Friday, February 22, 2008

အဝေးဆုံးအရပ်မှပို့သောစာ


မနက်က စာတိုက်ကတဆင့် လှမ်းပို့လိုက်တဲ့ စာတစ်စောင် ကျွန်တော့်ဆီရောက်လာတယ်။ လူတစ်ယောက်ဆီ စာတစ်စောင်ရောက်လာတာ ရေးကြီးခွင်ကျယ် လုပ်ရလောက်အောင် သိပ်တော့မထူးဆန်းလှပေမယ့် ထူးဆန်းတာက စာပို့သူရဲ့ နာမည်နဲ့ လိပ်စာကလည်း စာလက်ခံရရှိသူ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့လိပ်စာပဲ ဖြစ်နေခဲ့လို့ပေါ့။

အစသန်တဲ့ သူငယ်ချင်းတစ်ယောက်ယောက်က နောက်လိုက်တာ နေမှာပါဆိုတဲ့ အတွေးနဲ့ စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ အထဲမှာတွေ့လိုက်ရတာကလည်း ကျွန်တော့်လက်ရေးတွေပဲ ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်အံ့သြမှုက အထွတ်အထိပ်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုးငယ်ငယ်လေးကတည်းက စာဆိုတာယောင်လို့တောင် ကျွန်တော် မရေးဘူးခဲ့လို့ပါပဲ။

မဖြစ်နိုင်ဘူး။ ဒါလုံးဝမဖြစ်နိုင်ဘူးလို့ ဘယ်လောက်ပဲ ငြင်းဆန်နေခဲ့ပေမယ့် ကျွန်တော်ကလွဲရင် တခြားဘယ်သူမှ မတုပနိုင်တဲ့ စုတ်ချာချာလက်ရေးမျိုးနဲ့ ရေးထားပြီး ကျွန်တော်ကိုယ်တိုင် ဘယ်အချိန်ကသွားထည့်လိုက်မှန်း မသိတဲ့ စာတစ်စောင်ကတော့ ကျွန်တော့်လက်တွေထဲပြန်လည် ရောက်ရှိလို့နေခဲ့ပြီလေ။ ဒါပေမယ့် စာဆိုတာ အရမ်းဝေးနေကြပြီး တော်တန်ရုံ တွေ့ခွင့်မရတဲ့သူတွေမှ ရေးကြတာမျိုးဆိုတော့ ကျွန်တော်က ကျွန်တော်နဲ့အဆက်အသွယ် အလွယ်တကူ လုပ်လို့မရတဲ့ ဟိုးအဝေးတနေရာမှာ ရောက်ရှိနေခဲ့တဲ့ သဘောမျိုး သက်ရောက်နေခဲ့တာပေါ့။ ဟင့်အင်း မဟုတ်ဘူး။ ကျွန်တော်က ကျွန်တော့်နားကနေ ဘယ်တုန်းကမှ မခွါခဲ့ဘူးပါဘူး။ စဉ်းစားရင်း ခေါင်းပိုရှုပ်လာတာနဲ့ ကျွန်တော်လည်း ထွေထွေထူးထူး လျှောက်တွေးမနေတော့ပဲ စာကိုပထမစာမျက်နှာကနေစပြီး ဖြည်းဖြည်းခြင်း စဖတ်ကြည့်လိုက်တယ်။

မိတ်ဆွေ /

ခင်ဗျား သိပ်အံ့သြသွားလား။ တကယ်တော့ ကျွန်တော်က ခင်ဗျားထင်နေသလို တခြားသူ တစ်ယောက်မဟုတ်ပါဘူး။ ခင်ဗျားစားသလိုစား၊ ခင်ဗျားသွားသလိုသွား၊ ခင်ဗျားအိပ်သလိုအိပ်ပြီး ခင်ဗျားဘာတွေပဲလုပ်နေနေ မသွေမတိမ်း လိုက်လိုက်လုပ်နေတတ်တဲ့ ဒီစာကိုဖတ်နေတဲ့ ခင်ဗျားကိုယ်တိုင်ပါပဲ။ ဒါပေမယ့် လုံးဝခင်ဗျားလားဆိုတော့လည်း မဟုတ်ဘူးဗျ။ တူညီတဲ့ဦးနှောက်တစ်ခုထဲမှာ အတူခိုလှုံနေထိုင်နေကြပေမယ့် ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေ အရိပ်ကျပုံခြင်းကတော့ လုံးဝကွဲပြားခြားနားနေကြတယ်လေ။

ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ဗရမ်းဗတာဖြစ်နေတဲ့ ခင်ဗျားရဲ့အတွေးအခေါ်တွေက ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း လိုက်တွေးပေးတတ်တဲ့ ကျွန်တော့်အတွေးအခေါ်တွေနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဆန့်ကျင်နေခဲ့လို့ပါပဲ။ ဖြစ်သင့်တဲ့အရာတွေက ချော်ထွက်ပြီး ထင်ရာတွေကိုပဲ စွတ်စွတ်လုပ်နေတတ်တဲ့ ခင်ဗျားကို ကျွန်တော်ကြည့်မရတာ အတော်လေးကြာပြီပေါ့။ ဒါပေမယ့် တစ်ချိန်မှာတော့ ခင်ဗျားကိုယ့်ကိုကိုယ်ပြုပြင်သွားမှာပဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ခင်ဗျားလုပ်သမျှ ဘာမှဝင်မစွက်ပဲ ဒီအတိုင်းရပ်ကြည့်နေခဲ့တယ်။ အချိန်တွေသာကုန်သွားတယ်။ ခင်ဗျားက မပြုပြင်တဲ့ အပြင် ပိုပြီးတဇောက်ကန်းနိုင်လာတော့လည်း ကျွန်တော်ကမတတ်သာတဲ့အဆုံး ၀င်စွက်ရတော့တာပါပဲ။

အချစ်ဆိုတဲ့ကောင်ကို ငါဘယ်တော့မှ အရှုံးမပေးဘူးဆိုပြီး ကတုန်ကျင်းဆန်ဆန် စိတ်ဓါတ်တွေနဲ့ တသက်လုံးခုခံကာကွယ်လာခဲ့တဲ့ ခင်ဗျား အခုတော့ ဘာတတ်နိုင်သေးလည်း။ အချစ်က မြေကြွက်လိုဗျူဟာတွေသုံးပြီး မြေအောက်တွေထဲက ထိုးဖောက်ဝင်ရောက်လာတော့လည်း အရှုံးပေးလက်နက်ချလိုက်ရတာပဲ မဟုတ်လား။

ခင်ဗျားပြောဘူးပါတယ်။ အချစ်ဆိုတာ ကိုယ့်ကိုကိုယ် ဗဟိုသိပ်ပြုလွန်းတဲ့ ကောင်တွေမှ ကူးစက်နိုင်တဲ့ရောဂါလို့။ အဲဒီအတိုင်းဆိုရင်တော့ ခင်ဗျားလည်း အခြားလူတွေနဲ့ ဘာမှမထူးတဲ့ ပရအရေခွံခြုံထားတဲ့ အတ္တခန္ဓာကိုယ်နဲ့ လူတစ်ယောက်ပါပဲ။

တကယ်တမ်းတော့ အတ္တမကြီးအောင်ဆိုပြီး အတင်းကျိတ်မှိတ်ကြိုးစားနေတာကိုက အကြီးမားဆုံးအတ္တတစ်ခုဖြစ်အောင် ခင်ဗျားမွေးမြူနေခဲ့တာပဲ။

ဘာကောင်မှ မဖြစ်ချင်ဘူးလို့ တွင်တွင်ပြောနေခဲ့တာကိုက သုညအကြီးကြီးတစ်ကောင်ဖြစ်ဖို့ လျှို့ဝှက်တဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ခင်ဗျား သွယ်ဝိုက်ပြီး ပြောပြနေခဲ့တာပဲ။

