိန်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်းအားဖြင့် ဘ၀ကို အနိုင်ပိုင်းလိုက်သင့်တယ်လို့ပါ။

ဒါကြောင့်လည်း သူမွေးကတည်းက ပျော်ပျော်နေခဲ့ပြီး အဲ့ဒီ အပျော်ဆုံးဆိုတဲ့ အနိုင်ပိုင်းရမယ့်အချိန်ကို ရင်ခုန်စွာ စောင့်မျှော်နေခဲ့ရတာပေါ့။

ဒါပေမယ့် သူမျှော်လင့် နေခဲ့တဲ့ အပျော်ဆုံးဆို တဲ့ အချိန်တွေ သူ့ဆီကို ဘယ်တော့မှ ရောက်မလာ နိုင်တော့ဘူး ဆိုတာ သူလက်ရှိကစားနေတဲ့ နောက်ဆုံး ဖဲချပ်ကို ကောက်လှန်ကြည့်မိချိန်ကစပြီး သူထိတ်လန့်စွာ သိရှိလိုက်ရတယ်။

……………………………………………………………………..............................................

ခင်ဗျား မှာ အေအိုင်ဒီအက်(စ်) ရှိနေပြီ

ဆရာဝန်က အတတ်နိုင်ဆုံး နူးညံ့ညင်သာစွာဖြင့် ဂရုဏာအစွက်ဆုံး ဖြစ်အောင် အသံကို နှိမ့်ချ၍ ပြောလိုက်သော်လည်း သူ့တသက်တာ ကြားခဲ့ဖူးသမျှတွင် ခြောက်ခြားဖွယ်ရာ အကောင်းဆုံး အသံတစ်ခုအနေဖြင့် ဆရာဝန်၏ စကားသံက သူ့နားအတွင်းသို့ ၀င်ရောက်လာလေသည်။

ဒါပေမယ့် ခင်ဗျား ကိုယ့်ကိုကိုယ် ဂရုစိုက်မယ်ဆိုရင်တော့ တော်တော်လေး ကြာအောင်နေရဦးမှာပါ။ အဓိက ..က ………………….’

ဆရာဝန်၏ စကားသံတွေကို သူဆုံးအောင်နားမထောင်ဝံ့တော့ပဲ သူဆေးရုံမှ အမြန်ပြေးထွက် လာခဲ့သည်။

ဒါပေမယ့် သူတစ်ယောက်တည်းတော့ မဟုတ်။ သူ့ရဲ့မျှော်လင့်ချက်တွေနဲ့ အိပ်မက်တွေကို တစ်စစီဖဲ့ယူစားသောက်နေတဲ့ HIV ဆိုတဲ့ မိစ္ဆာဗိုင်းရပ်စ်တွေကို မနိုင့်တနိုင် သယ်ယူထမ်းပိုးရင်းနဲ့ပေါ့…………..။

သိပ်မကြာလိုက်ပါဘူး။

သူ လူသားတစ်ယောက်အနေနဲ့ ခြောက်ခြားဖွယ်အကောင်းဆုံး စီရင်ချက်တစ်ခု ချမှတ်ခံလိုက်ရတယ်ဆိုတာ သူနဲ့ပတ်သက်နေတဲ့ လူတော်တော်များများဆီ တခဏခြင်းပဲ ပျံနှံလို့သွားခဲ့ပါတယ်။

HIV ရောဂါပိုးတွေ လေထဲမှာမပျံနှံ့နိုင်ပေမယ့် သူမှာအဲဒီရောဂါရှိနေတယ်ဆိုတဲ့ သတင်းကတော့ သူနေတဲ့ဆိပ်ကမ်းမြို့လေးအတွင်းကို လေညှင်းထက်မြန်တဲ့ အရှိန်နဲ့ ရောက်ရှိလို့ သွားခဲ့ပါတယ်။

ပြီးတော့ အကျိုးဆက်တစ်ခုအနေနဲ့ သူ့ကို အသက်လိုချစ်ပါတယ် ဆိုတဲ့ ချစ်သူကအစ သိပ်ခင်ပါတယ်ဆိုတဲ့ သူငယ်ချင်းတွေအဆုံး သူနဲ့ ရင်းနှီးပတ်သက်နေတဲ့ လူတွေအားလုံးလိုလို သူ့ကို မိစ္ဆာတစ်ကောင်လို စက်ဆုပ်စွာနဲ့ စွန့်ခွါလို့သွားကြပါတယ်။

