Thursday, July 17, 2008

မင်းလားကွ အကောင်းမြင်သမား


( ၁ )

သူက အရာရာကို အကောင်းမြင်တတ်သည်။

ဒါကြောင့်လည်း ဟိုတလောက မုန်တိုင်းဝင်လို့ တစ်မြို့လုံး ၀ရုန်းသုန်းကားနဲ့ သောကမိုးတိမ်တွေ အပြိုင်အဆိုင် အုံ့နေကြချိန်မှာ သူက လျှို့ဝှက်တဲ့ ဖြေဆေး ငုံထားတဲ့ ကျောက်ဆစ်ရုပ်တစ်ရုပ်လို အေးတိအေးစက်နဲ့ ပြုံးလို့တောင်နေနိုင်ခဲ့တာပေါ့။

ဟုတ်တယ်လေ...ဒါ....တစ်ဦးတစ်ယောက်ထဲကိုပဲ ရွေးချယ်သက်ရောက်ခဲ့တဲ့ ပုဂ္ဂလကျိန်စာ တစ်ခုမှ မဟုတ်တာ။


အားလုံးအပေါ် သာတူညီမျှဖြန့်ကြဲထိုးနှက်လိုက်တဲ့ ဘုံဆန်သော အများပိုင်ကျိန်စာ တစ်ခုဆိုတော့ အဲဒီကျိန်စာကြီး တစ်ခုလုံးကိုတည်…ပြီးတော့ ဒုက္ခသည် အရေအတွက်နဲ့ စားလိုက်ရင် ဒုက္ခသည် တစ်ယောက်ခြင်းစီအတွက် ထွက်လာတဲ့ ဒုက္ခရာရှင်ခွဲတမ်းက မပြောပလောက်အောင် သေးငယ်သွားတော့တာမို့ အဲ့ဒီကျိန်စာဆိုတာကလည်း အလိုအလျှောက် ပျက်ပျယ်တဲ့သဘော ရောက်သွားတော့တာပါပဲ။ ခွဲဝေမျှယူပြီးချိန်မှာ အဲ့ဒီ ဒုက္ခဆိုတာကြီးက ရောက်ချင်တိုင်းတောင် ရောက်လို့မရနိုင်တော့တဲ့ ရှားပါးသော စိတ္တဇနမ်တစ်ခု ဖြစ်သွားတယ်ပဲ ဆိုပါတော့။

ဒါ...အများဆိုင်ကျိန်စာကြောင့်ဖြစ်တဲ့ ဘုံဆန်သော သောကတို့ရဲ့ အားသာချက်ပါပဲ။

ဒါပေမယ့် အဲ့ဒီအားသာချက်ကို ခံစားနိုင်ဖို့က ကိုယ့်ဆီမှာ ဒုက္ခကို ကိုယ်ယောင်ဖြောက်ပြစ်ချင်တဲ့ စိတ်ကလေးတစ်ခုတော့ ရှိနေဖို့ လိုလိမ့်မယ်။ အဲဒီစိတ်ကို ကျုပ်က အကောင်းမြင်စိတ်လို့ခေါ်တယ်။

အကောင်းမြင်ဝါဒီတစ်ယောက်ရဲ့ အမြင်မှာတော့ တွေဝေအားငယ်စိတ်ဝင်နေခြင်းဟာ လက်ရှိပစ္စုပန်ကြီးကို အနည်ထ နောက်ကျိလာအောင် ပြုလုပ်နေခြင်းဖြစ်ပြီး ဟိုး…အတိတ်ဆိုတာကိုလည်း ဘယ်လိုမှ အာပါတ်ပြန်ဖြေမပေးနိုင်တော့ အဲ့ဒီသောကမိုးတိမ်တွေ ဝေတဲ့ကိစ္စကို သူက အပိုအလုပ်တစ်ခုလို သတ်မှတ်ပြီး ဘယ်တုန်းကမှ လူရာမသွင်းခဲ့တာပေါ့။

ပြီးတော့ ဒီကိစ္စက ရာသီဥတုဖေါက်ပြန်မှုကြောင့် သဘာဝချုပ်ရိုးပြေသွားတဲ့ ကိစ္စဆိုတော့ ပစ္စုပ္ပန်နဲ့အပြိုင် ရေလိုက်ငါးလိုက်နေပြီး မေ့မေ့ပျောက်ပျောက်ဆိုတဲ့ ဥပေက္ခာအပ်ချည်တွေနဲ့ အတိတ်ကိုမသိမသာ ပြန်လည်ဖာထေးနေခြင်းကပဲ သူ့တို့တစ်တွေအဖို့ အကောင်းဆုံးနည်းလမ်းဖြစ်နေတယ် မဟုတ်လား။

ဘာပဲဖြစ်ဖြစ်လေ…..နိုင်ငံတော်ရဲ့ တရားဝင်စာရင်းဇယားတွေအရ ဧရာဝတီတိုင်းဖက်မှာ လူတွေ၊ ဘာတွေတောင် သေကြသေးတယ်ဆိုတော့…ဒါ..သူတို့လို ရန်ကုန်သားတွေအတွက်ကတော့ ကံကောင်းတာပဲပေါ့။

ဟို…ဟောင်းလောင်းပေါက်ဖြစ်သွားတဲ့ မြို့ပြင်က သူ့တဲစုတ်လေး.... ပြန်မမိုးနိုင်တဲ့ကိစ္စလား။ ဒါက သိပ်မပြောပလောက်ပါဘူး။ နံရံတွေ ၊ ဘာတွေ ကျန်နေသေးတယ်ဆိုတော့ ခေါင်မိုးတွေရှိမနေလည်း ဘာအရေးလည်း။ ညဘက်ဆို ကြယ်တွေကို ရေတွက်ပြီး ကဗျာဆန်ဆန်လေးတောင် အိပ်ရာဝင်နိုင်သေးတယ်...ဟုတ် ။ အဲ့ဒါမျိုးကိုပြောတာပေါ့…..... သဘာဝတရားက ချီးမြှင့်တဲ့ ကံကောင်းခြင်း လက်ဆောင်ပန်းချီကားဆိုတာ…

သူက အဲဒီလောက်….....အဲဒီလောက်တောင် အရာရာကို ခွဲခြမ်းစိတ်ဖြာတဲ့နည်းနဲ့ ဖြည့်တွေးပြီး မရရအောင် အကောင်းမြင်တတ်သည်။ အဲ့ဒါတွေကြောင့်လည်း ဘယ်အချိန် ဘယ်နေရာမှာ ဘယ်အကြောင်းကြောင့် ဘယ်သူတွေ ဘယ်လိုပဲ သွေးပျက်နေနေ သူကတော့ ကာလ၊ ဒေသ၊ ပရောဂ ဘယ်တော့မှ ဈေးမဆစ်ပဲ အမြဲစိတ်ချမ်းသာအောင် နေတတ်ခဲ့သည်။

ဒါဆို အခြားသူတွေကရော။ အဲ့ဒါကိုတော့ သူမသိ။……. စိတ်ဝင်စားခြင်း အလျှင်းမရှိဟု ပြောရင်တော့ ပိုမှန်နေလိမ့်မယ်။

ဒါပေမယ့် ခုတလော ဆင်ခြေဖုန်းရပ်ကွက်တွေထဲမှာ သောကမိုးခြိမ်းသံတွေနဲ့ ရောနှောပြီးပါလာတတ်တဲ့ အော်ဟစ်သံတွေက သိပ်ပြီးဆူညံလွန်းနေတော့ ဒါတွေကို သူမကြားချင်လည်း ကြားနေရတော့တာပါပဲ။ အခြား....ထွေထွေထူးထူး အသံဗလံတွေတော့ မဟုတ်ပါဘူး။ ထုံးစံအတိုင်း နိုင်ငံတော်ရဲ့အုပ်ချုပ်သူ လူကြီးမင်းတွေအပေါ် ဝေဖန်ပြစ်တင်ကြိမ်းမောင်းနေတဲ့ အသံတွေပဲပေါ့။ အထူးသဖြင့် မုန်တိုင်းနဲ့ပါတ်သက်ပြီး လူကြီးမင်းတို့ရဲ့ ပြုမူတုန့်ပြန်ချက်တွေအပေါ် အစာမကြေဖြစ်ကြလို့ ဆဲဆိုကြိမ်းမောင်းနေတဲ့...ဖရုသ၀ါစာတွေ။

ဒီလို သဘာဝတရား ချုပ်ရိုးပြေသွားတဲ့ကိစ္စကို ဘာမှ မသက်ဆိုင်တဲ့ သူတွေအပေါ်ပုံချတာ သိပ်တော့မတရားဘူးလို့ သူ့စိတ်ထဲက ထင်မိပေမယ့် လူတွေနဲ့ ထုတ်ဖေါ်ငြင်းခုန်တာတွေ၊ ဘာတွေတော့ သူလုပ်မနေတော့ပါဘူး။ ဒါကလည်း အများနဲ့ တစ်ယောက်ဖြစ်နေလို့ဆိုတဲ့ သူရဲဘောခပ်ကြောင်ကြောင် ဆင်ခြေတစ်ခုထက် နဂိုတည်းက ခပ်အေးအေးနေတတ်တဲ့ သူ့ရဲ့ ၀သီကြောင့်လို့ပဲ ဆိုချင်တယ်။

ဘာပဲဖြစ်ဖြစ် ခိုင်လုံတဲ့ သတင်းရပ်ကွက်တွေအရ သူတို့လည်း တတ်နိုင်သလောက်တော့ လုပ်ပေးနေကြတာပဲ။ ကြည့်ပါလား.....အခုဆို ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်လို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေတောင် စတင် အကောင်အထည်ဖေါ်နေကြပြီ တဲ့.....။ ဒါတောင် လူတွေက အမြင်မကြည်လင်ကြဘူးဆိုရင်တော့ “အင်း…ခက်တယ်ဗျာ” ဆိုတာကလွဲလို့ သူလည်း ဘာမှမပြောနိုင်တော့ပါဘူး။

သူတို့ခင်ဗျာ လူပေါင်းသန်း ( ၆၀ ) လောက်ကို စီမံခန့်ခွဲပြီး စနစ်တကျအုပ်ချုပ်နေရတဲ့ တာဝန်ကတစ်ဖက်၊ တခါတလေမထင်မှတ်ပဲ ညောင်ပင်တစ္ဆေလို ဘွားကနဲပေါ်လာတတ်တဲ့ ဟိုတလောက မုန်တိုင်းလို ကိစ္စမျိုးတွေကို ဒိုင်ခံပြီး ဖြေရှင်းနေရတာက တစ်ဖက်ဆိုတော့ အလုပ်တာဝန်တွေထဲမှာ အမြဲပိနေတတ်ကြတယ်လေ။ အဲဒီတော့လည်း တစ်စုံတစ်ယောက်ခြင်းစီရဲ့ တစ်သီးပုဂ္ဂလ အာသီသတွေကို ဘယ်လိုလုပ်ပြီးတော့များ ရာနှုန်းပြည့် ဖြည့်ဆည်းပေးနိုင်တော့မှာလဲ။

သူတို့ခမျာ နေ့မအားညမအား အလုပ်ယူနီဖေါင်းတွေထဲမှာ နှစ်မြုပ်နေရပြီး သူတို့ရဲ့ ကိုယ်ပိုင်အားလပ်ချိန်တွေကိုတောင် နိုင်ငံတော်အတွက် ပုံအပ်ထားရတာဆိုတော့ ဘယ်လိုပြစ်တင်ကြိမ်းမောင်းမှုမျိုးကမှ သူတို့နဲ့ မထိုက်တန်ဘူးလို့ သူကတော့ ထင်မိတာပါပဲ။ နိုင်ငံတော်ရဲ့ ကံကြမ္မာကိုယ်တိုင်ကိုယ်က ဆိုးရွားမွဲတေလွန်းနေတော့ သူတို့တွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား နိုင်ငံကြီး မစင်တွင်းထဲက ခွေးတစ်ကောင်လို လှုပ်လေ၊ မြုပ်လေဖြစ်နေတာက ဒီနေရာမှာ သူတို့မပြောနဲ့ ဘုရားသခင်ကြီးကိုယ်တိုင် ဆင်းလာပြီးလုပ်မယ်ဆိုရင်တောင် ဘာမှတတ်နိုင်မယ်မထင်ဘူး။

ဒါပေမယ့် ပြောသာပြောနေရတယ်… နိုင်ငံရေးဆိုတာ သူ့လို သာမန်လူတစ်ယောက်အနေနဲ့ ဘယ်လိုမှ ၀င်ရောက်ဝေဖန်စွက်ဖက်ပိုင်ခွင့် မရှိတဲ့အရာဆိုတော့ “ဘာပဲဖြစ်ဖြစ်လေ…သူတို့လည်းသူတို့ ဥာဏ်ရှိသလောက်၊ ကိုယ်စွမ်းကိုယ်စ ရှိသလောက် ရုန်းပေးနေကြတာပဲ”ဆိုတဲ့ သမာရိုးကျ ကောက်ချက်မျိုးချလိုက်တာတောင် သူ့လို ရိုးရိုးလူတစ်ယောက် အနေနဲ့က တော်တော်ကြီးကို လွန်နေလှပါပြီ။