ဘ၀ရဲ့လက်တွဲဖော် မဖြစ်မနေရွေးရတော့မယ်ဆိုရင် ဘယ်လိုအရည်အချင်းရှိတဲ့ လက်တွဲဖော်မျိုးရွေးမှာလည်းဆိုတော့ ခင်ဗျားက မိန်းမတစ်ယောက်ဖြစ်ရမယ်တဲ့။ မိန်းမတစ်ယောက်ဖြစ်နေရုံနဲ့ ပြီးပြည့်စုံပြီလားလို့ ကျွန်တော်ကထပ်မေးတော့ ခင်ဗျားက “အင်း” တဲ့။ ဒါဆို ခင်ဗျားရွေးချယ်လိုက်တဲ့ မိန်းမက ပြည့်တန်ဆာတစ်ယောက်ဖြစ်နေမယ်ဆိုရင်ရောဗျာ ဆိုတော့ ခင်ဗျားက “ဂုဏ်ယူစရာပေါ့ဗျ။ ဘာလို့လည်းဆိုတော့ ပြည့်တန်ဆာလုပ်ငန်းဆိုတာ ကမ္ဘာ့ရှေးအကျဆုံး အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု မဟုတ်လား”တဲ့။

ဟားဟား...... သိပ်ရီစရာပြောတတ်တာပဲနော်ဆိုတော့ ခင်ဗျားက ပြည့်တန်ဆာခေါင်းတစ်ယောက်ဟန်နဲ့ ကျွန်တော့်ကို ပုခုံးနှစ်ဖက်တွန့်ပြတယ်။ ဘာအဓိပ္ပါယ်နဲ့ အဲသလိုလုပ်ပြသလည်းဆိုတာ ကျွန်တော်နားမလည်ပေမယ့် ခင်ဗျားကို နားလည်ဖို့ကြိုးစားလေလေ ပိုရှုပ်လာလေလေဆိုတော့ ကျွန်တော်လည်း အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှကိုထပ်မမေးခဲ့တော့တာပေါ့။

ဝီလျှံရှိတ်စပီးယားထက် အဲလ်ဘတ်ကမူးကို ခင်ဗျားက ပိုနှစ်သက်တယ်။ အေဂျေကရိုနင်ထက် ယန်းပေါဆတ်ကို ခင်ဗျားက ပိုလေးစားတယ်။ ဆမ်းမားဆက်မွန်ထက် ဖရန့်ကပ်ဖ်ကာကို ခင်ဗျားက ပိုကိုးကွယ်တယ်။ အနုအရွရသမှန်သမျှကို ထာဝရငြင်းပယ်နေတတ်ပြီး အကြမ်းထည်အလှတွေကိုပဲ တကယ့်အလှတရားလို့ ခင်ဗျားကမြင်နေတတ်ခဲ့တယ်။ ဒါပေမယ့် ခင်ဗျားယုံကြည်တဲ့ အဲဒီ ခပ်ကြောင်ကြောင်အတွေးအခေါ်ရှင်တွေကိုယ်တိုင် လူ့ဘ၀ရဲ့ ရုန်းရင်းဆန်ခတ်မှုတွေအောက် ဘယ်လောက်ရုန်းကန်သွားရတယ်ဆိုတာ ခင်ဗျား သတိမှပြုမိလိုက်ရဲ့လား။

