Thursday, June 5, 2008

ဧရာမြေမှ စာအံသံ


ဇွန်လရောက်ပြီ။ ကျောင်းများလည်း ဖွင့်ကြပြီ။ သို့မဟုတ် ကျောင်းအချို့ဖွင့်ကြပြီ။ အချို့အချို့သော ဒေသတို့၌တွင်ကား ဖွင့်စရာကျောင်းများသာရှိ၍ ကျောင်းလာအပ်သော ကလေးများ မရှိ၍လည်းကောင်း၊ ကလေးများ ကျောင်းလာအပ်ကြသော်လည်း ၎င်းတို့အား လက်ခံမည့်ကျောင်းများ ပျောက်ဆုံးနေကြ၍လည်းကောင်း၊ ကျောင်းရော ကလေးပါ အစအန ရှာမရတော့၍လည်းကောင်း ကျောင်းများ မဖွင့်ဖြစ်ကြသေး။ သို့မဟုတ် ကျောင်းများ မဖွင့်နိုင်ကြတော့။

ထိုဒေသကား အခြားမဟုတ်။ စားဖိုမှုးအမည်ခံ သားသတ်သမားတစ်စု၏ အတ္တကြီးပေါ့ဆမှုကြောင့် မကြာသေးမီ အချိန်က ပြုတ်ကျကွဲကြေ၍ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ပြီဖြစ်သော မြန်မာပြည်၏ ထမင်းအိုးကြီး (ခေါ်) ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသပင်ဖြစ်တော့သည်။

ဘာတွေဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့ နှစ်စဉ်ရောက်ရှိလာနေကြအတိုင်း ဇွန်လကတော့ အချိန်မှန်တိကျစွာ ရောက်ရှိလို့ လာခဲ့ပြန်လေပြီ။ ကျောင်းများဖွင့်သည် ဖြစ်စေ၊ မဖွင့်သည်ဖြစ်စေ ၊ ကလေးများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဇွန်လကတော့ ကလေးတို့စာအံသံ ထွက်ပေါ်လာမည့်အချိန်ကို မျှော်လင့်တကြီးစောင့်စားနေခဲ့ပြီဖြစ်သည်။ သို့သော် ကလေးများမရှိသည့်အရပ်မှ အဘယ်သို့သော စာအံသံမျိုးကို ဇွန်လက စောင့်မျှော်နေပါသနည်း။ ဇွန်လတစ်ကိုယ်ကောင်းဆန်လွန်းနေပါသလား။ ကျွန်ုပ်မပြောရက်ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည်လည်း ဇွန်လနည်းတူ ကလေးတို့၏ စာအံသံကို စောင့်မျှော်နေသူတစ်ယောက် ဖြစ်နေခဲ့သောကြောင့်ပင်ဖြစ်သည်။

ကလေးများအပေါ်တွင် ထားရှိသော ကျွန်ုပ်တို့၏ မျှော်လင့်ချက်များ လွန်စွာပြင်းပြလွန်းနေပါသလား။ ကျွန်ုပ် မပြောတတ်တော့။ သို့သော် ဇွန်လကတော့ တစ်စုံတစ်ခုကို ကြိုသိနေသည့်အလား ငြိမ်ချက်သားကောင်းစွာပင် စောင့်မျှော်နေပါသည်။ ထိုအခါ ကျွန်ုပ်လည်း တောင်တောင်မြောက်မြောက် လျှောက်တွေးတောမနေတော့ပဲ ဇွန်လ၏နံဘေးတွင် အသာကလေးဝင်၍သာ ထိုင်နေလိုက်တော့သည်။ ဇွန်လကို အကြွင်းမဲ့ယုံကြည်ရန်မှတစ်ပါး ကျွန်ုပ်တွင် အခြားရွေးချယ်စရာလမ်း မရှိ၍တော့လည်း ဖြစ်သည်။

သို့သော် ကျွန်ုပ်၏ဇွန်လအပေါ် ထားရှိခဲ့သော ယုံကြည်မှုတို့ကား အချည်းနှီးမဖြစ်ခဲ့။ အဘယ့်ကြောင့်ဆိုသော် ၎င်းမျှော်လင့်ထားသည့်အတိုင်း ဇွန်လ၏အစ ပထမ ညနေခင်း၌ပင် ကလေးတို့၏ စာအံသံများ ထူးဆန်းအံသြဖွယ်ရာ ထွက်ပေါ်လာခဲ့သောကြောင့်ပင်ဖြစ်သည်။