ပြီးတော့ ဒီခေတ်ထဲမှာ ကျုပ်တို့တွေ လွတ်လပ်သော နိုင်ငံသားတွေအဖြစ် ပိုပြီးကံကောင်းလာတာတွေလည်း ရှိသေးတယ်။ ဟို…လူတွေ အစိုးရကို တိုးတိုးတိတ်တိတ် ဝေဖန်လို့ရတဲ့ မဟာအခွင့်အရေးကြီး အပြည့်အ၀ ရလာတာကို ပြောတာပါ။ မယုံရင် ဟိုး…အတိတ်က သက်ဦးဆံပိုင်ဘုရင်ခေတ်တွေကို ပြန်သွားကြည့်။ အဲဒီခေတ်တွေမှာ ဘုရင့်မျက်နှာတော်ကို မော့ကြည့်ပြီး ဘယ်လိုသာမန်လူတစ်ယောက်ကများ လက်အုပ်ချီဖူးမျှော်ခွင့် ဆိုတာ ရှိခဲ့ဘူးလို့လည်း။ ပြီးတော့ ဘုရင်ကို တိုးတိုးတိတ်တိတ်ဝေဖန်ဖို့ မပြောနဲ့ စိတ်ကူးထဲက ငြိုငြင်ခဲ့ရင်တောင် မနောရာဇဒါဏ်ဆိုတာ သင့်ခဲ့ကြတယ်မဟုတ်လား။ အခုဆို ဘုရင့်မျက်နှာတော်ကြည့်ပြီး လူတန်းစားမရွေး အားလုံး မော်နိုင်ဖူးနိုင်ကြပြီလေ။ ပြီးတော့ အစိုးရဆိုတာကို စိတ်ကူးတွေထဲကတင် မကပဲ အပြင်မှာ ပါးစပ်ကိုဖွင့်ဟပြီး ၀စီကံတွေနဲ့တောင် တိုးတိုးတိတ်တိတ်ဝေဖန်ခွင့်တွေ ဘာတွေရလို့။ ကဲ...မနှိပ်လား။


( ၂ )

ထိုကဲ့သို့ အရာရာကို အကောင်းမြင်တတ်သော စိတ်ဓါတ်ကို အဖေ့ထံမှ သူ အမွေရခဲ့သည်။

ဒါပေမယ့် အဲဒီတစ်ခုထဲလား ဆိုတော့....မဟုတ်။ ဆင်းရဲခြင်း ဆိုတဲ့အမွေကိုလည်း အဖေက လွဲပြောင်းပေးအပ်ခဲ့သေးသည်။

“အဖေတို့အနေနဲ့ ဆင်းရဲပြီးသားဆိုတော့ တခြားသူတွေလို အမြင့်ကပြုတ်ကျမှာတို့၊ စီးပွားဆုတ်ယုတ်မှာတို့၊ အထည်ကြီးပျက်ဖြစ်မှာတို့ကို တွေးပြီးပူနေစရာမလိုတော့ဘူးကွ…ငါ့သားရ။ အဓိက က တစ်နေ့ထမင်းနှစ်နပ် မှန်မှန်စားနေရပြီး အမြဲစိတ်ချမ်းသာနေဖို့ပဲ မဟုတ်လား”

ဒါ… အဖေ အမြဲပြောနေကျ လက်သုံးစကားတစ်ခု။ သူ့စကားနှင့်အညီ အဖေက ကြုံရာကျပန်းလုပ်ပြီး သူ မသေခင်အထိ သူတို့မိသားစုကို ထမင်းနပ်မှန်အောင် လုပ်ကိုင်ကျွေးမွေးသွားခဲ့သည်။ ဒါတောင် အဖေဦးဆောင်တဲ့ သူတို့မိသားစုက အဲဒီခေတ်က ရပ်ကွက်ထဲမှာ အဆင်းရဲဆုံးမိသားစုဝင် နံပါတ်(၁)ကနေ (၃)အတွင်း အမြဲတမ်း ပုံမှန် ဗိုလ်ဆွဲနေကြ။ ဒါပေမယ့် သူတို့မှာ ထမင်းငတ်တယ်ဆိုတာတော့ မရှိဘူးခဲ့။

ဒီလိုနဲ့ အဖေဆုံးပြီး သူ့လက်ထက်လည်းရောက်လာရော အခြေအနေက လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ ဖေဖေ့ လက်ထက်ကလို ထမင်းနပ်မှန်အောင် မစားနိုင်တော့ပေမယ့် ရပ်ကွက်၏ အဆင်းရဲဆုံး မိသားစုဝင်စာရင်းကတော့ သူအလိုလို ရုန်းထွက်လာနိုင်ခဲ့သည်။ သူ ထမင်း အငတ်ခံပြီး ရသမျှငွေတွေ စုနေဆောင်းနေလို့ ချမ်းသာသွာတာလား ဆိုတော့ မဟုတ်။ ဂုဏ်ကျေးဇူး ကြီးမြတ်တော်မူလှသော ဘုရားသခင်၏ လူတန်းစားညှိမှု၊ တနည်းအားဖြင့် တဖြည်းဖြည်း စက္ကူစုတ်ဆန်ဆန်လာသော ငွေကြေးဖောယောင်မှု သီအိုရီကြောင့် သူတို့ဆင်ခြေဖုန်းရပ်ကွက်လေးအတွင်း ဆင်းရဲသူအရေအတွက် ကြောက်ခမန်းလိလိ တိုးပွားလာခဲ့သောကြောင့်ပင်ဖြစ်သည်။


ထို့ကြောင့်…သူ့လက်ထဲမှာ တစ်ပြားမှ ရှိမနေတာတောင် ဘယ်သူကမှ သူ့ကို လူမွဲစာရင်းသွင်း၍ မရတော့။ ကံကောင်းလိုက်ပုံများ.........တစ်နိုင်ငံလုံး သူလိုကိုယ်လို မွဲတေနေတဲ့ကာလဆိုတော့ သူ့ဖေဖေလက်ထက်ကလို ဆင်းရဲသားလို့ အသမုတ်မခံ၊ အနှိမ်မခံရတော့ပဲ သူလိုငါလို သာမန်လူဘ၀မှာ လူမွှေးလူယောင် ပြောင်ပြောင်နဲ့ သူ လက်မထောင် ရင်ကော့ နိုင်ခဲ့ပြီ မဟုတ်လား။


(၃)

မုန်တိုင်းက သူ့အိမ်ဓနိမိုးတွေကို ခွာယူသွားတဲ့ညက သူ့မိန်းမ မငွေသွေး စတုတ္ထမြောက်ရင်သွေးလေး ကို ဥချပေးခဲ့သည်။ မုန်တိုင်းကိုဖက်၍ လူ့လောကထဲ ၀င်လာသော သူ့သားကလေးကို သူက နေ့နံတွေ ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ မိုင်းတုန်မြို့သူ သူ့အမေဇာတိလေးလည်းပါအောင် မုန်တိုင်းဟု အမည်ခပ်လှလှလေး ပေးခဲ့သည်။ ပထမသုံးယောက်က သမီးတွေချည်းပဲဆိုတော့ သားကလေးတစ်ယောက် လိုချင်နေခဲ့တာ သူ့မှာ တစ်ပိုင်းသေလှပြီ။ ထို့ကြောင့်လည်း တစ်နိုင်ငံလုံးက မုန်တိုင်းကို ပြစ်တင်ကြိမ်းမောင်းရင်း အော်ဟစ်ဆဲဆိုနေချိန်မှာ သူက သားဦးလေး ခေါ်ဆောင်ပေးလာတဲ့ ကျေးဇူးရှင်ကြီးကို တိတ်တိတ်လေးကျိတ်ပြီး ဦးတွေ၊ ဘာတွေချမိနေသည့်အပြင် ၎င်းကြီး အသက်ရာကျော်ရှည်ဖို့ ဆုမွန်ကောင်းတွေ၊ ဘာတွေတောင် တောင်းပေးနေမိလိုက်သေးသည်။

ဒါပေမယ့်…သိပ်မကြာလိုက်။ အမိုးအကာမဲ့နေ၍ အတားအဆီးမရှိ ၀င်ရောက်လာသော လေစိမ်း၏ ခပ်ကြမ်းကြမ်းထွေးပွေ့မှုကြောင့် မွေးကင်းစ မောင်မုန်တိုင်းလေး ညကြီးမင်းကြီး ကောက်ကာငင်ကာ ဖျားတော့သည်။ ဒါပေမယ့်…ဒါကလည်း သိပ်အထူးဆန်းကြီးတော့ မဟုတ်။ ကလေးဆိုတာ ဖျားတတ်နာတတ်တဲ့ အမျိုးပဲမဟုတ်လား။

သူ့မိန်းမ မငွေသွေးကတော့ သူ့လိုမဟုတ်။ အရာရာတွင် လွန်ကဲစွာ စိုးရိမ်တတ်လွန်းသူ ပီပီ ကလေးဖျားပြီဆိုကတည်းက ခြေမကိုင်မိလက်မကိုင်မိနှင့် ခရုဆားထိနေသလို မျက်ရည်ကြည်တွေ မျက်လုံးမှ ထွက်ကျလာလိုက်၊ တွန့်လိမ်ကောက်ကွေးပြီး ကလေးကို ခဏခဏစမ်းလိုက်ဖြင့် မပဒ္ဒါက အမေခေါ်ရလောက်အောင် ပျာယာခပ်ပူလောင်နေခဲ့သည်။ ဒါကလည်း မဆန်းပါဘူး။ မိခင်ဆိုတာကလည်း ပူပန်တတ်တဲ့အမျိုး မဟုတ်လား။ မိခင်တို့ ဘာသာဘာဝ သူမ စိတ်ပူနေချင်လည်း ကြိုက်သလောက်သာ ပူနေပါစေ။ သူမရဲ့နံဘေးမှာ အဖြစ်မှန်ကို ကျကျနန ချင့်ချိန်သုံးသပ်ပြီး ပြဿနာကို ခေါင်းအေးအေးနဲ့ ဖြေရှင်းတတ်တဲ့ အကောင်းမြင်ဝါဒီ လင်ယောက်ျားတစ်ယောက် ရှိနေတယ်ဆိုက သူမကို ဒီထက်လွန်ကဲတဲ့ တုံ့ပြန်မှုမျိုးတွေတောင် လုပ်ခွင့်ပြုထားတယ်ဆိုတဲ့သဘော သက်ရောက်နေတယ် မဟုတ်လား။

ဒါပေမယ့် ညကြီး မင်းကြီး ကောက်ခါငင်ခါ ဆေးခန်းထသွားချင်တယ်ဆိုတဲ့ အဆိုပြုချက်မျိုးကိုတော့ သူ့လက်ထဲမှာ တစ်ပြားမှရှိမနေတာကို သိနေတဲ့ သူမ လာရောက်၍ မတင်ပြသင့်။ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ ။ ဆေးခန်းဆိုတာမျိုးက ပြတိုက်လို အလကားဝင်ပြီး စိတ်ကူးယဉ်လို့ရတဲ့ နေရာမျိုးမှ မဟုတ်တာ။ မနက်မိုးလင်းမှ ခါတိုင်းလိုပဲ သူကြုံရာ အလုပ်တစ်ခုခုရှာ။ ညနေလုပ်ခငွေရလာတော့မှပဲ ဆေးခန်းအကြောင်း စိတ်ကူးစယဉ်ကြတာပေါ့လို့ ပြန်ပြောလိုက်တော့ သူ့မိန်းမက သိပ်မကျေနပ်သလို၊ ဘာလိုလို။

ပြီးတော့ အခြေအနေက သိပ်အဆိုးကြီးမဟုတ်လောက်တော့ မနက်မိုးလင်းလောက်ဆို ကလေးက သူ့ဖာသာသူ အဖျားကျချင်လည်း ကျသွားနိုင်တာပဲလေ။ အားလုံး ဘာမှ ကိုယ်တွယ်ထိတွေ့စရာ မလိုပဲ အလိုလို လျှောလျှောရူရူဖြစ်သွားမယ့် အရာတွေထဲမှာ မုန်တိုင်းလေး နေမကောင်းဖြစ်တဲ့ ကိစ္စလည်း ပါချင်ပါနေမှာပေါ့။ ဘယ်သူ ပြောနိုင်မှာလည်း။ အဲ့ဒါကြောင့်လည်း ဘာတွေမှ သိပ်ထွေထွေထူးထူး စိုးရိမ်ပူပန်မနေတော့ပဲ တောင်တွေး မြောက်တွေး ခပ်လွင့်လွင့်ကလေး ဟိုဒီစဉ်းစားရင်း သူ နှစ်နှစ်ချိုက်ချိုက် အိပ်စက်ပြစ်လိုက်သည်။