ဘာသာတရားတွေကို မိရိုးဖလာဇွတ်မှိတ်ပြီး မယုံကြည်ကြဖို့ကိုလည်း လူတွေ့တိုင်း ခင်ဗျား နားချခဲ့တယ်။ ဒါပေမယ့် လူဆိုတာ မိရိုးဖလာမကလို့ ကမ္ဘာဦးအစဉ်အလာပဲဖြစ်ဖြစ် တန်ခိုးအာဏာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်အောက်မှာရှိနေမှ ကိုယ့်ကိုကိုယ် လိပ်ပြာလုံတဲ့ အမျိုးဆိုတာကိုတော့ ခင်ဗျားမေ့နေခဲ့တယ်။ ဘုရားသခင်ဆိုတာကြီးသာ တကယ်ရှိနေရင် ဘုန်းကြီးတွေရှိစရာ ဘယ်လိုလေလိမ့်မတုန်း ဆိုတဲ့ ဘုရားသခင်ကို ဇွတ်မှိတ်ငြင်းပယ်တဲ့ ခင်ဗျားရဲ့ အကြောင်းပြချက်တွေ မှန်နေတယ်ပဲထားပါတော့။ လူ့ဘ၀ရဲ့ ဗရမ်းပတာနိုင်မှုကို ဟန်ချက်ညီအောင် ထိန်းကွပ်ဖို့ စည်းမျဉ်းဥပဒေသတွေ ခင်ဗျား ဘယ်နားက သွားရှာမလည်း။ လူတွေသာ ငရဲနဲ့ နိဗ္ဗာန်ဆိုတဲ့ ခြောက်လုံး၊ ချော့လုံးတွေ တကယ်ရှိမနေမှန်းသိသွားကြရင် မကောင်းမှုဆိုတာတွေကို စိတ်ရှိလက်ရှိ ကျူးလွန်ကြတော့မယ်ဆိုတာ ခင်ဗျားနည်းနည်းလေးမှ မတွေးမိဘူးလား။ ပြီးတော့ ခင်ဗျားဘက်က ဘုရားသခင်ထက်သာတဲ့ စည်းမျဉ်းတွေ ဘယ်လောက်ပဲ ချပြနိုင်နေခဲ့ပါစေ။ တန်ခိုးရှင် တစ်ယောက်မဟုတ်တဲ့ ခင်ဗျားလိုသာမန်လူတစ်ယောက်ရဲ့ ပညတ်ချက်တွေကို ဘယ်သူကများ အရေးတယူလာလုပ်နေကြမှာလည်း။

အဲဒီတော့ အယောင်အဆောင်မကလို့ လူလိမ်ကြီးတစ်ယောက်ပဲဖြစ်နေနေ ဘုရားသခင် သူ့ဖာသာရှိပါစေ။ အနည်းဆုံး သူ့ကိုယ်စား တရားတွေ အာပေါက်အောင် လိုက်ဟောနေဖို့ ခင်ဗျား အချိန်တွေ ကုန်စရာတော့ မလိုတော့ဘူးပေါ့။ ခင်ဗျား ဖြစ်စေချင်တာတွေကို ခင်ဗျားရဲ့ ဒိဋ္ဌိဆန်ဆန်အတွေးအခေါ်တွေထဲမှာ လူမသိအောင်တိတ်တိတ်လေးပြန်သိမ်းလိုက်။ ပြီးတော့ ခင်ဗျားပါးစပ်ကို လူတွေဘက်လှည့်ပြီး အဲဒီလို ခပ်ကျယ်ကျယ်လေး တစ်ခွန်းလောက်အော်ကြည့်လိုက်။

“ မြူမှုံတစ်စက်မှစ၍ မိုးကောင်းကင်အဆုံးထိ အရာခပ်သိမ်းသော သက်ရှိသက်မဲ့ အပေါင်းတို့သည် ဘုရားသခင်၏ မြင့်မြတ်ကြီးကျယ်တော်မှုလှသော ဂုဏ်ကျေးဇူးတော်တို့အောက်၌ ထာဝရအေးချမ်းငြိမ်သက်စွာတည်ရှိနေကြ၏ ” လို့။