အစကတော့ ထိုစာအံသံတို့သည် ခေတ်စနစ်ဆိုး၏ သားကောင်များအဖြစ် ဆက်လက်ရုန်းကန်ရန် ကံမကောင်း အကြောင်းမလှစွာ အသက်ရှင်ကြွင်းကျန်ရစ်သော ကလေးများထံမှ ထွက်ပေါ်လာသည်ဟု သူထင်ခဲ့မိသည်။ သို့သော် နောက်ထပ်အချိန်ပိုင်းငယ် တစ်ခုမျှသာ အသက်ဆက်ပေးရန်တတ်နိုင်သော ပေါင်မုန့်တစ်ဖဲ့စာ အတွက် လမ်းမများပေါ်တွင် တိုက်ပွဲဝင်နေရသော သေလုမြောပါးကလေးငယ်များထံမှ ထိုကဲ့သို့သော စာအံသံ အဘယ်နည်းနှင့် မျှော်လင့်နိုင်မည်နည်း။ ထိုသို့ဆိုလျှင် ၎င်းစာအံသံတို့ အဘယ်အရပ်မှ ထွက်ပေါ်လာကြသနည်း။ အရာရာက စူးစမ်းစုံစမ်းမှု အပေါ်တွင်တည်နေသည်။

နောက်ဆုံးတော့ စာအံသံတို့ ထွက်ပေါ်လာရာ အရပ်ကို သူတွေ့ရှိခဲ့ပြီ။ အခြားတော့ မဟုတ်။ အပြစ်မဲ့ ကလေးငယ် ထောင်ပေါင်းများစွာကို ရက်စက်စွာဝါးမျိုစားသောက်ခဲ့သော သူ့ရှေ့တည့်တည့်ရှိ သေမင်းတမာန်ရေပြင်ကြီးအောက်မှပင် ဖြစ်တော့သည်။

………………………………………။…………………………………..

အစကတော့ ညှီစို့စို့ရေပြင်ကို လေတိုးတဲ့အသံ၊ ဒါမှမဟုတ်လည်း ပုပ်ပွပွအလောင်းကောင်တွေကို ငါးတွတ်တဲ့အသံဟု သူကထင်ခဲ့မိသည်။ အသံတွေက နိမ့်ချီတစ်ခါ၊ မြင့်ခါတစ်လှည့်ဖြင့် သိပ်မသည်းကွဲလှ။ တခါတရံတွင်လည်း ငိုသံလိုလို၊ ဗလုံးဗထွေး စကားသံလို ဖြစ်ဖြစ်သွားသည်။ ဒါပေမယ့် ဘာသံဆိုတာကို ဆုံးဖြတ်ဖို့ ကတော့ သိပ်မလွယ်လှ။ ဤသို့ဖြင့် မြစ်ဝကျွန်းပေါ်ဒေသကြီးအား မေးတင်ထားခဲ့သော သွေးနီရောင်နေလုံးကြီး တဖြည်းဖြည်းနိမ့်ဆင်းသွားခဲ့ပြီးနောက်တွင်တော့ အနက်ရောင်စောင်ထူထူကြီး တစ်ထည်အောက် ရုတ်တရက်ရောက်ရှိသွားသလို ပါတ်ဝန်းကျင်တစ်ခုလုံး အေးစိမ့်မဲမှောင်သွားတော့သည်။

အမှောင်ထုကြီးတဖြည်းဖြည်း နက်ရှိုင်းလာသည်နှင့်အမျှ အော်ဟစ်ငိုယိုအစာတောင်းနေကြသော အသံတွေ တဖြည်းဖြည်းတိုး၍လာကြသည်။ ထို့နောက် ထိုဒေသကြီးတစ်ခုလုံး ခြောက်ခြားစွာ တိတ်ဆိတ်သွားတော့သည်။