အိပ်ပျော်တာ ဘယ်လောက်တောင်ကြာသွားလည်း မသိ။ သူပြန်နိုးလာတော့ ညက သူရေတွက်နေခဲ့သောကြယ်တွေတောင် ကောင်းကင်ယံ၌ မရှိတော့။ ဘာလိုလိုနဲ့ မိုးတောင်စဉ်စဉ်လင်းသွားပြီပဲ။

တစ်ညနေလုံး တမှေးမှ မှေးစက်ထားပုံမရသော သူ့မိန်းမ မငွေသွေးကတော့ မျက်တွင်းဟောက်ပက်နှင့် မောင်မုန်တိုင်းလေးဘေးမှာ စိုးရိမ်တကြီးထိုင်ငိုနေတုန်း။

မျက်ရည်စခပ်ကျဲကျဲတွေကို လက်ဖမိုးနှင့် သုတ်ရင်း သူမက လှမ်း၍ နုတ်ခွန်းဆက်သသည်။

“ရှင်နိုးပြီလား”

မျက်ချေးဖတ်ခပ်ပြစ်ပြစ်တွေကို လက်ညိုးနှင့် ပွတ်ရင်း သူကလည်း ပြန်လည်၍ခွန်းတုန့်ပြန်လိုက်သည်။

“အင်း”

“ကလေးက တစ်ကိုယ်လုံးပူခြစ်တောက်နေတာပဲရှင်။ ဖြစ်နိုင်ရင် ကျမ အခုချက်ချင်းတောင် ဆေးခန်းထသွားလိုက်ချင်တယ်”

တစ်ခါတစ်လေ သူ့မိန်းမကလည်းရီရသည်။ ကိုယ်ပူလို့ နေမကောင်းဖြစ်နေပါတယ်ဆိုမှ ကလေးက ဘယ်လိုလုပ် အေးစက်နေမှာလဲ ။ အနည်းနဲ့အများတော့ ပူနေမှာပေါ့။ ဒါကထားပါ။ သူမ မိခင်စိတ်မွန်ထူပြီးပြောတာဆိုတော့………။ ဒါပေမယ့် ဆေးခန်းသွားပြချင်နေတယ်ဆိုတော့ ဘယ်မှာလည်းဆေးခန်းပြဖို့ ပိုက်ဆံ။ ပြီးတော့ ဆေးခန်းဆိုလို့ သူတို့ရပ်ကွက်ထိပ်က “အကြွေးမရပါ”လို့ ဆိုင်းဘုတ်ချိတ်ထားတတ်တဲ့ ဒေါက်တာငွေခင်ရဲ့ ငွေများ၊သားမသေဆေးခန်းပဲ ဒီအချိန် ဖွင့်တတ်တာ မဟုတ်လား။ ငွေမရှိပဲသူ့ဆေးခန်းသွားဖို့ဆိုတာက ရေမပါပဲ ရေနွေးအိုးတည်တဲ့ ကိစ္စလို ဘယ်လိုမှမဖြစ်နိုင်။ ပြီးတော့ စောစောစီးစီး အဆဲအဆိုခံရဖို့ကလည်း များနေသည်။ ရိုက်ပုတ်အလွတ် မခံရရင်တောင်ကံကောင်း။ ဒါကိုသူ့မိန်းမကလည်းမသိမဟုတ်။ ကလေးအပေါ် အစိုးရိမ်လွန်နေ၍ ပြောမိပြောရာ လျှောက်ပြောနေခြင်းဖြစ်သည်။

“အေးပါမိန်းမရာ…ညနေ ငါပိုက်ဆံရလာရင် သွားကြတာပေါ့”

“ဒီကြားထဲမင်းလည်း အဆင်ပြေရင်တစ်ယောက်ယောက်ဆီက လှည့်ထားလိုက်ပေါ့။ ညနေငါပြန်လာမှ အတိုးလေး၊ ဘာလေးနဲ့ ပြန်ဆပ်တာပေါ့”

သူကို ကလေးကို ဂရုမစိုက်ဘူး ဟု သူ့မိန်းမ အပြစ်တင်မည်စိုး၍ ပြောသာပြောလိုက်ရသည်။ ဒီအနီးအနားပါတ်ဝန်းကျင်က သူတို့နှင့် ပါတ်သက်နေသမျှ လူတွေအားလုံး သူလိုကိုယ်လို ပြာပုံလျှက်နေတဲ့ကောင်တွေ ချည်းပဲဆိုတော့ သူ စကားသာ အဖတ်တင်သွားကြောင်းကိုလည်း သိနေသည်။

“အရမ်းလည်းစိတ်ပူမနေပါနဲ့ကွာ။ ဘာပဲဖြစ်ဖြစ် ညနေကျရင် အားလုံးအဆင်ပြေသွားမှာပါ”

“ပူရတယ်တော်ရေ…ပူရတယ်….ရှင့်ပြောလိုက်ရင် ဒါမျိုးကြီးပဲ” ဟုသူ့အား ခပ်ဆတ်ဆတ် ခွန်းတုန့်ပြန်ရင်း ကလေးဘ၀၏ အမြင့်မားဆုံး စည်းစိမ်ယူနေသော သူ့ သမီးကြီးသုံးယောက်ကို သူမ အိပ်ယာမှနိုး၏။

သူ့သမီးတွေ အိပ်မှုံစုံမွှားဖြင့် ထလာကြပြီး အိမ်ရှေ့ကွပ်ပြစ်ပေါ်တွင် ပြန်နေရာယူကာ အိပ်သွားကြပြန်သည်။ ကိစ္စမရှိ။ အိပ်ချင်သလောက်သာအိပ်ကြပါစေ။ သူတို့အတွက် ငွေမကုန်တဲ့ ဈေးအပေါ ဆုံးစည်းစိမ်ကလည်း ဒါလေးပဲရှိတာမဟုတ်လား။ ပြီးတော့ မငွေသွေး သူတို့ကို နှိုးတယ်ဆိုတာကလည်း သူတို့ကိုနိုးတာမဟုတ်။ သူတို့နှင့် အတူ အိပ်မောကြနေကြသည့် စောင်နှင့် ခေါင်းအုံးများကို နိုးခြင်းသာဖြစ်သည်။

ဆက်လက်ငိုက်မြည်းချင်သေးသည့်ပုံ ပေါက်နေကြသည့် တစ်အိမ်လုံးမှ ရှိရှိသမျှစောင်တွေ၊ ခေါင်းအုံးတွေအားလုံးကို သူ့မိန်းမလိုက်တစ်ယောက် ခပ်နာနာကလေး လိုက်ပုတ်ပြီး လန်းဆန်းသွားအောင် ဖုံတွေခါထုတ်နေခြင်းဖြစ်သည်။ ထို့နောက်တွင်တော့ သူမ အားလုံးကို သပ်ရပ် ညီညာစွာခေါက်လိုက်ပြီး ပီနံအိတ်ခွံအလွတ်တစ်လုံးထဲသို့ ညင်သာစွာ လျှောထည့်လိုက်သည်။

ပြီးတော့

“ကလေးကို ခဏကြည့်ထားလိုက်ပါ တော်ရေ။ ကျမလုပ်စရာရှိတာလေးတွေ သွားလုပ်လိုက်ဦးမယ်” ဟု ၀ါကျင်ကျင်သွားတွေကို မီးသွေးခဲဖြင့် ခြစ်နေသော သူ့ဘက်ကိုလှည့်အော်လိုက်ပြီး ကလေးကို စိတ်မချတစ်ချဖြင့် ကြည့်ကာ သူမ အိမ်ပေါ်မှ ဆင်းသွားတော့သည်။

“အေး…အေး….စိတ်ချ….မိန်းမရ”

ခါးဖန့်ဖန့်အရသာကို ရေနှင့် ပလုပ်ကျင်းထုတ်ရင်း သူ ဗလုံးဗထွေးကြီး ပြန်အော်ပြောလိုက်သည်။

အဲ့ဒီစောင်တွေ၊ ခေါင်းဦးတွေဆိုတာက သူတို့မိသားစု ရှားရှားပါးပါး ပိုင်ဆိုင်တဲ့ ဘိုးစဉ်ဘောင်ဆက် ရတနာတွေ။ အခု ထိုရတနာပစ္စည်းတွေကို လုံခြုံစိတ်ချရသည့် လျှို့ဝှက် ဘဏ်တိုက်တစ်ခုသို့ သွားရောက် အပ်နှံဖို့ သူ့မိန်းမ အိမ်ပေါ်ကဆင်းသွားခြင်းပင်ဖြစ်သည်။ သူတို့ရပ်ကွက်ထဲမှာ လျှို့ဝှက်သော ဘဏ်လုပ်ငန်းတွေ ဒုနှင့်ဒေးရှိ၏။ လျို့ဝှက်သော ဘဏ်ဆိုတာ တရားမ၀င် အပေါင်ဆိုင်ကို သူတို့အရပ်ထဲမှာ စကားဝှက်သုံး၍ ခေါ်ကြချင်းဖြစ်သည်။ ထိုလျှို့ဝှက်သော အပေါင်ဆိုင်များနှင့် ဆက်စပ်ပတ်သက်နေခဲ့ရသည်မှာ သူတို့လင်မယား ညားကာစမှ ယနေ့ထိတိုင်အောင်ပဲ ဖြစ်သည်။ တရက်စာ အတိုးနူန်းက တခါတရံ၌ ပစ္စည်းတန်ဖိုးထက်ပင် များနေတတ်သော်လည်း ခါလီ မနက်ခင်းတွေကို အသက်သွင်းဖို့ အခြားနည်းလမ်းတွေ ရှာမရတော့လည်း ဒီလက်လှမ်းမှီ အသားကျနေတဲ့ အလုပ်လေးကိုပဲ သူတို့ ထပ်ခါထပ်ခါလုပ်မိနေကြတော့တာပေါ့။ ဒီလိုမှ မလုပ်ရင် နေ့တိုင်း မနက်အိပ်ယာထချိန်ကနေ ညနေစောင်း သူငွေရှာပြီး အိမ်ပြန်လာတဲ့အချိန်အထိ သူ့မိသားစု ဗိုက်မှောက်ပြီး နေကြရုံပါပဲ။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မနက်မိုးလင်းတာနဲ့ ဘ၀ကို အကြွေးယူခြင်းနဲ့ စတင်တယ်ဆိုတာ အခြားတစ်ဖက်ကကြည့်ပြန်တော့လည်း မနက်ခင်းတိုင်းမှာ အခြားသူတစ်ဦးတစ်ယောက်ရဲ့ ယုံကြည်မှုနဲ့ ဘ၀ကို စတင်တာမျိုး ဖြစ်နေပြန်တယ်။ အမှန်တော့ ဒီစောင်လေးတွေ၊ ခေါင်းအုံးလေးတွေကို ခုတုံးလုပ်ပြီး ကြွေးရှင်နဲ့ သူတို့တစ်တွေ နှစ်ဦးနှစ်ဘက် ယုံကြည်မှု နေ့စဉ်ခိုင်မာသထက်ခိုင်မာအောင် ကြိုးစားလာခဲ့ကြတာ ခုဆိုနှစ်ပေါင်းတောင် အတော်ကြာခဲ့ပြီပေါ့။ အဲံဒီ ယုံကြည်မှုအတွက် သူ့ဖက်က ပေးဆပ်ရတဲ့ အရင်းအနှီးကတော့ နေ့စဉ် အတိုးလေးမှန်မှန်ဆက်သနေရခြင်းပါပဲ။ ဘာပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် အဆင်ပြေနေကြရင်ပြီးတာပဲ မဟုတ်လား။

သူတို့ရဲ့ အိပ်ယာဝင်ပစ္စည်းအဟောင်းလေးတွေက တန်ဖိုးအနေနဲ့ တွက်ကြည့်ရင် ဘာမှတော့ မဖြစ်လောက်ပေမယ့် စောင်၊ ခေါင်းအုံးမပါပဲ အိပ်နေရတဲ့သူတွေတောင်ရှိနေတဲ့ခေတ်ဆိုတော့ သူ့တန်ဖိုးနှင့်သူကတော့ရှိနေကြသေးသည်။ ပေါင်နှံခက တစ်ပဲခြောက်ပြားလောက်ပဲရတယ်ဆိုပေမယ့် သူအလုပ်သွား ထမင်းဘူးထည့်ဖို့နဲ့ သူ့မိသားစုမနက်စာ၊ နေ့လယ်စာပေါင်းစားဖို့ ဆန်နို့ဆီဗူးနှစ်လုံးလောက်တော့ ၀ယ်နိုင်သေးသည်။ သူညနေ ကြုံရာကျပန်းအလုပ်တစ်ခုခု အဆင်ပြေလို့ ပိုက်ဆံတွေ အဆင်ပြေလာမှ ဒါတွေကို ညဘက်ကျောခင်းဖို့ ပြန်ရွေးလိုက်ရုံပါပဲ။ ဘာခက်တာမှတ်လို့။ ဒီလိုနဲ့ သူတို့ အိမ်ထောင်သက်တမ်းတစ်လျှောက်လုံး ငွေကို ကလဖန်ထိုးပြီး လည်ပတ်လာခဲ့တာ အဆင်ကိုပြေနေကြတာပဲ မဟုတ်လား။