ဒီလိုနဲ့ လူတွေနဲ့ဝေးရာမှာ သူတစ်ကောင်တည်း အထီးကျန်စွာအချိန်ဖြုန်းရင်း တကိုယ်ရေတကာယ ခြောက်ခြားဖွယ်ရာအချိန်တွေကို HIV ရောဂါပိုးတွေထက် သူပိုမိုလို့ထိတ်လန့်လာခဲ့တယ်။

ဘ၀မှာနိုင်ပွဲတွေ ထပ်ပြီးမရှိနိုင်တော့တာကိုလည်း သူကကြိုသိနေခဲ့တော့ သူဘ၀ကရှုံးနေရက်နဲ့ ဆက်ရိုက်နေရတဲ့ ဖဲသမားတစ်ယောက်လိုပါပဲ။

အဲ့ဒီတော့ ရှုံးမဲ မဲပြီးမိုးလင်းတဲ့အထိဆက်ရိုက်နေရင်လည်း အိပ်ရေးပျက်တာပဲ အဖတ်တင်တော့မှာဆိုတော့ အများကြီးဆက်မရှုံးခင် ဖဲဝိုင်းကထထွက်ဖို့ နောက်ဆုံးမှာ အရဲစွန့်ပြီး သူဆုံးဖြတ်လိုက်ရတော့တယ်။

အပျော်ဆုံးအချိန်တွေမှာ ဘ၀ကိုရက်ရက်စက်စက် အနိုင်ပိုင်းပြစ်လိုက်မယ်လို့ တချိန်ကကြွေးကျော်ခဲ့တဲ့သူ အခုတော့လည်း ဘ၀ကသူ့အပေါ်အကြွေးတွေ ပိုပိုပိမလာခင် အရှုံးနဲ့ပဲ ဖဲဝိုင်းကို ကြေကွဲစွာစွန့်ခွါရတော့မှာပေါ့။

ဒီလိုနဲ့ ဖဲဝိုင်းကခြေတစ်ဖက်လှမ်းတဲ့ အနေနဲ့ ကြွက်သတ်ဆေးတစ်ခွက်ကို သူပထမဦးဆုံး သောက်ချပြစ်လိုက်တယ်။ ဒါပေမယ့် သူကဘာပဲလုပ်လုပ် သိပ်ကိုသေချာခြင်သူ တစ်ယောက်ဆိုတော့ နားထင်ထဲကိုထပ်သွင်းဖို့ဆိုပြီး သူ့ရဲ့လုပ်သေနတ်တစ်လက်ကိုလည်း အဆင်သင့် မောင်းထိုးထားလိုက်သေးတယ်။

ပြီးတော့ ပင်လယ်ရဲ့ ခါးပန်းအစပ်က သစ်ပင်ရဲ့ အကိုင်းမှာ သူ့ကိုယ်သူထပ်ပြီးကြိုးဆွဲချဖို့ ကြိုးတွေကိုလည်း သေချာခိုင်နေအောင် ထပ်ခါတလဲလဲချည်ပြစ်လိုက်တယ်။

သူ့ကို သွေးအေးတဲ့ လူသတ်သမားတွေလိုဖြေးဖြေးခြင်း ညှင်းသတ်နေကြတဲ့ HIV ဗိုင်းရပ်စ် မိစ္ဆာကောင်တွေကိုလည်း သူနဲ့အတူမီးရှို့ပြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူ့တစ်ကိုယ်လုံးလည်း ရေနံဆီတွေ ရွှဲရွှဲစိုနေအောင် ခေါင်းပေါ်ကနေထပ်လောင်းပြစ်ချလိုက်တယ်။

ကြွက်သတ်ဆေး၊ ကျည်ဆံ၊ ကြိုးကွင်း နှင့် မီးလောင်မှု…ဒါတွေအားလုံးပေါင်းလိုက်ရင်တော့ သူ ဘ၀ဆိုတဲ့ ဖဲဝိုင်းထဲက ထထွက်ဖို့ တော်တော်လုံလောက်သွားပြီပေါ့။