မကြာခင်က သက်ရှိတို့၏ ရုန်းကန်ပေါက်ကွဲသံများဖြင့် ရောထွေးနေခဲ့သောကြောင့် မည့်သည့်အသံမှန်း မကွဲပြားခဲ့သော မြစ်ရေပြင်အောက်မှ ဗလုံးဗထွေးအသံတို့သည် ယ္ခုအခါ ယ္ခင်ကထက် ပို၍ပြတ်သားပီပြင်စွာဖြင့် မြစ်ရေပြင်အထက်သို့ ကြွတက်လာလေသည်။ သို့သော် အသံတို့မှာ ကြေကွဲဆွေးမြေ့မှုအား အက်သံစွက်ထားသော တိုးမျှင်းမျှင်းအသံငယ်ကလေးများ မျှသာဖြစ်၍ ပို၍ကြည်လင်ပြတ်သားသော အသံကိုရရှိရန် သူ့နားရွက်တွေကို ညှီစို့စို့ရေပြင်ပေါ်သို့ တတ်နိုင်သလောက် အနီးဆုံးကပ်၍နားထောင်ယူရသည်။ ထို့နောက်တွင်တော့ တဖြည်းဖြည်းနှင့် အသံတွေက သဲကွဲလာခဲ့သည်။ အော်…ကလေးငယ်တစ်ယောက် စကားပြောနေခဲ့တာကိုး။

“မြစ်ဝကျွန်းပေါ်အနီး
အကြီးစားမုန်တိုင်းဝင်နိုင်သည်။
ဝေးလွန်း၍ မပြောနိုင်ဘူးလား။
အချိန်မှီပြေးလျှင် လွတ်နိုင်ပါသည်။”

ဒီကလေး ဘာတွေပြောနေပါလိမ့်ဟု အသေအချာနားစွင့်ရင်း သူ့နားရွက်တွေကို ရေထဲအထိ ဆွဲနှစ်ပြစ်လိုက်သည်။

“အလောင်းလေးများ ဖွေးလို့စီ
မြစ်ညှာရိုးတစ်လျှောက်ဆီ
ရေပေါ်မှာ ဗိုက်ကြီးဖောင်း
ငါတို့ ပူစီပေါင်း”

သူအခုမှ သဘောပေါက်သွားသည်။ ရေထဲက ကလေးငယ်တစ်ယောက် စာအံနေတာကိုး။ ရေထဲတွင် ဦးတည်ရာမဲ့ မြောပါနေသည့်တိုင် ဒီကနေ့ ကျောင်းတွေဖွင့်ကြတာ ထိုကလေး သိနေပုံရသည်။ ထို့ကြောင့်လည်း သူရတဲ့သင်ခန်းစာတွေကို ရွတ်ဆိုနေတာပေါ့။ ထို့နောက် ကလေးငယ်က ၀မ်းနည်းသွားသလိုနှင့် စာအံသံကို ရပ်ပြစ်လိုက်သည်။ သို့သော် တခဏအကြာတွင်တော့ ရှိုက်သံရောနေသော ထိုကလေး၏ စာအံသံ တဖန်ထွက်ပေါ်လာပြန်သည်။

“ရွာနံဘေးက ချောင်းကလေး
ဖောင်မြောလာသည်။
သားတို့လည်း မြောလာသည်။
မည်သူမျှ မဆယ်ကြ။” ….ဟင့်…ဟီး..အီး

ဆက်လက်၍ ရွတ်ဆိုရန် အားအင်ကျန်ရှိပုံ မပေါ်တော့သော ကလေးငယ်သည် စာအံသည်ကို ချက်ချင်းရပ်၍ ရှိုက်ကြီးတစ်ငင် ငိုကြွေးပါတော့သည်။ သိပ်မကြာလိုက်။ ထိုကလေးငယ်၏စာအံသံကို အားကျ၍လား၊ သို့မဟုတ် ထိုကလေးငယ်အား ၀ိုင်းဝန်းနှစ်သိမ့်ချင်သည်လားတော့ မပြောတတ်။ ရေပြင်၏ အခြားအခြားသော အရပ်တို့၌တွင်လည်း အခြားမြောက်များလှစွာသော ကလေးငယ်တို့၏ စာအံသံတို့ ဟိုတစ်ပွက်ဒီတစ်ပွက်ဖြင့် ဆူညံစွာ ထွက်ပေါ်၍လာတော့သည်။

“ညအခါ လသာသာ
ရေနစ်သေမလား
ငတ်သေမလား”

“တစ်၊နှစ် ကိုနာဂစ်
သုံး၊လေး လွတ်အောင်ပြေး
ငါး၊ခြောက် ရေထဲရောက်
ခုနှစ်၊ရှစ် မသာဖြစ်
ကိုး၊တစ်ဆယ် ၀ဋ္ဌ်ကျွတ်တယ်။”