ပြီးတော့ နေ့လည်နေ့ခင်း ဒီစောင်တွေခေါင်းအုံးတွေက အိမ်မှာ အပိုတွေဖြစ်နေမယ့်အတူတူ ကမ္ဘာ့ဝင်ငွေလည်ပတ်စီးဆင်းမှုကြီးထဲမှာ တစိတ်တဒေသပါဝင်တဲ့ အနေနဲ့ အပေါင်ဆိုင်သွားပို့ထားတာက ပိုမိုသင့်လျှော်မနေပေဘူးလား။

ဒါမျိုးတွေလုပ်နေတာ ဒီရပ်ကွက်ထဲမှာ သူတို့မိသားစု တစ်ခုထဲတော့ မဟုတ်။ သူသိသမျှ တစ်ရပ်ကွက်လုံးက ဆင်းရဲချမ်းသာ လူတန်းစားမရွေး ဒီလိုလည်ပတ်နေကြသည်ချည်းဖြစ်သည်။

တစ်ခုတော့ နဲနဲကွဲပြားသည်။ ရွှေငွေဝတ်နိုင်တဲ့လူတွေကတော့ အမိန့်ရပေါင်ဆိုင်လို တရားဝင်နေရာမျိုးကိုသွားကြပြီး သူတို့လိုသာမန်လူတန်းစားတွေကတော့ တိုးတိုးတိတ်တိတ်အပေါင်ဆိုင်တွေနှင့်သာ လျှို့ဝှက်အလွမ်းသင့်ရသည်။

မည်သို့ပင်ဆိုစေကာမူ ဘုရားသခင်၏ကရုဏာစွက်သော လူတန်းစားညှိမှုကြောင့် သာမန်ဆင်းရဲသားလူတန်းစာတွေ တဖြည်းဖြည်းများလာလေ၊ လူတွေ အဖိုးတန်ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနည်းသွားလေလေ ဖြစ်လာသောကြောင့် ရွှေငွေနှင့်အဖိုးတန်ပစ္စည်းဥစ္စာတို့ကိုသာ လက်ခံသောအမိန့်ရအပေါင်ဆိုင်ကြီးများ၏ စီးပွားရေးလုပ်ငန်းတို့ သိသိသာသာထိုးကျလာပြီး ဟိုတစ်စုဒီတစ်စု တိုးတိုးတိတ်တိတ်ပေါ်လာသည့် လျှို့ဝှက်သောအပေါင်ဆိုင်တွေ သူတို့အရပ်ထဲ၌ ပို၍ခေတ်စားလာသည်။

တိုးတိုးတိတ်တိတ် အပေါင်ဆိုင်တွေရဲ့ စီးပွါးရေးလုပ်ငန်းတွေ ကြောက်ခမန်းလိလိ တွင်ကျယ်လာတာလည်း မပြောနဲ့။ သူတို့က အပ်ကအစ ဆေးလိပ်ပြာခွက်အဆုံး တိုလီမုန့်စတွေ အားလုံးလိုလိုကို အပေါင်ခံ အပ်နှံခွင့် ပေးနေကြတာကိုး။ အဲ့ဒါတွေကြောင့်လည်း လာရောက်ပေါင်နှံတဲ့ပစ္စည်းတွေက တခါတရံ ကိုယ်မတွေးထားမိဘူးလောက်အောင်ပင် စိတ်ဝင်စားဖွယ်ရာ ကောင်းလှ၏။ ဒီနေ့ ထမင်းဖြူကို ဆားနဲ့ပဲ နယ်စားကြမှာဖြစ်လို့ ငရုတ်သီးထောင်းစရာမလို အပိုဖြစ်နေတဲ့ ငါးရုပ်ကျည်ပွေ့လိုအရာကို လာရောက်ပေါင်နှံသူကိုလည်း သူတွေ့ဖူးသည်။ ဒီနေ့အိမ်အပြင်ထွက်စရာ ကိစ္စမရှိလို့ အပိုဖြစ်နေတဲ့ တစ်ရံထဲသော ဖိနပ်စုတ်ကို လာရောက်ပေါင်နှံသူကိုလည်း သူတွေ့ဖူးသည်။ သွားတိုက်ဆေး အသစ်ထပ်မ၀ယ်နိုင်လို့ အပိုဖြစ်နေတဲ့ သွားပွတ်တံ လာရောက် ပေါင်နှံသူတစ်ဦးကိုတောင် ရှားရှားပါးပါး သူတစ်ခါတွေ့ဘူး၏။

ဒါ...သူတို့သာမန်လူတန်းစားတွေရဲ့ သမားရိုးကျဖြစ်လွန်းနေတဲ့ ၀င်ငွေလည်ပတ်စီးဆင်းမှုပါပဲ။ ကိုယ့်အတွက် ဒီနေ့အသုံးမ၀င်ဖြစ်နေတဲ့ပစ္စည်းတစ်ခုကို အချိန်မရွေးအသုံးဝင်တဲ့ငွေစအနည်းငယ်နဲ့ ခေတ္တလဲလှယ်ထားတဲ့ အလုပ်လောက်အသုံးကျတဲ့ကိစ္စ ဒီကမ္ဘာမှာ ဘာများရှိဦးမှာတုန်း။ ပြီးတော့ ဒီလိုနဲ့ပဲ သူတို့အားလုံး နေ့ရက်တွေကို အောင်မြင်စွာ ဖြတ်သန်းနေကြတာပဲမဟုတ်လား။ နှစ်ဦးနှစ်ဖက် အကျိုးမယုတ်ကြတဲ့အတွက် ဒါ ကောင်းချီးပေးရမယ့် ကိစ္စတစ်ခုပဲပေါ့။

တွေးတောနေစဉ်မှာပဲ ရှပ်ပြာရှပ်ပြာခြေသံတွေပေး၍ သူ့မိန်းမ မငွေသွေး အပြင်မှပြန်ရောက်လာသည်။

“စောင်တွေ၊ ခေါင်းအုံးတွေက အရောင်ပိုလွင့်သွားလို့တဲ့ အရင်နေ့တွေကလောက် ဈေးမရခဲ့ဘူး တော်ရေ”

“ပြီးတော့ ကလေးကိုဆေးခန်းမပြခင်တိုက်ဖို့ ကွမ်းရွက်နဲနဲနဲ့ ဆရာမောင်ဆေးနီမှုန့် တစ်ထုပ်လည်း ၀ယ်လိုက်ရတော့ ဆန်တောင်အရင်လို နို့ဆီဗူးနှစ်ဗူးဝယ်ရအောင် ပိုက်ဆံက မလောက်တော့ဘူးရှင့်”

အင်းလေ......ညတိုင်းဆက်တိုက် အိပ်နေရတဲ့စောင်တွေ၊ ခေါင်းအုံးတွေဆိုတော့လည်း ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဟောင်းနွမ်းစိတ် ၀င်လာတယ်ဆိုတာက သင်္ခါရ သဘောတရားရဲ့အလိုတော်ကျအတိုင်းပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ်လေကျေးဇူးရှင် အပေါင်ဆိုင်တွေက ဒါတွေကိုတောင် သဘောထားကြီးကြီးနဲ့ ဆက်လက်လက်ခံနေသေးတယ်ဆိုတော့ ဒါ သူတို့ကို ဆက်လက်ယုံကြည်နေသေးတယ်ဆိုတာကို ပြနေတဲ့သဘောပဲပေါ့။

ပြီးတော့ သူ့မိန်းမကလည်း ဘယ်ဆိုးလို့တုန်း။ ကလေးအတွက်ဆေးမြီးတိုတွေ၊ ဘာတွေတောင်ဝယ်လို့။

လက်ကျန်ထရံမှ ထရံစအချို့ကို ချိုးယူပြီး သူ့မိန်းမ မီးမွှေးကာ ထမင်းအိုးတည်နေပြီ။ အင်းလေ။ ထရံတစ်ခုလုံးအသစ်ဝယ်ထည့်ရမယ့် အတူတူတော့ လောလောဆယ် ထင်းဖိုးသက်သာတာပေါ့။ ဟင်းအတွက်ကလည်း ခေါင်းခြောက်စရာဘာလိုလို့လဲ။ မနေကက လက်ကျန် ငါးပိထောင်းနည်းနည်းရှိနေသေးတယ်လေ။ ကဲ…သူ့အတွက် စိတ်ညစ်ညူးနောက်ကျိစရာ ဘာများကျန်သေးလို့တုန်း။ အားလုံး လျှောလျှောရှုရှုကိုဖြစ်လို့ ….ဘာဆိုဘာမှ ပူစရာမရှိလောက်အောင်ပါပဲလား။

အလုပ်ရှာထွက်ဖို့ သူအိမ်ပေါ်က မဆင်းခင် သားငယ်မောင်မုန်တိုင်းလေးကို ခပ်ဖွဖွပွေ့ချီလိုက်သည်။ မီးသွေးခဲတစ်ခဲ ကောက်ကိုင်လိုက်မိသလို သူ့လက်တွေ ချက်ခြင်းထူပူသွားရာကနေတဆင့် သူ့စိတ်တွေထဲတွင်လည်း ထစ်ကနည်းလိုက်ပူမိသွားသည်။

အော်…ဒါကြောင့်လည်းသူ့မိန်းမအစိုးရိမ်လွန်နေတာကိုး။ ကလေးက ကြောက်ခမန်းလိလိ ပူချစ်တောက်နေသည်။ ဘာပဲဖြစ်ဖြစ်လေ။ ညနေ သူငွေပါလာလို့ ဆေးခန်းသွားပြလိုက်ရင်တော့ အားလုံးအဆင်ပြေသွားမှာပဲ မဟုတ်လား။ ခုနကတိုက်ထားတဲ့ ဆရာမောင်ဆေးနီမှုန့်နဲ့ ကွမ်းရွက်ပြုတ်ရည် တန်ခိုးကလည်း ခုထိမပြသေးဘူးထင်တယ်။ ခဏကြာလို့ တန်ခိုးပြလာရင်တော့ သားလေး ကိုယ်ပူရှိန် ကျချင်လည်း ပြန်ကျသွားနိုင်တာပဲလေ။

ဤသို့ဖြင့် အရိုးစွဲအကျင့်ပါနေပြီ ဖြစ်သော အကောင်းမြင်စိတ်က သူ့ရင်ထဲမှာ တဒင်္ဂမြင့်တက်လာတဲ့ ပူလောင်မှုဒီရေကို စိုးရိမ်ရေမှတ်အောက် ချက်ချင်းပြန်လည်ဆွဲချသွားပြန်သည်။ ဒီလိုနဲ့ အလုပ်ရှာထွက်ရန် အိမ်ပေါ်က စိတ်အေးလက်အေးနဲ့ ဆင်းဖို့် သူအဆင်သင့်ဖြစ်နေပြီပေါ့။

ထမင်းအဖြူထည်ပေါ် ငါးပိထောင်းနဲနဲအဖျားဆွတ်ထားတဲ့ လောကဓံအထုအထောင်းခံ ဒန်ချိုင့်ပိန်ပိန် ကိုဆွဲပြီး သူအိမ်ပေါ်ကဆင်းနေတုန်း သူ့မိန်းမကလှမ်းမှာသည်။

“ဖြစ်နိုင်ရင် စောစောလေးရအောင် ပြန်လာခဲ့ပါရှင်”

“ကလေးအတွက် ကျမအရမ်းစိတ်ပူလို့”

“အေးပါမိန်းမရ…သိပ်လည်း စိုးရိမ်မနေပါနဲ့။ ငါမမှောင်ခင် အရောက်ပြန်လာခဲ့ပါ့မယ်။ ဒါပဲဟေ့…ငါသွားပြီ”

( ၄ )

ဒီလိုနှင့် ကဏန်းတစ်ကောင်လို ယက်ကန်ယက်ကန်နှင့် ဒရွတ်ဆွဲရင်း ဇီးကွက်တစ်ကောင်လို အတွေးစတွေဖွာကာ လမ်းမတွေပေါ်သို့ သူ ရောက်လာခဲ့သည်။