ကဲ…ဘယ်သူကများ မိစ္ဆာဒိဋ္ဌိလို့ ခင်ဗျားကို ထပ်ခေါ်ကြသေးလည်း။

ဘွဲ့လက်မှတ်ဆိုတာ အလကား။ တကယ့်ပညာရေးဆိုတာ စာသင်ခန်းတွေရဲ့ အပြင်ဘက်မှာပဲရှိတယ်ဆိုပြီး ကိုယ်ပိုင် ပညာရေးအားနည်းချက်ကို လိုက်လံဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ ခင်ဗျား အခုတော့ ထမင်းနပ်မှန်မှန်စားရဖို့ နဖူးကချွေး ခြေမကျအောင် ရုန်းကန်နေရပြီ မဟုတ်လား။ ဒါနဲ့တောင် ဘွဲ့လက်မှတ်တွေရဲ့ အရေးပါမှုကို ခင်ဗျားက ခေါင်းမာမာနဲ့ ငြင်းဆန်နေတုန်း။ ခင်ဗျား ထပ်စောဒကထပ်တက်ဦးမှာပဲ မဟုတ်လား။ ထမင်းကို နေ့တိုင်းမှန်မှန်စားရဖို့ လိုအပ်တယ်လို့ ထင်နေတာကလည်း မိုက်မဲတဲ့ အတွေးအခေါ်တစ်ခုလို့။ ပြီးတော့ ထမင်းတစ်လုပ်စားရဖို့အတွက်နဲ့တော့ ကိုယ်မယုံကြည်တာတွေထဲမှာ အချိန်ကို ဇွတ်မှိတ်ပြီး နှစ်မထားသင့်ဘူးလို့။ ထားပါတော့ ခင်ဗျားက မစားပဲ နေနိုင်တယ်။ ဒါပေမယ့် နောင်တစ်ချိန် အိမ်ထောင်တွေ ဘာတွေကျပြီး ခင်ဗျား သားမယားတွေ လူလိုသူလို စားသောက်နေနိုင်ဖို့ အတွက်ကရော။ အဲဒီတော့လည်း ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ပဲ ပြန်လက်ထပ်လိုက်ရုံလို့ပေါ့ ခင်ဗျားပြောဦးမှာပဲ မဟုတ်လား။

လူတိုင်းက လုပ်နေတိုင်း လိုက်လုပ်နေစရာ မလိုဘူးလို့ ခင်ဗျားဘယ်လောက်ပဲ ပြောနေနေ တစ်ခါတလေ လူ့ဘ၀ ရတုန်းလေးမှာတော့ ဘ၀ကို အဓိပ္ပါယ်ရှိရှိနေသင့်တယ်လို့တော့ ခင်ဗျား မထင်မိဘူးလား။ ဒါပေမယ့် လူ့ဘ၀အဓိပ္ပါယ်ဆိုတာ ဘယ်လိုသတ်မှတ်တာလည်းလို့ ခင်ဗျားက စကားကပ်ပြီး ပြန်မေးနေခဲ့တော့ အိပ်ချင်ဟန်ဆောင်နေတဲ့ လူတစ်ယောက်ကို နိုးဖို့ ကျွန်တော်လည်း လက်လျှော့လိုက်ရတော့တာပေါ့။

ခင်ဗျားဖာသာခင်ဗျား ဘယ်လောက်ပဲ ခေါင်းမာနေနေ ငယ်စဉ်တောင်ကျေး ကလေးဘ၀ထဲက ကျွေးမွေးပြုစုလာတဲ့ ခင်ဗျား မိဘတွေလောက်တော့ အနည်းဆုံး ခေါင်းထဲထည့်ထားသင့်တာပေါ့။ “ အင်း…ဒါကတော့ လောကနိယာမပဲ။ မွေးခဲ့မှတော့ တာဝန်အရ ကျွေးခဲ့ရတော့မှာပေါ့” ဆိုတဲ့ အဇာတသတ်ဆန်ဆန် စကားလုံးတွေနဲ့ မိဘတွေရဲ့ ဂုဏ်ကျေးဇူးကို ငြင်းပယ်ဖို့ ကြိုးစားနေတာကတော့ ခင်ဗျားမှားနေတယ်ထင်တာပဲ။

ခင်ဗျားအဖေက “ မင်းကတော့ ခွေးဖြစ်မယ့်ကောင်” ဆိုပြီး ခင်ဗျားကို ဘယ်လိုပဲ ကျိန်ဆဲလာခဲ့ပေမယ့် ခင်ဗျားကို လူလိုသူလိုဖြစ်အောင် သူတတ်နိုင်သလောက် ကြိုးစားခဲ့တယ် ဆိုတာကိုတော့ ခင်ဗျားငြင်းလို့မရပါဘူး။ အင်းလေ..ခင်ဗျားကိုယ်တိုင်က မိဘနေရာမှာ မခံစားဘူးသေးတော့လည်း ဘယ်ကိုယ်ချင်းစာပေးနိုင်ပါ့မလည်း။