“ဘယ်ကလာသလည်း။
ဘယ်နယ်ကလည်း။
အလယ်ကလူ
အသားဖြူ၏။
ခင်ဗျားအလှူ
တစ်ပြားမရှုရ”

“အစားအစာ ၀ါးစားပါ
အသားပါသလား။
ငါးပါသလား။
ဘီစကစ်ပါသလား။
ဘာပဲပါပါ ထားခဲ့ပါ။”

“ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
ဒီဘက်ကမ်းကဗိုက်ပိန်ပိန်
အမိုးအကာမဲ့နေတဲ့
မနှင်းတို့အိမ်။”

“ဖိုးရွှေကြီး ဖိုးရွှေကြီး
အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
ဖိုးရွှေကြီးက မိုက်တိုင်ထူ
ခွေးအကြီးနဲ့တူ
တူပါသကွဲ့ မယုံငြား
ဒီမှာကြည့်ပါလား။”

“ တနင်္ဂနွေ၊ တနင်းလာ
ဗိုက်မှောက်မျှော်နေတာ
အဂါၤ၊ ဗုဒၶဟူး
ရောက်လုတစ်ဦးဦး
ကြာသပတေး၊ သောကြာ
တစ်ယောက်မှ ပေါ်မလာ
စနေမှာသေချာသွား ဘယ်သူမှမလာအား။”

“မုန်တိုင်းကို စက္ကူကပ်
အကြံပက်စက် တို့အပေါ်တင်
ပလ္လင်ပေါ်က မျောက်မူး
ဆင်းမလာတော့ဘူး
အာဏာရူး
အာဏာရူးကို ခွေးတွေယက်
မှောင်မိုက်မှာအူ
အူသူတွေ အစာလုကြ
ငါတို့ကိုဆွဲ တွဲလဲ
တွဲလဲရယ် ငိုတိုင်း
မိုးတောင်ကမှိုင်း
မုန်တိုင်း……..”

ဤသို့ဖြင့် စာသင်ခန်းတွေထဲ အပြိုင်အဆိုင် စာတွေအံနေကြသလို မြစ်ပြင်ကြီးတစ်ခုလုံး ကလေးတို့၏ စာအံသံများဖြင့် ဆူညံပွက်လောရိုက်သွားခဲ့သည်။ ထို့နောက်တွင်တော့ တစ်စုံတစ်ခုက ဖြည်းဖြည်းချင်းစုပ်ယူသွားသလို စာအံသံတို့ တဖြည်းဖြည်းဖြင့် ဝေး၍သွားကြပြန်သည်။ ညကလည်း အတော်နက်လှပြီ။ ကလေးတွေ မောသွားကြပြီ ထင်သည်။ သူတို့လေးတွေ အိပ်ယာဝင်ကြတော့မည်။

သူတွေးနေလို့မှ မဆုံးသေး။ သူ့ရှေ့တွင် တချိန်လုံး ငြိမ်ချက်သား ကောင်းနေခဲ့သော ရေပြင်ကြီး ငရဲမှ ချော်ရည်တွေ စိမ့်ထွက်လာသည့်အလား ဟိုဟိုဒီဒီ ပွက်ရာလေးများထလာသည်။ သူစိုက်ကြည့်နေစဉ်အတွင်း ထိုလှိုင်းပွက်ကလေးများ အချင်းချင်းပေါင်းဆုံသွားကြပြီး အရွယ်အစား အတော်ကြီးမားသော ရေဘ၀ဲကြီးတစ်ခုဖြစ်လာသည်။ အော်…ကလေးတွေ လူစုနေကြတာကိုး။ ထို့နောက်တွင်ကား ထိုရေဘ၀ဲကြီးအတွင်းမှ ကျယ်လောင်သော အသံကြီးတစ်ခု မြိုင်ဆိုင်စွာ ထွက်ပေါ်လာတော့သည်။

ထိုအသံကား အခြားမဟုတ်။ စာသင်ခန်းတွေထဲ ဆရာမက အရှေ့မှတိုင်ပြီးတိုင်း အနောက်မှ ကလေးများတက်ညီလက်ညီဖြင့် လိုက်လံ ရွတ်ဆိုကြသော အသံလို ကလေးများ စုပေါင်းစာအံရာမှ ထွက်ပေါ်လာသော စုပေါင်းစာအံသံကြီးပင် ဖြစ်သည်။