တကယ်ဆို မငွေသွေးနဲ့ သူ အိမ်ထောင်ကျတာ လေးနှစ်လောက်ပဲရှိသေးသည်။

ထမင်းနပ်မှန်တဲ့ အိမ်ထောင်သည်ဘ၀ဖြစ်လာဖို့ ကြိုးစားနေရတာနဲ့ သူတို့မှာ အပိုငွေရယ်လို့ စုမနေနိုင်ခဲ့ကြဘူး။ အဲ့ဒါကြောင့်လည်း ရုပ်ရှင်ကြည့်တာတို့၊ ပျှော်ပွဲစားထွက်တာတို့ စတဲ့ ဘယ်လိုဇိမ်ခံလုပ်ငန်းမျိုးတွေမှာမှ သူတို့တွေ မပါဝင် မပတ်သက်နိုင်ခဲ့ကြဘူး။ အဲဒီတော့လည်း အလုပ်သိမ်းပြီဆိုတာနဲ့ သူအိမ်ကိုပဲ တန်းတန်းမတ်မတ်ပြန်ပြီး သူ့ရဲ့ ညဦးပိုင်း အားလပ်ချိန်တွေကို သူ့မိန်းမနားမှာပဲထိုင်ပြီး မကုန်ကုန်အောင် ဖြုန်းရတော့တာပေါ့။ ရှက်ရှက်နဲ့ပြောရရင်တော့ ....ဒါ..... ငွေကြေ်းသုံးစွဲစရာမလိုတဲ့ လောကရဲ့ အဆင့်အမြင့်ဆုံးသော စည်းစိမ်တစ်ခုပါပဲ။ အကျိုးဆက်အနေနဲ့ကတော့ လေးနှစ်အတွင်းမှာ ကလေး၎ယောက် ရလာခြင်းပဲပေါ့။

ဘာပဲဖြစ်ဖြစ်လေ တစ်ချို့ဆိုရင် အိမ်ထောင်သက် (၁၀)နှစ်၊ နှစ်(၂၀)ပြည့်တာတောင် ကလေးတစ်ယောက်မရကြသေးဘူးဆိုတော့ ဒါသူတို့ လင်မယားတွေ ကံကောင်းတာပါပဲ။ ကျွေးစရာပါးစပ်ပေါက် နဲနဲတိုးလာတာကလည်း သိပ်ကိစ္စမရှိပါဘူး။ သူအရင်ကထက် ပိုပြီး အလုပ်နဲနဲကြိုးစားလိုက်ရုံနဲ့ ဒီကိစ္စကလည်း သူ့အလိုလို အဆင်ပြေသွားမှာပဲ မဟုတ်လား။

အလုပ်ဆိုလို့ သာမန်ဆင်းရဲသားတွေနဲ့ ပတ်သက်တဲ့ အလုပ်မှန်သမျှ အားလုံးလိုလို သူ အစုံလုပ်ခဲ့ဖူးသည်။ ဒါပေမယ့် မြင်းလှည်းမောင်းသမား၊ အုန်းပင်တက်သမား၊ မြေကျင်းတူးသမား၊ လက်သမားစတဲ့ ဂုဏ်ပုဒ်တစ်ခုခု တတ်ပြီးသူ့ကို ခေါ်ဆိုရလောက်အောင်လည်း သူက ဘာအလုပ်တစ်ခုကိုမှ စွဲမြဲမြဲမလုပ်ဖူးခဲ့။ ခေတ်စနစ်ကိုလိုက်ပြီး ရေကြည်ရာမြက်နုရာ မီးစင်ကြည့်၍ ကတတ်သော အထွေထွေသမားတော်ကြီးလို့ သူကတော့ သူ့ကိုယ်သူ ကျိတ်၍နာမည်ပေးထားသည်။

ဒါပေမယ့် အခုက မုန်တိုင်းလွန်ခေတ်ဆိုတော့ ရန်ကုန်မှာ အိမ်ခေါင်မိုး မိုးတဲ့အလုပ်တွေ ခေတ်စားနေသည်။ အဲဒီတော့ လောလောဆယ် ဒီအချိန်မှာ ယေဘုယကျလွန်းတဲ့ အထွေထွေသမားတော်လို့ သူ့ကိုယ်သူ ခေါ်တာထက် ခေါင်မိုးမိုးဆရာ ဟူု၍ ပိုမိုတိကျသော ယာယီနာမ၀ိသေသတစ်ခု ပေးထားတာက ပိုသင့်လျှော်နေလိမ့်မည်။

ဒီလိုနဲ့ တလမ်းဝင် တလမ်းထွက် ခြေဦးတည့်ရာ လျှောက်ရင်း သူကြုံသလို လှည့်ပတ်တွေးနေလိုက်တာ သူထွက်လာတဲ့ အဓိကကိစ္စကိုတောင် သူမေ့သလိုဖြစ်သွားသည်။ ဟုတ်သားပဲ။ ငါ အလုပ်တစ်ခု ရှာရဦးမှာပါလား။ ဟိုဟို ဒီဒီ လမ်းမပေါ်ကနေ သူမျက်စိတွေ ကစားပြစ်လိုက်သည်။

အချို့အိမ်တွေကတော့ မိုးပြီးနေကြပြီ။ အချို့ကလည်း ကိုယ့်ဖာသာ မိုးလို့ ကောင်းတုန်း။ နဲနဲ အဆင်ပြေပုံရတဲ့ အိမ်တစ်ချို့သာ သူ့လို ကျဘမ်း အမိုးမိုးဆရာတွေကို ငှားပြီး မိုးနေတာ တွေ့ရသည်။

"အိမ်ခေါက်မိုးတွေ မိုးကြဦးမလားဗျို့။ သွပ်နဲ့ပဲ မိုးမိုး၊ ဓနိနဲ့ပဲ မိုးမိုး ဈေးပေါပေါ လက်ရာကောင်းကောင်းနဲ့ စိတ်ကြိုက်မိုးပေးနေတယ်နော်”

ခေါင်မိုးတွေ ဆလံသနေသော အိမ်တွေရှေ့ရောက်လျှင်တော့ သူ သာမန်ထက်ပို၍ ကျယ်လောင်စွာ အော်ပြစ်လိုက်သည်။ ဒါပေမယ့် လာပါဦးဆရာရေလို့တော့ သူ့ကို ဘယ်သူ့မှ ထွက်မခေါ်ကြ။ အင်းလေ...နေ့လယ်နေ့ခင်း ငိုက်မြှည်းနေကြလို့ မကြားတာလည်း ဖြစ်နိုင်တာပဲ။ သူအစီအစဉ်ပြောင်းရတော့မည်။ လမ်းပေါ်က ဒီလိုကြုံးအော်နေမည့် အစား တစ်အိမ်တက်ဆင်း လိုက်၍ စေ့စပ်ဆွေးနွေးကြည့်မည်။

ဤသို့ဖြင့် ခေါက်မိုးဟောင်းလောင်းဖြစ်နေသော အိမ်တစ်အိမ်ကို သူအရင်ရွေးချယ်၍ တန်းတန်းမတ်မတ်ကြီး ၀င်သွားလိုက်သည်။ နံရိုးအပြိုင်းပြိုင်းထနေသော အိမ်ရှေ့တည့်တည့်တွင်တော့ ကျီးကန်းလို မျက်နှာပေါက်နှင့် လူတစ်ယောက် စာခြောက်ရုပ်တစ်ရုပ်လို သုန်သုန်မှုံမှုံဖြင့် ရပ်နေသည်။ သူ့ကိုမြင်တော့ " ဘာကိစ္စလဲကွ " ဟု ခပ်ပြတ်ပြတ် လှမ်း အာ သည်။

" ဟုတ်ကဲ့ ကျွန်တော်က ခေါက်မိုးပြင်ဆရာပါ။ ဆရာကြီးအိမ်မိုးဖို့ အကူအညီတွေ၊ ဘာတွေများ လိုမလားလို့။ မိုးခ ကိုလည်း သံတစ်ချောင်း၊ ဓနိတစ်ဖက်စာပဲ ယူပါတယ်။ ဆရာကြီးကြည့်ရတာ ခေါက်မိုး ကူမိုးပေးမယ့်လူ မရှိလို့ စိတ်ဓါတ်ကျနေတဲ့ ပုံပဲ။ ဘာမှ မပူနဲ့တော့ ဆရာကြီးရေ။ အခု ဆရာကြီးကို ကူညီဖို့ ကျွန်တော် ရောက်လာပါပြီ "

" ဟေ့ကောင်...စိတ်ညစ်ရတဲ့ အထဲ မင်းက ဘာတွေလာပြီး မြည်တွန်တောက်တီးနေတာလည်း။ လူမရလို့ မဟုတ်ဘူးကွ…နားလည်လား။ ဒီမနက် တစ်မနက်လုံး မင်းလိုကောင်တွေ ၀င်ဝင်မေးတာ မင်းနဲ့ဆို ဆယ့်ခုနှစ်ကောင်တောင် ရှိနေပြီ။ အေး…လူမရှိလို့ မဟုတ်ဘူးကွ။ ဒီမှာ……. ဓနိမပြောနဲ့၊ နှီးတစ်ချောင်း ၀ယ်ဖို့တောင် ပိုက်ဆံမရှိလို့ ဘာမှမလုပ်ပဲ ဒီအတိုင်းထိုင်နေတာ ဟေ့။ အေး...မင်းက ဓနိဖိုးပါ စိုက်ပြီး အိမ်ကို အကြွေးနဲ့ မိုးပေးသွားမယ်ဆိုရင်တော့ ဖြစ်တယ်...ဟေ့ရောင် "

ထိုစာခြောက်ရုပ်ကြီးကို သူဘာမှ ပြန် အာ မနေတော့ပဲ တောင်းပန်တိုးလျှိုးစွာနဲ့ ထိုအိမ်မှ ပြန်ထွက်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ထိုလူကြီးကို သူစိတ်တော့ မဆိုးမိ။ အင်းလေ....ဒီလူကြီးလည်း သူ့လိုပဲ အဆင်မပြေလို့ ဖြစ်မှာပေါ့။ ကြည့်ပါလား… သူကိုယ်တိုင်တောင်...လူကသာ ခေါက်မိုးမိုးဆရာ။ စားဖို့၊ သောက်ဖို့ဆိုတဲ့ ကိစ္စတွေနောက် တကောက်ကောက်လိုက်နေရတာနဲ့ သူ့တဲလေးတောင် အခုထိ ဘယ်မှာမိုးရသေးလို့တုန်း။

ဒီလိုနှင့် သူ စိတ်ဓါတ်ကျတာတွေ၊ ဘာတွေ ဖြစ်မနေပဲ အခြား ခေါက်မိုး ဗလာမဲ့နေသော အိမ်တွေကို တစ်အိမ်တက်ဆင်းလုပ်၍ အပေးအယူ ထပ်လုပ်ကြည့်နေမိသည်။ သို့သော်...အားလုံးက ထိုလူကြီး အလားတူ ကျီးကန်းတွေလိုသာ အာအာပြလိုက်ကြသည်။ တစ်ချို့ဆို သူ့ကို ငှက်ဆိုးတစ်ကောင်လိုပင် အော်ဟစ်ဆဲဆို လိုက်ကြသေးသည်။ ဘယ်တတ်နိုင်မှာလည်း။ အားလုံးက သူလိုကိုယ်လို ဖြစ်နေကြတယ်ဆိုတော့...။ ဘာပဲဖြစ်ဖြစ် သူကတော့ စိတ်ဓါတ်မကျပဲ တွေ့ကရာအိမ်ဝင်၍ စေ့စပ်ဆွေးနွေးရေး ဇာတ်လမ်းတွေ ထပ်ကာထပ်ကာ ရေးဆွဲကြည့်နေမိသေးသည်။ ဒီလိုနှင့် တဖြေးဖြေး နေကကျလာပြီ။ ခေါင်မိုးကြီး တစ်ခုလုံး မိုးခွင့်ရဖို့ မပြောနှင့် သူ နှီးစတစ်ချောင်းဖြင့် သွားကြားပင် ထိုးခွင့်မရသေး။ ညနေစောင်းလာတော့ သူ စိတ်တွေနွေးလာပြီး စိတ်ပူတဲ့ဘက်ကို တဖြေးဖြေးကပ်လာသည်။ သူ့ သားငယ် မုန်တိုင်း ဆေးခန်းပြဖို့ မဖြစ်မနေ ငွေလိုနေသည် မဟုတ်လား။ မိန်းမကိုလည်း ညနေမစောင်းခင် ငွေစပိုက်ပြီး အိမ်ပြန်လာမည်ဟု လုံးဝ ကတိပေးထားသည်။ ဒီအချိန်ဆို သူ့မိန်းမ ဗျိုင်းတစ်ကောင်လို လည်ပင်းတရှည်ရှည်ဖြင့် မျှော်နေရော့တော့မည်။ သူ့ သမီးသုံးယောက်ကလည်း အစာသယ်လာမည့် ငှက်ဖိုကြီးကို နုတ်သီးတွေမိုးပေါ် ထောင်ပြီး တကျီကျီနှင့် အော်ခေါ်နေကြတော့မည်။ ဒါပေမယ့် ပိုက်ဆံမပါပဲ သူဘယ်လိုအိမ်ပြန်မလဲ။