အားလုံးအဆင်သင့်ဖြစ်သွားပြီဆိုတော့မှ သူ သူ့ရဲ့ဘောင်းဘီအနားစတွေကို စတင်မီးရှို့လိုက်တယ်။ တဖြည်းဖြည်းနဲ့ တကိုယ်လုံးကိုတက်လာတဲ့ မီးလျှံတွေ သူ့တစ်ကိုယ်လုံးကို မ၀ါးမြိုခင် သူ့လည်ပင်းကိုကြိုးကွင်းစွပ်၊ ခြောက်ကမ်းပါးအောက် အမြန်ခုန်ချလိုက်ပြီးတော့ တချိန်တည်းမှပဲ သူ့လက်ထဲကသေနတ်နဲ့ နားထင်ကိုတေ့ပြီးပြစ်ချလိုက်တယ်။

ဒါပေမယ့် လုပ်ရှားရမ်းခါနေတဲ့ သူ့ရဲ့လက်တွေက နားထင်အစား သူ့လည်ပင်းကြောတွေကို မကြာခင်ဆွဲဆန့်တော့မယ့် ကြိုးစရဲ့တစ်ဖက်ကိုထိမှန်လို့သွားခဲ့တော့ နောက်ဆုံးကြိုးပြတ်ပြီး သူပင်လယ်ထဲကို တလမ့်ခေါက်ကွေးနဲ့ ပြုတ်ကျခဲ့ရတော့တာပေါ့။

ပြင်းထန်တဲ့ ရေဖိအားအရှိန်က သူ့ရင်ထဲမှာတန်ခိုးထစပြုနေတဲ့ ကြွက်သတ်ဆေးရည်ကို အန်ထွက်စေပြီး တစ်ကိုယ်လုံးကိုစွဲစပြုနေတဲ့ မီးတောက်တွေလည်း ရေအောက်မှာချက်ချင်းပြောက်ကွယ်လို့သွားစေခဲ့တယ်။

ဒါနဲ့တောင် သူကစိတ်မလျှော့သေးပဲ ကိုယ့်ကိုကိုယ်မသေသေအောင်ရေပဲ နှစ်သတ်တော့မယ်ဆိုပြီး ပင်လယ်ရဲ့ပိုနက်တဲ့ အပိုင်းတွေဆီကို ထပ်မံကူးခတ်ခဲ့ပြန်တယ်။

ဒါပေမယ့် ကံကဆိုးခြင်တော့ ငါးဖမ်းနေတဲ့ စက်လှေတစ်စင်းက သူ့ကိုတွေ့သွားပြီး လှေပေါ်ကလူတွေရဲ့အတင်းအကြပ်ကယ်ဆယ်ခြင်းကို သူခံလိုက်ရတယ်။

သူကအကယ်မခံပဲ အော်ဟစ်ရုန်းကန်ခဲ့ပေမယ့် စက်လှေပေါ်ကလူတွေက သူ့ကိုစိတ်မနှံသူတစ်ယောက်လို သဘောထားပြီးလှေပေါ်ကို အတင်းအဓ္ဓမဆွဲတင်ကြတော့ နောက်ဆုံး သူလှေပေါ်ရောက်ခဲ့ရပြီး သူ့ရည်မှန်းချက်တွေ ပင်လယ်ထဲရေသွန်သလို အရာမထင်ဖြစ်ခဲ့ရတယ်။

နောက်ဆုံးစိတ်ရောဂါဆေးရုံတစ်ခုရဲ့ အလုံပိတ်အခန်းငယ်တစ်ခုထဲမှာသူ့ကို ထည့်ပိတ်လိုက်ကြပြီး သူ့မှာ အေအိုင်ဒီအက်စ်ရောဂါအပြင် ကိုယ့်ကိုကိုယ် အလိုလိုနေရင်း မုန်းနေတတ်တဲ့ စိတ်ရောဂါတစ်ခုပါထပ်ရှိနေပြီလို့ ဆရာဝန်ရဲ့ပြောစကားတွေအရ သူသိလိုက်ရတယ်။ ပြီးတော့ သူကိုယ်တိုင်နဲ့ သူ့ပါတ်ဝန်းကျင် လုံခြုံရေးအခြေအရ သူ့ကိုဒီအခန်းထဲမှာ ရောဂါတွေ သက်သာတဲ့ အထိ ထည့်ပိတ်ထားရမှာဖြစ်ကြောင်းကိုလည်း ဆရာဝန်က သနားဂရုဏာသက်စွာနဲ့ ပြောသွားခဲ့သေးတယ်။