“ဘဘ၀၀ ထလို့က
ဘဘနိုင်ပြီဗျ
ကပါကပါ ဘဘရာ
ဘဘခေတ်လေဗျာ
မဲလိမ်တွေကို အမှန်ပြ
ဘဘအကြံပိုင်ပါ့။
သူများတွေ မသာဖြစ်တာ
ဘဘနဲ့ မဆိုင်ပါ
မုန်တိုင်းတွေ ဘယ်လိုသည်းသည်း
ဘဘနိုင်ဖို့ပဲ။

ဘဘ၀၀ စိတ်ဓါတ်ကျ
အနောက်က Pressure ရ
သူများအကူ မယူခဲ့တာ
ဘဘစေတနာ
မလုပ်ပေးတာ တစ်ခုကလွဲ
ဘဘသတ္တိခဲ
နိုင်ငံခြားငွေမြင်သောအခါ
ဘဘစိတ်ပြောင်းလာ
အားရပါးရလာလှူကွဲ့
ဘဘအိတ်ထဲထည့်။

ဘဘ၀၀ ထပ်လို့က
ဘဘခိုင်ပြီဗျ
လုပါယက်ပါ ဘဘရာ
ဘဘ ခေတ်လေဗျာ
မြစ်ပြင်မှာတော့ အညှီတွေထ
ပုပ်ပုပ်ပွပွ အနံ့အသက်ရ

ဘဘကတော့ ဆက်လို့က
ဘဘဘယ်တော့မှ ကလို့မ၀”

နောက်ဆုံး သင်ခန်းစာ အရှည်ကြီးကို စုပေါင်း၍ရွတ်ဆိုလို့ အပြီးမှာတော့ ရေပြင်ကြီးတစ်ခုလုံး ပြန်လည်တိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။ နောက်ထပ်စာအံသံများ ထွက်ပေါ်လာနိုး၊ ပေါ်လာနိုးဖြင့် အချိန်အတန်ကြာသည်အထိ သူစောင့်ဆိုင်း၍ နေခဲ့သော်လည်း ညှီစို့စို့ရေပြင်ကို လေတိုးသော တဖျပ်ဖျပ်အသံမှလွဲ၍ မည်သည့်အသံမှ ထပ်၍ပေါ်မလာတော့။ ဒီတစ်ခါတော့ သူတို့လေးတွေ တကယ်အိပ်ယာဝင်သွားကြပြီ။ ၎င်းတို့အား ဟိုဟိုဒီဒီ သယ်ဆောင်သွားလာနေသော မြစ်ပြင်ကျယ်ကြီးထဲ စုန်ဆန်မြောပါရင်း ကလေးငယ်တို့ နက်နက်ရှိုင်းရှိုင်း အိပ်မောကျသွားကြလေပြီ။ သို့သော် ၎င်းတို့၏ အိပ်မက်များ အတွင်းတွင်တော့ မပြီးပြတ်သေးသော သင်ခန်းစာများကို ကလေးတို့ ဆက်လတ်ရွတ်ဖတ်နေကြဦးမည် ထင်သည်။

ဘ၀တစ်ပါးသို့ ပြောင်းရွှေ့သွားကြပြီဖြစ်၍ အနည်းငယ်လိုက်လံ ပြောင်းလည်းသွားပုံရသော သင်ရိုးညွှန်းတမ်းအသစ်မှ သင်ခန်းစာ အသစ်တို့ဖြင့် ကလေးတို့ တိတ်ဆိတ်စွာ အလုပ်ရှုပ်နေကြလေပြီ။

ဇွန်လရောက်ပြီ။ ကျောင်းများလည်း ဖွင့်ကြပြီ။ သို့မဟုတ် ကျောင်းအချို့ဖွင့်ကြပြီ။ အချို့အချို့သော ဒေသတို့၌တွင်ကား ဖွင့်စရာကျောင်းများသာရှိ၍ ကျောင်းလာအပ်သော ကလေးများ မရှိ၍လည်းကောင်း၊ ကလေးများ ကျောင်းလာအပ်ကြသော်လည်း ၎င်းတို့အား လက်ခံမည့်ကျောင်းများ ပျောက်ဆုံးနေကြ၍လည်းကောင်း၊ ကျောင်းရောကလေးပါ အစအန ရှာမရတော့၍လည်းကောင်း ကျောင်းများ မဖွင့်ဖြစ်ကြသေး။ သို့မဟုတ် ကျောင်းများ မဖွင့်နိုင်ကြတော့။