ဒါပေမယ့် ဖြစ်နိုင်ခြေရှိသေးတာက မောင်မုန်တိုင်းလေး သူ့ဖာသာသူ ကိုယ်ပူတွေ၊ ဘာတွေ ကျချင်လည်း ကျသွားနေလောက်ပြီ။ အဲ့လိုမှ မဟုတ်လည်း အရမ်းစိတ်ပူတတ်တဲ့ သူ့မိန်းမ တစ်ယောက်ယောက်ဆီက ချေးငှားပြီး ဆေးခန်းတွေ၊ ဘာတွေ သွားရင်လည်း သွားနေလောက်နှင့်ပြီ။ ဒါမှ မဟုတ်လည်း သူ့မိန်းမ ဆရာဝန်ကို အတင်းတောင်းပန်ပြီး ကလေးကို အကြွေးနဲ့ပြရင်လည်း ပြနှင့်နေလောက်ပြီ။ ဖြစ်နိုင်ခြေရှိတာလေးတွေ ခေါင်ထဲမှာ အစီအရီတွေးရင်း ပူနေသော သူ့စိတ်တွေ ပြန်အေးလာပြန်သည်။

ဒါပေမယ့် လက်တွေ့ကျကျ ပြန်သုံးသပ်ကြည့်လိုက်တော့ ဘာတစ်ခုမှ ဂဃနဏ ဖြစ်နိုင်ခြေရှိမနေ။ မနက်က သူ့အသားနှင့်ထိခဲ့သော ကလေး၏ ကိုယ်အပူရှိန်က ကျွမ်းကျင်သူ ဆရာဝန်၏ အကူအညီမပါပဲ သူ့ဖာသာ ကျသွားဖို့ မလွယ်မှန်း အရင်ကလေးတွေနဲ့ရခဲ့တဲ့ အတွေ့အကြုံတွေအရ သူသိနေသည်။ အိမ်နီးနားခြင်းတွေဆီက ချေးငှားတဲ့ကိစ္စကလည်း ဖြစ်နိုင်ဖို့နေနေသာ ငိုယိုပြပြီး သူ့မိန်းမဆီကနေ ရသလောက်ပြန်ချေးမည့် ကျေးဇူးရှင် အိမ်နီးနားခြင်းကောင်းတို့၏ လဒလိုမျက်နှာတွေကိုသာ သူမြင်ယောင်မိနေသည်။ ဒါဆို လမ်းထိပ်က ဆရာဝန်ဆီမှာ အကြွေးနဲ့ပြဖို့ ကိစ္စကရော။ အာ...အဲ့ဒါကတော့ မဖြစ်နိုင်ဆုံးပါပဲ။ သမီးငယ်တွေ နေမကောင်းတုန်းက အတွေ့အကြုံခါးခါးတွေ သူ့မှာရှိနေခဲ့ပြီးပြီ။ တစ်ခါကတော့ ငွေမပါပဲ သွားပြမိ၍ ထမင်းခြောက် ခိုးစားသော ငှက်လေငှက်လွင့်တွေလို ဆရာဝန်၏ ခြောက်လှန့်မောင်းထုတ်ခြင်း ခါးခါးသီးသီး ခံခဲ့ရဖူးသည်။

အခြားတစ်ခါကတော့ ငွေရှိလို့ သွားပြမိတုန်းကပေါ့။ ဆရာဝန်က သမီးကို ဆယ်မိနစ်လောက် ဟိုစမ်းဒီစမ်းလုပ်၊ ဆေးပြားလေးတစ်ပြားနှစ်ပြား ခွံ့ပြီး ငွေကျတော့ သိပ်နေအောင် ယူလိုက်တော့ တန်ရာတန်ကျေးထက် များစွာပိုနေမှန်းသိတဲ့ သူက " ဆရာရယ်...နားနဲ့မနာ ဖ၀ါးနဲ့နာပါ။ ဆရာကြည့်တာက ဆယ်မိနစ်လောက်လေးနဲ့ ကျွန်တော့်မှာ ပါတဲ့ ငွေဆယ်ရွက်လုံးပေးရမယ်ဆိုရင် ဟုတ်ပါ့ဟုတ်ပါ့မလားဗျာ။ ကျွန်တော်တို့ မရှိဆင်းရဲသားတွေကို နည်းနည်းလောက်တော့ ညှာပါဦးလားဗျ " လို့ ယောင်ပြီး စောဒကလေး တက်မိသွားတယ် ဆိုပါတော့။ အဲ့ဒီမှာ ဆရာဝန်က " အေး...ဆယ်မိနစ်လောက် အချိန်လေးအတွင်းမှာ ငွေဆယ်ရွက်လောက်ယူလိုက်တာပဲ မင်းကမြင်တာကိုး။ ငါ ဆယ်နှစ်လောက် အပင်ပန်းခံ၊ ငွေတွေ အရွက် အထောင်၊ အသောင်းမက အကုန်ခံပြီး ဒီပညာကို သင်ထားရတယ်ဆိုတာကိုတော့ မင်းမမြင်ပဲကိုးကွ " ဟုမှတ်သားစေလောက်သော စကားတစ်ခွန်းပြန်ပြောတာခံခဲ့ရပြီးကတည်းက ဒီဆေးခန်းကို နောက်တစ်ခေါက် ပြန်သွားရမှာကို သူအလိုလိုကြောက်နေခဲ့ခြင်းဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူပြောတာကလည်း ဟုတ်နေတာပဲဆိုတော့ ဆရာဝန်ကိုလည်း သူအပြစ်မြင်မနေတော့။ အင်းလေ ဆယ်နှစ်လောက်ရင်းထားရတာ ဒီလောက်တော့လည်းရှိမှာပဲပေါ့ဟုသာ ကိုယ့်ကိုကိုယ် နှစ်သိမ့်ရင်း ငွေအရင်းအနှီးနှင့် အချိန်စိုက်ထုတ်ထားရတာများသော ထိုပညာရှင်တို့ရှိရာအရပ်ဖက် မရောက်မိအောင် သူ တတ်နိုင်သလောက် သတိထား၍ ရှောင်ရှားနေထိုင်ခဲ့သည်။ အဲ့ဒါကြောင့် ယနေ့ အကြွေးသည်းခံပါလို့ ဆိုင်းဘုတ်အမြဲချိတ်ထားတဲ့ ဒီဆေးခန်းကို သူ့မိန်းမ အကြွေးသွားပြဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုတာ သူဘက်က လုံးဝသေချာနေခဲ့တာပေါ့။

ကံစီမံရာဆိုတော့ သူလည်းဘာတတ်နိုင်မှာလည်းလေ…မောင်မုန်တိုင်းလေး ကံကောင်းထောက်မစွာ သူ့ဖာသူ အဖျားကျသွားပါစေလို့ပဲ ကျိတ်မှိတ်ဆုတောင်းရင်း သူ ဒီအတိုင်း အိမ်ပြန်ရုံပဲ ရှိတော့တာပေါ့။ ဒါပေမယ့် ကလေးဘက်မှာ ကံကြမ္မာကရှိမနေခဲ့ရင်ရော။ သူမတွေးဝံ့တော့။ သားဦးလေး…ဘယ်လိုနည်းနှင့်မှ အဆုံးမခံနိုင်။ နွေးနေသော စိတ်တွေ စိုးရိမ်ရေမှတ်ရောက်အောင် လာတက်ဆောင့်ပြီး ပူနေပြန်ပြီ။ ဟုတ်တယ်…ဘာပဲဖြစ်ဖြစ် သူ့မှာ ငွေလိုနေပြီ။ ဒါဆို သူ ငွေပါမှ အိမ်ပြန်ရမှာပေါ့။ ညနေခင်းကလည်း အလိုက်မသိစွာနှင့် အမှောင်ထဲသို့ လှမ်းရန် ခြေလှမ်းတွေ ပြင်လို့နေပြီ။


( ၅ )

ဒီလိုနှင့် သားဇော၊ မယားဇောတွေ ယောက်ယက်ခပ်ရင်း အိမ်ဘက်သို့ သူပြန်လျှောက်လာနေမိခဲ့သည်ီ။ ဘာပဲဖြစ်ဖြစ်လေ…သားလေး သူ့ဖာသာသူ အဖျားတွေ ပြန်ကျသွားပြီးရင်လည်း သွားပြီးလောက်ရောပေါ့။ ယောင်္ကျားလေးဆိုတော့ သူ့အရင် သမီးတွေတုန်းကလို ခပ်ပျော့ပျော့ မဟုတ်ပဲ ခုခံအားတွေ၊ ဘာတွေ ပိုပြီးကောင်းခြင်လည်း ကောင်းနေနိုင်တာပေါ့။ ဒါပေမယ့် ကလေးက ကောင်းသွားတယ်ထားပါ။ ညဘက်အိပ်ဖို့အတွက် ခေါင်းအုံးတွေ၊ စောင်တွေရွေးဖို့နဲ့ သူတို့မိသားစု ညနေစာအတွက် အနည်းဆုံး ငွေတရွက်လောက်တော့ လိုနေတာပဲ မဟုတ်လား။ ဒီလိုနှင့် သူ့စိတ်တွေ ပန်းပဲဖိုထဲက ဓါးတစ်ချောင်းလို အေးလိုက် ပူလိုက်၊ တစ်အုံ့နွေးနွေးဖြစ်လိုက်နဲ့ လျှောက်လာနေလိုက်တာ သူတို့ရပ်ကွက်ထိပ်က ဘောလုံးကွင်းကြီးနားကိုတောင် ရောက်လာခဲ့ပြီ။ ဒါကြီးက ဘောလုံးကွင်း ဆိုပေမယ့် ကလေးတွေ ကျိုးပဲ့သွားမှာကို စေတနာပိုသော အစိုးရက “ ဤနေရာတွင် ဘောလုံး မကန်ရ ” ဟု ဆိုင်းဘုတ်ချိတ်ထား၍ ချုံနွယ်ပိတ်ပေါင်းတွေ ထူထပ်စွာပေါက်နေသော တောအုပ်အငယ်စားတစ်ခုဆန်ဆန် မြက်ရိုင်းတောကြီးမျှသာဖြစ်သည်။

“ ဟာ ”

အကောင်းမြင်ဝါဒသမားတစ်ယောက် ဒုက္ခရောက်နေခြင်းကို မကြည့်ရက်သော ဆင်းရဲသား ကူညီဆောင်မရေးအဖွဲ့မှ နတ်သမီးတစ်ပါးက သူ့ကို နတ်ကြိမ်နှင့် လှမ်းတို့လိုက်သလို ရုတ်တရက် ခံစားလိုက်ရပြီး သူ့ခေါင်းတွေထဲ ဓူဝံတွေ ပြည့်နှက်စွာ ၀င်ရောက်လာကြသည်။ မျှော်လင့်မထားသော အကြံအစည်တစ်ခု သူ့ခေါင်းထဲ ရုတ်ရက်ပြေးဝင်လာသည်။

“ ဟုတ်သားပဲ…ဒါကို ငါ ဘာကြောင့် မစဉ်းစားမိပါလိမ့် ”

ဘာပဲဖြစ်ဖြစ်လေ အခုစဉ်းစားမိနေပြီ မဟုတ်လား။ ဒီတောအုပ်ငယ်လေးထဲမှာ မှောင်စပျိုးချိန်တွေဆို အတွဲတွေ လာလာချိန်းတွေ့တတ်သော ဟိုဘက်ဒီဘက် ထုတ်ချင်းပေါက် လမ်းကလေးရှိသည်။ အများကတော့ ထိုလမ်းလေးကို ချစ်သူလမ်းကြားလေး ဟုခေါ်ကြသည်။ ဒါပေမယ့် သူ့အကြံက ချစ်သူလမ်းကြားပေါ်မှာ မေတ္တာတရားကို အလည်းအထပ်ရိုက်နေကြတဲ့ ချစ်သူတွေနှင့်တော့ မပတ်သက်။ ပတ်သက်နေတာက ချစ်သူ လမ်းကြားရဲ့ တစ်ဖက်တစ်ချက်က မြက်ရိုင်းတောတွေထဲ ညဘက် တောကစားထွက်ရန် ၀င်ဝင်သွားတတ်ကြသော လူရိုင်းဇာတ်ခင်းသူတွေနှင့်သာ ဖြစ်သည်။ ဟုတ်သည်။ တစ်ချို့ငွေကြေးတတ်နိုင်သူတွေ ကြေးစားလူရိုင်းမတွေကို ခေါ်လာပြီး ၎င်းမြက်ရိုင်းတော့တွေထဲ ညဘက် အမှောင်တွေအောက် တောကစား ထွက်တတ်ကြ၏။ သူတို့ဖာသာ အမှောင်တွေအောက်မှာ ကျောက်ခေတ်လူသားတိုင်း ကစားကြတာ သူနဲ့တော့ သိပ်မဆိုင်ပေမယ့် ကြားဖူးတာလေးတစ်ချို့က သူ့အကြံအစည်နှင့် တော်တော်ကြီးကို သွားရောက် ပတ်သက်နေသည်။