အဲ့ဒီအချိန်ကစပြီး အဲ့ဒီအခန်းကျဉ်းလေးထဲမှာ သူရယ်၊ ရူးသွပ်နေတဲ့ တစ္ဆေတစ်ကောင်ရယ်၊ မိစ္ဆာဗိုင်းရပ်စ်တွေရယ် တစ်ကောင်နဲ့ တစ်ကောင်အဖော်လုပ်ပြီး ဘ၀ဆိုတဲ့ မပြီးပြတ်သေးတဲ့ ဖဲဝိုင်းကို အလိုမတူပဲ ဆက်ရိုက်လာခဲ့ရတာ HIV ရောဂါပိုးတွေကျွမ်းပြီး နောက်ဆုံး သူသေတဲ့နေ့အထိ ဆိုပါတော့….။

မသေခင် သူတစ်ခုနားလည်ခဲ့တာက ဘ၀ဆိုတာဖဲဝိုင်းတော့ ဖဲဝိုင်းပါပဲ။

ဒါပေမယ့် အဲဒီဖဲဝိုင်းမှာ ကိုယ်ကရှုံးလို့ပဲဖြစ်ဖြစ်၊ နိုင်လို့ပဲဖြစ်ဖြစ်၊ စိတ်မပါတော့လို့ ဆက်မရိုက်ခြင်လို့ပဲဖြစ်ဖြစ် ၀ိုင်းထဲက အလွယ်တကူထွက်ခွင့်မရှိပဲ တစ်ဘ၀လုံး အိပ်ရေးပျက်ခံ၊ အညောင်းခံပြီး သေမင်းကနောက်ဆုံးလာခေါ်တဲ့ ဘ၀ရဲ့မိုးစင်စင်လင်းချိန်တွေအထိ အလိုမတူလည်း ဆက်ရိုက်နေရမယ်ဆိုတာကိုပါ။

(သတိပေးချက်။ ဤ၀တ္ထုကို ဖဲသမားများ မမြင်နိုင်သည့် နေရာတွင်ထားရန်)

<မင်းတစေ>

7 comments:

Kaung Kin Ko said...

"လူတွေ အပျော်ဆုံး အချိန်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်းအားဖြင့် ဘ၀ကို အနိုင်ပိုင်းလိုက်သင့်တယ်"
ဇာတ်ကောင်ရဲ့ အတွေးအခေါ်ရဲလှချည်လားဗျ။

"ကြွက်သတ်ဆေး၊ ကျည်ဆံ၊ ကြိုးကွင်း နှင့် မီးလောင်မှု"
အဲဒါတွေ စုပေါင်းထားတာလဲ လှတယ်ဗျို့ ။

Kaung Kin Ko said...

ကျွန်တော်တော့ ဘဝဆိုတဲ့ game မှာ သရေပွဲတွေ မလိုချင်ဘူး။ အကြီးအကျယ် ရှုံးချင်လဲ ရှုံးပါစေ။ တဘဝလုံးပုံအောပြီး လောင်းလိုက်ချင်တယ်ဗျာ။

ဒီဝိုင်း (D'vine) said...

အတွေးအခေါ်တွေ ကြိုက်တယ်.. ရေထဲကနေ အတင်း အကယ်မခံပဲ ပြန်ကူးပြေးတာ မဟုတ်ဘူး

မျှားပြာ said...

သတိပေးချက်လေးကို အပေါ်ဆုံးမှာထားပါလားဗျာ .
ခုတော့ .. ဟတ် ဟတ် ဟတ်။

ရန်ကင်း said...

ကြိုက်တယ်။ရေးချက်တွေကို......ရှယ်လ်ပဲ

နှံကောင် said...

အောက်ဆုံးမှ .. ဖဲသမားတွေ မမြင်စေနဲ့ဆိုတော့ ... ဘာလုပ်ရမှာတုန်း ... ဖတ်ပြီးသွားမှကို

Anonymous said...

ဘ၀ဆိုတဲ့ဖဲဝိုင်း ဆိုတဲ့စာကိုယူသွားတယ်နော် စာအကုန်တော့မယူဘူးခလယ်ကနေဖြတ်ယူသွားတာ ပြီးတော့ ခေါင်းစဉ်လေးကိုနည်းနည်းပြောင်းလိုက်တယ် လေ့ကျင့်ခန်းလုပ်ရင်းနဲ့သဘောကျလို့ ယူသွားတာ ခွင့်ပြုနိုင်မယ်လို့ထင်ပါတယ်