မည်သို့ပင်ဆိုစေကာမူ ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင်ကား ကလေးငယ်တို့၏ စာအံသံ မဆိတ်သုန်းခဲ့။

အဖြစ်အပျက်မှန်ကို သိရှိပုံမရသော ဇွန်လကတော့ ကလေးငယ်တို့၏ စာအံသံကြားပြီးသည် နှင့်တစ်ပြိုင်နက် စိတ်ချစွာ အိပ်ယာဝင်နှင့်ပြီ။ သို့သော် ထိုမရဏအိပ်မက်ပေါင်းများစွာ ပါဝင်သော အနက်ရောင် မှတ်တမ်းကြီးအား အစမှ အဆုံးတိုင် အသေးစိတ်သိနေပြီးဖြစ်ခဲ့သော သူ့အဖို့ကား အဘယ်သို့လျှင် အိပ်ပျော်နိုင်မည်နည်း။ ဤနေရာ၊ ဤဒေသ၌ သူ့အဖို့အိပ်စက်ရန် ဒီတစ်သက် ဖြစ်နိုင်မည်မထင်တော့။

မကြာမီ အာရုဏ်တက်တော့မည်။ ထိုအခါ ကလေးများထ၍ စာအံကြဦးမည် ထင်သည်။ သူ့အနေနှင့်ကလည်း ထိုစာအံသံတို့ကို ထပ်မံကြားချင်နေပြန်သည်။ ထို့အပြင် ထိုစာအံသံတို့ ထပ်မံထွက်ပေါ်လာရန် သူ ဒီနေရာမှာ ဆက်ရှိနေဖို့ကလည်းလိုအပ်သည်။

အဘယ်ကြောင့်ဆိုသော် ကလေးများ စာအံချိန်၌ တစ်စုံတစ်ယောက်သည် နားထောင်သူအဖြစ် ရှိနေရလိမ့်မည်ဟု အဆိုရှိသည် မဟုတ်လား။

(ထို့အပြင်)

နှစ်စဉ် ဇွန်လရောက်တိုင်း ကလေးများ မပျက်မကွက် စာအံနေကြရန် အမြဲတမ်းလှုံ့ဆော် စောင့်ကြည့်ပေးနေဖို့ဆိုတာ သူ့လို ကျောင်းဆရာတစ်ယောက် မဖြစ်မနေ လုပ်ဆောင်ပေးရမည့် တာဝန်ပင် မဟုတ်ပါလား။

<မင်းတစေ>

31 comments:

BLACK DREAM said...

စိတ်ထဲမကောင်းဘူးအစ်ကိုရာ...။

Winkabar said...

အချိန်တွေလည်း မြန်တယ်နော်။ စာသင်နှစ်အသစ်တစ်နှစ်ကိုတောင် ရောက်လာပြီ။ အချိန်တွေပြောင်းတာနဲ့အမျှ လူတွေရဲ့ ကံကြမ္မာတွေလည်းလိုက်ပြောင်းရတာပါပဲ။
အစ်ကို အဲဒီ ဖတ်စာအုပ်ထဲက စာပိုဒ်တွေကို ပြင်ရေးထားတာ အရမ်းကောင်းတာပဲ။ နောက်ဆိုရင် သူငယ်တန်းသင်ရိုးတောင် ပြောင်းလို့ရပြီ။ By မင်းတစေဆိုပြီးတော့လေ. :D

gangster said...

ဘယ်လိုမှ မခံစားနိုင်ဘူးဗျာ...
ပန်းလေးတွေ ပိုးကိုက်ခံနေရပါလားနော်...
ဒီလိုနဲ့ပဲ...ပျိုးခင်းလေးတွေ ပေကျံပျက်စီးရတော့မှာလား...

ဂျစ်တူး - gyit_tu said...

မင်းတစေ .. ပေးချင်တဲ့ မက်စေ့ခ်ျရော အရေးအသားရော ၊ အိုင်ဒီယာကောင်းတာတွေရောတွက် ဒီပို့စ်ကို အလွန်ကြိုက်တာ ပြောခဲ့ပါရစေ ။

မေငြိမ်း said...

ဆရာမတယောက်အနေနဲ့ရော ကိုယ်တိုင် အမေတယောက်ဖြစ်လို့ရော.. ဖတ်ပြီး တော်တော် ထိခိုက်ကြေကွဲရပါတယ်..။ တကယ် ကမ္ဘာမကြေစရာပါ.. သူတို့ခေတ်လည်း ဒီတိုင်းတော့ မသွားဘူးလို့ အမတော့ ယုံနေတာပဲ..။

little moon said...