ရပ်ကွက်ထဲက စွမ်းအားရှင်၊ ကြံဖွံ့စတဲ့ လူယဉ်ကျေးတွေ တခါတခါ ဒီမြက်ရိုင်းပင်တွေကြားထဲမွှေနှောက်ပြီး တောခြောက်ထွက်တတ်ကြ၏။ ဒါပေမယ့် တစ်ခါမှတော့ ဖမ်းဆီးအရေးယူတယ်ဆိုတာ မရှိပဲ လူရိုင်းတွေဆီက ယဇ်ပူဇော်ပသငွေကိုသာ ကောက်ခံပြီး ပြန်ပြန်လွတ်လိုက်ကြသည်တဲ့။ သူ့ရဲ့ နတ်သမီးဆောင်မတဲ့ အကြံဆိုတာ အဲ့ဒါကိုပြောတာပေါ့။ သူ လူယဉ်ကျေး တစ်ယောက် ဟန်ဆောင်ပြီး လူရိုင်းတစ်ဖွဲ့လောက် တွေ့လိုတွေ့ငြား တောနင်း၍ ရှာကြည့်မည်။ တွေ့ရင် နယ်မြေစောင့်ရှောက်ခ ညာတောင်းမည်။ ဒါဆို ခဏကြာရင် မုန်တိုင်းလေး ဆေးခန်းပြဖို့ သူ့မိန်းမလိုချင်တဲ့ ဆေးပညာ ပူဇော်ပသဖို့ ကတော့ပွဲဖိုး ရပြီပေါ့။ ဒီလိုကြတော့လည်း ငွေရှာရတာ အလွယ်သား။ သူဘာမှ စိတ်ပူမနေတော့။ အားလုံးက မိုးပေါ်ကပြုတ်ကျလာသလို အဆင်ပြေချောမွေ့နေခဲ့ပြီ မဟုတ်လား။

ဒါပေမယ့် ခက်တာက သူ့စိတ်ထဲမှာ သန့်မနေတာပဲ။ မဖြစ်လောက်ပါဘူး။ သူ အရင်က ဒါမျိုးတွေ လုပ်ဖို့ မပြောနဲ့ စိတ်ကူးထဲတောင် မထည့်ခဲ့ဖူးဘူးဆိုတော့ လုပ်ရကောင်း နိုးနိုး၊ မလုပ်ရကောင်းနိုးနိုးဖြင့် ချိတုန်ချတုန်ဖြစ်နေမိသည်။ တစ်ဖက်ကလည်း သူငွေစပိုက်ပြီးပြန်အလာကို စောင့်နေတဲ့ သူ့မိန်းမ၊ အပြင်းဖျားနေသောမောင်မုန်တိုင်းလေးနှင့် ဆာလောင်နေကြသော သူ့သမီးငယ်တွေ၏ မျက်နှာကို သွားမြင်နေမိသည်။ သူ ဘာလုပ်ရမည်နည်း။ တစ်ဖက်ကလည်း အလွန်တစ်ရာ အောက်တန်းကျသည့် လုပ်ရပ်။ စိတ်ကူးလွန်ဆွဲပွဲ ခြိမ့်ခြိမ့်သည်းနေတုန်း ညနေခင်းတစ်ခုလုံးလိုလို အမှောင်နွံအိုင်ထဲ စုံးစုံးမြုပ်သွားခဲ့ပြီ။ ဒီလိုနှင့် နောက်ဆုံး အမှောင်ထုကပဲ အနိုင်ရသွားသည်ဆိုပါတော့။ အင်းလေ…ဘာတတ်နိုင်မှာလည်း။ အားလုံးကောင်းစားဖို့အတွက် သူစီမံရတာပဲ။ တောခြောက်ပြီး လူရိုင်းတွေရှာဖို့ သူ ပြတ်သွားစွာ ဆုံးဖြတ်လိုက်ပြီးပြီ။ ဘာပဲဖြစ်ဖြစ် အပျော်ကျူးတယ်ဆိုတာ ငွေပိုငွေလျှံရှိတဲ့ ကောင်တွေ လုပ်တဲ့ အလုပ်ဆိုတော့ ယဇ်ငွေလေး တစ်ဖတ်နှစ်ဖတ်နဲ့တော့ ဒီလူရိုင်းကောင်တွေအဖို့လည်း မထိခိုက်လောက်ပါဘူး။ တဖြေးဖြေး သူ့လိပ်ပြာတွေကို မလုံလုံအောင် အတင်းပြန်လည်ဖုံးဖိနေမိ၏်။

သစ်ကိုင်းခြောက်မာမာတစ်ခုကို လက်မှာ ခပ်မြဲမြဲဆုပ်လိုက်ပြီး ချစ်သူလမ်းကြားထဲသို့ မုဆိုးတစ်ကောင်လို သူ ခြေချွတ်နင်းကာ ၀င်သွား၏။ ခြေသံကို တတ်နိုင်သမျှလုံအောင်ထိန်းရင်း တောထဲက ခြိုးခြိုးချွတ်ချွတ်မြည်သံတွေကို သူနားစွင့်ရင်း လျှောက်သွားလိုက်တာ လမ်းသာဆုံး၍ ဘောလုံးကွင်း ဟိုဘက်ထိပ်သာရောက်သွားသည်။ သစ်ရွက်လေတိုးသံ ခပ်သဲ့သဲ့မှ လွဲ၍ ဘာသံမှ မယ်မယ်ရရ မကြားခဲ့ရ။ စိတ်ပျက်ပျက်နှင့် ဘောလုံးကွင်း အစပ်မှာ ထိုင်ချလိုက်မယ် လုပ်တုန်း မလှမ်းမကမ်း သစ်ပင်အောက်မှာ ဇိမ်ခံကားတစ်စီး ရပ်ထားတာ သွားတွေ့သည်။ အမဲရိုးမြင်လိုက်ရသော ခွေးငတ်တစ်ကောင်လို သူ အူမြူးသွားသည်။ ဒါကြီးက လူရိုင်းတွေ တောလည်ထွက်တဲ့ စီးတော်ယာဉ်မဟုတ်လား။ ဟုတ်တယ်လေ သူတို့ဆင်းရဲသားရပ်ကွက်တွေဘက်ကို ဒီလိုကားကြီးတွေ ဘယ်လိုနည်းနဲ့မှ ရောက်လာစရာအကြောင်းမှ မရှိတာ။ ခက်ခက်ခဲခဲ ဆက်စပ်တွေးနေစရာတောင်မလိုပဲ အဖြေက သူလိုချင်တာနှင့် ကွက်တိဖြစ်လွန်းနေသည်။ ဒါဆို ဒီတောနက်မှောင်မှောင်တွေထဲမှာ အနည်းဆုံး ယဇ်ပူဇော်ပွဲ တစ်ပွဲတော့ရှိနေတယ်ဆိုတာ သေချာနေပြီပေါ့။

လေးလံထိုင်းမှိုင်းသလို ဖြစ်သွားသော သူ့စိတ်တွေ မိုးပျံပူပေါင်းတွေလို ကြွတက်သွားပြန်သည်။ သူ ငွေရတော့မှာကိုး။ မကြာခင် ငွေစတွေ တစ်လူလူကိုင်ပြီး အိမ်ကို ရင်ကော့၍ ပြန်နေသော အိမ်ထောင့်တာဝန် ကျေပွန်သူ အိမ်ထောင်ဦးစီး တစ်ယောက်ကို ရပ်ကွက်လမ်းမများပေါ်တွင် တွေ့ကြရတော့မည်။ ဘာပဲဖြစ်ဖြစ်အားလုံး အဆင်ပြေသွားပြန်ပြီ မဟုတ်လား။

အသံကို တိုးတိုးတိတ်တိတ် လုံအောင်ထိန်းရင်း မြက်ရိုင်းတောတွေထဲကို တိုက်ရိုက် သူတိုးဝင်လာခဲ့သည်။ သိမ်မကြာလိုက်။ ကျောက်ခေတ်လူသားတွေ မီးခတ်နေသလို ခြိုးခြိုးချွတ်ချွတ်မြည်သံတွေ သူ့နားထဲ ခုန်ပေါက်ဝင်လာသည်။ ပို၍သေချာအောင် အသံလာရာဘက် တိုးသွားလိုက်တော့ ……ဟုတ်နေသည်။ ကျောက်ခေတ်ကလို အ၀တ်ဗလာဖြစ်နေသော လူရိုင်းနှစ်ယောက် သစ်ရွက်တွေဘာတွေတောင် ၀တ်မထားပဲ မီးခတ်နေကြသည်။ အမှောင်ထုကြောင့် သဲသဲကွဲကွဲမမြင်ရပေမယ့် ဒီနေရာမှာ တစ်ခြားလုပ်စရာ ဘာအကြောင်းမှလည်း မရှိတော့ …. ဒါပဲပေါ့။ သူ မဖမ်းခင် လူရိုင်းတွေ သစ်ရွက်တွေ၊ ဘာတွေဖုံးချိန်ရအောင် အနားထိအောင် လျှောက်မသွားပဲ ခပ်ဝေးဝေးကနေပြီှး အသံလှမ်းပေးလိုက်သည်။

“ တားမြစ်နယ်မြေထဲမှာ ဘယ်သူတွေကျူးကျော်နေကြတာလည်းကွ။ ရပ်ကွက်လုံခြုံရေးအရ ကင်းလှည့်လာတယ်ဟေ့ ”

အမှောင်ထုထဲမှာ အပျော်ကျူးနေကြသူတွေ ရုတ်တရက် လန့်ဖြန့်သွားပြီး ကမန်းကတန်း အ၀တ်အစားတွေ ကောက်စွပ်လိုက်ကြသည်။

“ ဟေ့…မေးနေတာ မကြားဘူးလားကွ။ ဒီမှာ ဘာမဟုတ်တာတွေ လာလုပ်နေကြတာလည်း။ ဒီနေရာကို ဘယ်သူမှ မလာရဘူးဆိုတာ နားမလည်ဘူးလားကွ။ ပြောနေကြာတယ်ကွာ….လာ ရပ်ကွက်ရ၀တရုံးကို လိုက်ခဲ့ကြ။ ဟိုကြမှ ကြည့်ရှင်းကြတာပေါ့ ”

သူတတ်နိုင်သလောက် အသံကို မာပြီး ဖိဟောက်ပြစ်လိုက်သည်။ အပျော်ကျူးသူက ပုဆိုးပြင်ဝတ်ရင်း တုန်တုန်ယင်ယင်ဖြင့်

“ မလုပ်ပါနဲ့ ဆရာရယ်။ တစ်ကြိမ်တစ်ခါ မိုက်မဲမိတာကို ဗွေမယူပါနဲ့။ ဒါလေး လက်ခံပြီး ချမ်းသာပေးပါခင်ဗျာ ” ဟု သူ့ကို ပြာပြာသလည်းလည်း တောင်းပန်ရင်း ငွေစက္ကူထောင်တန် အချို့ကို ကမ်းပေး၏။ သူမနောခွေ့သွားသည်။ အားလုံးက လျှောလျှောရှုရှုနှင့် ခွင်ထဲအံကျနေပြီ မဟုတ်လား။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ လုပ်ရင်း "ဟေ့ကောင်…မင်းက လူကို သူတောင်းစားများ မှတ်နေလား။ ဒါကိုငါက ဘာလုပ်ရမှာလည်း။ မင်းကွာ…ငါလုပ်လိုက်ရရင် ” ဟု ထပ်၍ပိတ်ဟောက်ပြစ်လိုက်တော့ ထိုသူက နောက် ထောင်တန်အချို့ထပ်ထုတ်လိုက်ပြီးး “ ဆရာ့ကို မစော်ကားရဲပါဘူး ဆရာရယ်။ ဒီတစ်ခါတော့ ဒီလောက်နဲ့ပဲ ချမ်းသာပေးပါဗျာ။ ပြီးတော့ ဒီမှာ…ဆရာ့အတွက်နောက်ထပ် လ္ဘက်ရည်ဖိုး…ဖိုး..ဟု မရဲတရဲနှင့် လက်ကမ်းလာတော့ သူက သနားသွားသည့် လေသံ ချက်ခြင်းဖမ်းပြောင်းပြစ်လိုက်ပြီး “ အေး…ဒီတစ်ခါတော့ ငါခွင့်လွှတ်လိုက်မယ်။ နောက်တစ်ခါ မိရင်တော့ မင်းမလွယ်ဘူးမှတ်" ဟုပြော၍ စိတ်မပါသလိုနှင့် ငွေစက္ကူတွေကို လှမ်းယူပြစ်လိုက်သည်။ ပြီးတော့