စိတ်ကူးလေးတွေ အရေးအသားတွေကို ကြိုက်လွန်းလို့ အမြဲစောင့်ဖတ်တယ်ဗျ။

Ka Daung Nyin Thar said...

ကောင်းလွန်းလို့ ကွန်မန့် ချခဲ့တယ်။ မင်းတစေဟာ တကယ့် ဆရာကျော်ဆိုတာ အခုပို့စ်မှာ ပီပီပြင်ပြင် တွေ့လိုက်ရတယ်။

Pinkgold said...

အင်း
ဘာမှကို မပြောချင်တော့ပါဘူး ကိုတစေရယ်
ရင်နင့်အောင် ခံစားသွားရတယ်

မေပျို said...

ဖတ်ပြီး အရမ်းခံစားရတယ် ကိုမင်းတစေရေ။

LIN LET KYAL SIN said...

ဆရာအကိုရေ .. တော်ပါပေတယ် .. ဖော်ပြပုံ အရေးအသားနဲ့ အဖြစ်မှန်အားလုံး တိကျမှန်ကန်သွားတော့ ရင်ထဲမှာ ဖြစ်ပေါ်သွားတဲ့ ခံစားမှုက မပြောပြတတ်တော့ပါဘူး .. စာတွေပြန်ရေးတာ အများကြီးဝမ်းသာပါတယ် .. အားပေးနေလျက်ပါ။

Tea said...

ဒီပိုစ့်လေးကို ကျွန်တော့်အိမ်မှ စွယ်စုံဂျာနယ်နှင့် တစ်ဆင့် လခ့်ချိတ်ပေးထားပြီး ဒီကိုညွှန်းထားပါသည်။ ပိုစ့်လေးလည်း အရမ်းကောင်းသလို နှစ်ခြိုက်မိပါသည်။ ဂျာနယ်တွင် မိတ်ဆက်ပေးထားပါသည်။ အစစအရာရာ အဆင်ပြေပါစေဗျာ။
Tea

pandora said...

ကလေးတွေရဲ့ အနာဂတ်က မတွေးဝံ့စရာပါ။

အကြောင်းအရာရော တင်ပြပုံပါ အရမ်း သဘောကျတယ်။
တကယ်ပြောင်မြောက်တဲ့ ဖန်တီးမှုပဲ။

MgThaJan said...

ဖတ်ရင်းနဲ့အသည်းနာမိပါတယ်ဗျာ

နှင်းပွင့်ဖြူလေး said...

ဖတ်ပြီးတကယ်စိတ်မကောင်းဘူး ကိုမင်းတစေ
တစ်ခါတစ်လေ လောကကြီးရဲ. ဖောက်ပြန်စိတ်က အပြစ်မဲ့ လူထုပေါင်းများစွာရဲ. အသက်ကိုစတေးပေးရတယ် ။
ကျန်ရစ်ခဲ့သောသူတွေကလည်း ဦးနှောက်မရှိသူ တစ်ကိုယ်ကောင်းဆန်ပြီး ခပ်ညံညံလူစားတွေကြောင့် ပိုနစ်နာရပါတယ်။

ဘားမားယူနိုက်တက် said...

စိတ်တွေလဲဖွတ်ဖွတ်ညက်ညက်ကြေနေပြီဗျာ...ကိုမင်းတစေရေ..

sandar said...

ကိုတစေကတော့ တော်တယ်လို့ကိုပြောဖို့မလိုပါဘူး ၊ ပျောက်ချက်သားကောင်းနေတာ စကားလုံးတွေအားမွှေးနေတာကို အင်နဲအားပြန်ဝင်လာတာ ၀မ်းသာပါတယ်.

Nai said...

your post directly hits my heart.

Eduking said...

ကျွန်တော်တော့ ကဗျာလေးတွေပဲ ရွေးဖတ်သွားတယ် bro..
သိပ်ထိတယ်ဗျာ၊၊

အိုင်လွယ်ပန် said...

လာလည်ပါတယ်အစ်ကိုရေ!

အောင်မိုး said...

ရေးသားတင်ပြတာ ကောင်းတယ်ဗျာ။

မျိုးချစ်မြန်မာ said...

သူများစာပို့လာလို့ဖတ်ကြည့်ပြီးသဘောကျတာနဲ့ ကျွန်တော့ Blog မှာယူသုံးလိုက်မိပြီးမှ ဘယ်ကမှန်းခုမှသိတယ်ဗျာ ဒါပထမဆုံးရောက်ဖူးတာပါ
ဖတ်လို့တော်တော်လေးကောင်းပါတယ်
ခွင့်မတောင်းဖြစ်ခဲ့တာခွင့်လွှတ်ပါ
ကျွန်တော့်စာတွေလဲကြိုက်ရင်ယူသုံးပါဗျာ ရပါတယ်
ကြုံရင်လဲလာလည်ပါဦး

မျိုးချစ်

Anonymous said...

နအဖသားသမီး၊သမက် စစ်ခွေးတွေနဲ့ စစ်ခွေးအောက်ဆွဲ အလိုမရှိဗျို့..

စိုးထက်က ဗိုလ်ချုပ်သမက် စိုးမြနန္ဒာသက်လွင်က ထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးတယောက်ရဲ့သမီး
ဦးလေးအဒေါ်က သူမငယ်ငယ်ထဲက USA ကိုခေါ်ယူမွေးစား၊ အဖေရင်းအမေရင်းက မြန်မာပြည်မှာရှိ အဖေကထောက်လှမ်းရေးက ဒုတိယဗိုလ်ချုပ်ကြီးဖြစ်၊ ခိုင်မာသောသက်သေများပြနိုင်.. စိတ်ဝင်စားလျှင်ဆက် ကွန်မန့်ပွတ်၊ အချိန်ကုန်ခံလာအော်ပေးမည်ဖြစ်၊

ခိုင်လုံတဲ့အထောက်အထား၊ သက်သေတွေရှိပြီးပြောနေတာနော် အဲဒီ ၂ယောက်သတိထား။ တွေ့ရာင်္သချိုင်း ဓါးမဆိုင်းဘူးဟနော် Blog မှာတွေ့လဲဆော်မှာပဲ အပြင်မှာတွေ့လဲ သတ်လို့မရတောင် ရတာနဲ့ဆော်မှာပဲကွာ

ကလိုစေးထူး said...

ကိုမင်းတစေ…
ကျနော် လာဖတ်တာ အတော်တောင် နောက်ကျနေပြီ။ တင်ပြပုံက ကောင်းလွန်းတယ်ဗျာ။

စိုးထက် - Soe Htet ! said...

ညီလေး မွေးနေ့ ဆုတောင်းပေးတာ ကျေးဇူး ... အစ်ကို သိပ်မလည်ဖြစ်လို့ မရောက် ဖြစ်တာ ... :)

လူသစ် said...

တော်တော်စို့စို့နင့်နင့်ပါပဲ

Mr.Pooh @ မောင်ပွတ် said...

အခြေအနေတွေ၊ အနေအထားတွေ မျက်စိထဲ မြင်ယောင်လာမိတယ်ဗျာ။

Republic said...

ကို ရိုမီယို ...ကို ရိုမီယို ကွ ၊၊
အရေးအသားကောင်းတယ် ဆိုတာထက် ပြည့်စုံတယ်ဗျာ... အားလုံး ၊၊ WE R REPUBLIC !

လင်းထက် said...

မခံစားနိုင်လောက်အောင် ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်ဗျာ အရမ်းလဲ အားကျမိပါရဲ့
ဒါကြောင့်လဲ မင်းတစေ ရယ်လို့ နာမယ်ကျော်ပေ တာကိုး...။

Mhu Darye said...

ဖတ်ဖြစ်ပြန်တယ်...။

Anonymous said...

ကောင်းလိုက်တာ

ခရေဖြူ

မိုးဇတ် said...

ကောင်းချက်ကတော့ လက်လှန်ပဲဗျာ ၊ သောက်ရမ်းကြိုက်တယ် ၊ ဟိုးအရင်က ကွဲအက်နေသော ပညာရေးကတဲက ကြိုက်ခဲ့တာပါ ၊ အရေးအသားတွေ ၊ နှိုင်းယှဉ်တွေးချက်တွေက တော့ သောက်ရမ်းချီးကျူးတယ်ဗျာ ၊ အနော့ဆီကိုလဲ ဖိတ်ပါတယ် ။လာလယ်ပါအုံးလို့ နော ။ mosesblack.blogspot.com