“ ဟေ့ကောင်…ငါစိတ်မပြောင်းခင် ငါ့ရှေ့ကမြန်မြန်ထွက်သွားစမ်း” ဟုခပ်မာမာကလေး ထပ်ဟောက်လိုက်တော့ ထိုသူ သူ့ရှေ့မှ ဖနောင့်နှင့် တင်ပါး တစ်သားထဲကျအောင် ကားဆီသို့ အမြန်ပြေး၍ ကားကို ကမန်းကတန်း မောင်းထွက်သွားတော့သည်။

ပြည့်တန်ဆာမကတော့ ဦးခေါင်းကို ငုံ့ထားဆဲ။ ဒီကောင်မ ဆီကတော့ သူ ငွေတွေ၊ ဘာတွေ ထပ်ညှစ်မနေခြင်တော့။ သူလည်း မရှိလို့လုပ်စားတာပဲလေ။ ဘာပဲဖြစ်ဖြစ် သူ့အတွက် အဆင်ပြေသွားပြီ မဟုတ်လား။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ဆိုတော့ သူချောင်းဟန့်သံ အရင်ပေးပြီး

“ ဟေ့…မင်းကရော ဘာလုပ်နေတာလည်း။ သွားတော့လေ ” ဟုထပ်ဟောက်ပြစ်လိုက်သည်။ ထိုအထိ ပြည့်တန်ဆာမက တုတ်တုတ် မလှုပ်သေး။ ထို့နောက်တွင်တော့ သူ့ကို ကြောက်သွား၍ ထင်သည်။ သူမ ကျိတ်၍ရှိုက်လိုက်သော အသံတိုးလျှလျှတို့ သူမပါးစပ်မှ အပြင်သို့ မသိမသာ ကျွံထွက်လာ၏။

ထိုရှိုက်သံသဲ့သဲ့ကြောင့် သူ့စိတ်တွေ မဆီမဆိုင်ပဲ ထိန့်လန့်သွားမိတာက ထိုအသံမျိုးကို သူ တရင်းတနှီးကြားဖူးနေ၍ဖြစ်သည်။

မြက်ရိုင်းရှည်ရှည်တို့ လေအယိမ်း၌ တိုးဝှေ့ဝင်ရောက်လာသော မှုံပြပြ မီးရောင်ဖြင့် သူမ၏ မျက်နှာကို ၀ိုးတိုးဝါးတား ပုံရိပ်ဖမ်းမိလိုက်သောအခါတွင်တော့ စုန်းသူရဲ အကောင်တစ်ရာကို တစ်ပြိုင်ထဲ တွေ့လိုက်ရသလို သူ့တစ်ကိုယ်လုံး သွေးဆုတ်ရပ်တန့်သွားတော့၏။


( ၆ )

အဘယ့်ကြောင့်ဆိုသော် ငွေစက္ကူခပ်နွမ်းနွမ်းတွေကို လက်တွေထဲ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး သူ့ကို မကောင်းဆိုးဝါးတစ်ကောင်လို အသက်မဲ့စွာ စိုက်ကြည့်နေသည့် သူ့မိန်းမ မငွေသွေး၏ ဖြူလျှလျှ မျက်နှာအား ကွက်တိကွက်ကြား အလင်းရောင်တို့အောက်၌ သွေးပျက်ခြောက်ခြားစွာ တွေ့ရှိလိုက်ရသောကြောင့်ပင်ဖြစ်တော့သည်။


<မင်းတစေ>

20 comments:

မေငြိမ်း said...

အဲဒီ အဖြစ်အပျက်ကို ယုံတယ်..။
အသေးစိပ် ခံစားရေးဖွဲ့တာ...
ခေတ်ကို မှတ်မ်းတင်တာတွေအတွက် ကျေးဇူးတင်ပါတယ်...။

LIN LET KYAL SIN said...

ခေတ်ရဲ့ဖြစ်ပျက်ပုံကို အသေးစိပ် ရေးဖွဲ့ထားတဲ့ ခံစားမှုအဖြစ်အပျက်လေးပါပဲ .. ။ အကြောင်းအရာက လူကို ဆွဲဆောင်မှုရှိစေတယ် .. ။ နောက်ဆုံး အဆုံးသတ်ပုံလေးက ရင်နင့်စရာ .. ။ ယောက်ျားဖြစ်သူနဲ့ မိန်းမဖြစ်သူရဲ့ ရင်တွင်းကအပူတွေကို ကိုယ်ချင်းစာမိတယ် .. ။ စီးပွားရေး လွန်စွာကျပ်တည်းမှုများရဲ့ ရလဒ်တွေပဲလို့ စိတ်မသက်မသာ တွေးမိရင်း …………………… ။

chaos said...

အမြဲပဲ အကောင်းမြင်ဖို့ကြိုးစားခဲ့တဲ့သူ
နောက်ဆုံးကြုံတွေ့လာတဲ့ အဖြစ်အပျက်ပေါ်မှာ ဘယ်လို ခံစားချက်၊ ဘယ်လိုအကောင်းမြင်စိတ်နဲ့ သူ့ဘ၀ကိုရင်ဆိုင်မှာလဲနော်။ အစ်ကိုရေးထားတာ အရမ်းကောင်းတယ်။ ထပ်ပြောရင်ပေါ့သွားမှာစိုးလို့။
အစ်ကိုရေ နောက်ထပ်အများကြီးကိုမျှော်နေမယ်နော်။

ကောင်းကင်ကို said...

မင်းတစေရဲ့ နောက်ထပ် ကျည်ဆံတစ်တောင့် ရင်ကို ဖောက်သွားပြန်ပြီ။

စိုးထက် - Soe Htet ! said...

ဘာပဲ ဖြစ်ဖြစ် ညီလေးရေ ... အစ်ကိုကြီး လာဖတ် သွားတယ် ... မှတ်ချက်တော့ မပေး တော့ပါဘူး :P
အစ်ကို က အလုပ်လုပ် ရတာပဲ ပျော်တာ မို့ ပါ :)

လူသစ် said...

အင်း.......၀င်မှတ်ချက်ပေးလိုက်ရင်တော့ မြင်းထိန်းငတာလို့ ပုဆိုးအုပ်တအုပ်နဲ့ နုတ်ပိတ်ခံရမဲ့ကိန်းပဲ

little moon said...

အာဇာနည်နေ့ အမှတ်တရ ဖြစ်သွားပြီ။

btw, ကဗျာလေးဘယ်ရောက်သွားလဲ.... ပြန်ဖျက်လိုက်တာလား?

Republic said...

အနှစ်သာရရှိလှပါတယ်။ ရေးဖွဲ့သုံးနှုန်းတင်စားထားတဲ့ စကားလုံးတွေတော်တော့်ကိုကောင်းလှတယ်။

ချီးကျူးပါတယ်..ချစ်ညီ တယ်ရင်း။

လူသစ် said...

ကလူသစ်စီဘောက်မှာရေးသွားတာနဲ့ပက်သက်ပြီး တခုခုတော့မှားနေပြီလို့ ထင်မိတယ်။ ကလူသစ်ရဲ့ ကော်မန့်နဲ့ပက်သက်မယ်လို့ထင်မိလို့ ထပ်လာပြောရတာပါ။ ကိုမင်းတစ္စေ မြင်းထိန်းငတာဇာတ်လမ်းကိုမမှတ်မိဘူးထင်တယ်။ ရှေးတုန်းက မြန်မာပညာရှိကြီးတယောက်ရှိတယ်။ နာမည်ကတော့ ရောရောထွေးထွေးဖြစ်နေလို့ မရေးတော့ပါဘူး။ သူက စာကောင်းပေကောင်းတွေရေးတယ်။ သူက စာကောင်းပေကောင်းရေးလိုက်တိုင်း သူ့ရဲ့ မြင်းထိန်းက လူထူထူဆိုရင် သူ့ဆရာရဲ့စာကို ချီးကျူးတော့တာပဲတဲ့။ ရာဇ၀င်က တိတိကျကျရေးမထားပေမဲ့ ပညာရှိရေးတဲ့စာကို မြင်းထိန်းလိုအဆင့်က ချီးကျူးတယ်ဆိုတော့ ကလူသစ်ထင်တာတော့ တလွဲတွေချည်းပဲထင်ပါတယ်။ ဒါနဲ့နောက်ဆုံး ပညာရှိကြီးက သူ့မြင်းထိန်းကိုခေါ်၊ ပုဆိုးတအုပ်ဆုချပြီး သူ့စာတွေကို မချီးကျူးပါနဲ့လို့ ပိတ်ပင်ယူရတယ်။

ကလူသစ်ဆိုလိုတာက ကိုမင်းတစ္စေစာကို ကလူသစ်က၀င်ချီးကျူးလိုက်ရင် မြင်းထိန်းလို နုတ်ပိတ်ခံရတော့မှာပဲလို့ ဆိုလိုတာပါ။ ကိုအောင်သာငယ်နဲ့တုန်းကလဲ တခါဖြစ်ဘူးတယ်။ ဒီလိုပဲ ခပ်တိုတိုပြောလိုက်တာ နားလည်မှုလွဲသွားသေးတယ်။ နောက်ဆို ကော်မန့်တိုတိုမရေးဖို့ ဆင်ခြင်ရမှာပေါ့လေ။ အဆင်ပြေပါစေဗျား။

နှင်းပွင့်ဖြူလေး said...

စာလာဖတ်သွားပါတယ်..
အများပိုင်ကျိန်စာရဲ. နောက်ဆက်တွဲ အဖြစ်အပျက်တွေကို
မှတ်ချက် ဘယ်လိုပေးရမယ်မှန်းမသိတော့ မပေးသွားတော့ဘူး ။ ရေးသားထားတာတွေ အရမ်းကိုကောင်းပါတယ်။ အားလုံးအဆင်ပြေပါစေ။

pandora said...

ဇာတ်သိမ်းမှာ ဖမ်းထားတာကိုး။ အားပေးနေတယ်။

အိုင်လွယ်ပန် said...

ကောင်းတယ်ဆိုထက်ပိုပြီးမပြောတော့ပါဘူးအစ်ကိုရာ...
အားပေးလျှက်ပါ....

Ko Boyz said...

ခုမှ ဖတ်ဖြစ်တယ်...။ ထိတယ်ဗျာ...။
လာတာက တမီးလ်စာနဲ့ ခေါင်းစဉ်တပ်ထားတဲ့ပို့စ်ကို ဖတ်ဖို့လာတာ...။ ပို့စ်ပျောက်နေတော့ နောက်ဆုံးကျန်ာတပဲ ဖတ်ရတာပါ့...။
ထိချက်တွေက ပြင်းတယ်ဗျာ...။

BLACK DREAM said...

Great Scarcastic With Hight Definition And Brilliant Conclusion!

Mhu Darye said...

ခုမှ ဖတ်ဖြစ်တယ်။ သဘောတွေ့ သွားပါတယ် ဆိုတဲ့ အကြောင်း........။

ပီတိ(စိတ်ပညာ) said...

အကောင်းမြင်သမားကြီး ဘယ်လိုများ ဆက်တွေးမှာပါလိမ့်လို့ တွေးမိပါရဲ့...

မီးမီးချစ် said...

နောက်ထပ် ဒါမျိုးလေးတွေ အများကြီး ဖတ်ချင်ပါသေးတယ်..

မောင်နွေသစ် said...

ရင်ထဲတော့ ... ကျန်ခဲ့တယ်ဗျာ...
ဒါပေမဲ့....

မိုးမောင် said...

တကယ် အကွက်ချထားတဲ့ မှောက်မှားမှုပဲ ဆရာ။ အဲဒီလိုကြီးတွေ တကယ်မရှိစေချင်တော့ဘူး။ အက်ဆေးအရေးမှာတော့ မှတ်တမ်းတင်ပါတယ်ဗျာ။

Dark World said...

ภาพโป๊จากทางบ้าน 870 กระทู้
คลิปโป๊ทางบ้าน 400 กระทู้

คลิปโป๊ครอบครัวไทยแท้ 134 คลิป
คลิปโป๊ดาราทั่วโลก 281 คลิป

หนังโป๊ AV 1x,xxx เรื่อง
เรื่องเล่าประสบการ์ณเสียวจากทางบ้าน 5,xxx ใหม่กว่าทุกเว็บ
คลิปเกย์หรือเลสเบี้ยนรวมแล้ว 830 คลิป
ภาพสาวเซ็กซี่ปีนี้เท่านั้น 8x,000 ภาพ