အစိုးရဆိုတာ အစတော့ရိုးတယ်။ ဒါပေမယ့် အလယ်မှာ တစ်ဖြေးဖြေးဆိုးလာတတ်ပြီး အဆုံးမသတ်ခင်အထိ ကမ်းကုန်အောင်မိုက်နေတတ်တဲ့ အဖွဲ့အစည်းလို့ ခင်ဗျား မကြာခဏ ပြောနေတတ်ခဲ့တယ်။ ဘာမဟုတ်တဲ့ အဲဒီလို စကားလေးတစ်ခွန်းကြောင့် ခင်ဗျား ထောင်ထဲမှာ တသက်လုံးနေသွားရနိုင်တယ်လို့ ကျွန်တော်က သတိပေးတော့ ခင်ဗျားက “အခုရော ကျွန်တော်တို့ ဘယ်ထဲမှာ ရှိနေကြလို့လည်းဗျ။ ဘာထူးလို့လည်း။ ထောင်ထဲမှာပဲ ရှိနေကြတာလေ။ အဲဒီတော့ ထောင်အကြီးကြီးထဲကနေ ထောင်အသေးလေးထဲ ရွှေ့ခံရလိမ့်မယ်လို့ စကားကိုပြန်ပြင်ပြောပါ”တဲ့။

ဘာပဲဖြစ်ဖြစ်ဗျာ။ ထားလိုက်။ ဒါပေမယ့် ခင်ဗျား အဲဒီလို လေအကုန်ပြီး လျှောက်ပြောနေရုံနဲ့ ကျွန်တော်တို့ အတွက်ကဘာများ ထူးလာနိုင်လို့လည်းဗျာဆိုတော့ ခင်ဗျားက “ထူးတာပေါ့ဗျာ။ ကျွန်တော်တို့ တစ်နိုင်ငံလုံးက မိသားစုတွေ တစ်အိမ်တစ်ယောက်သာ အဖမ်းခံရကြည့်။ အားလုံး စိတ်နာပြီး တော်လှန်ရေးထဲ ပါလာကြလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ လူဆိုတာ ကိုယ့်အသားကို တိုက်ရိုက်လာမထိသရွေ့ အများစုကတော့ ဒီအတိုင်း လက်ပိုက်ကြည့်နေကြမှာပဲလေ။ အဲဒါကြောင့် ကျွန်တော့်မိသားစု အသိုင်းအ၀ိုင်းတစ်ခုလုံး ဒီတော်လှန်ရေးထဲပါဝင်လာဖို့က ကျွန်တော် အဖမ်းခံရဖို့လိုအပ်သလို ခင်ဗျားမိသားစုတစ်ခုလုံး ပါဝင်လာဖို့ကလည်း ခင်ဗျားအဖမ်းခံရဖို့လိုတယ်။ အဖမ်းခံရတဲ့ လူဦးရေ များလာလေလေ၊ စိတ်နာတဲ့လူဦးရေ များလာလေလေဖြစ်ပြီး စိတ်နာတဲ့ လူဦးရေများလာလေလေ တော်လှန်ရေးအခြေခိုင်လာလေလေပဲဗျ ” တဲ့။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ဗျာ လုပ်ရတာနဲ့ ရင်းရတာ မထိုက်တန်ဘူးဗျ ဆိုတော့ ခင်ဗျားက “အခုရော ကျွန်တော်တို့တွေ ထိုက်တန်တဲ့ ဘ၀တွေရနေလို့လား။ တကယ်က အဓိပ္ပါယ်မဲ့စွာ အသက်ရှင်နေရတာထက်စာရင် အဓိပ္ပါယ်ရှိရှိဘ၀တုံးသွားရတာက ပိုမြတ်တယ်ဗျ။ ခင်ဗျားရဲ့ လုပ်ဆောင်ချက်တွေက ဘာကိုမှ မပြောင်းလည်းပေးနိုင်ခဲ့တောင် ခင်ဗျားကိုယ် ခင်ဗျား လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိခဲ့လေခြင်းလို့ နောင်တတွေရမနေနိုင်တော့ဘူးပေါ့ဗျာ။ အနည်းဆုံးတော့ ခင်ဗျားကိုယ်ခင်ဗျား လိပ်ပြာလုံနေနိုင်ပြီး ကိုယ့်ကိုကိုယ်ပြန်ရှက်နေစရာလည်း မလိုတော့ဘူးပေါ့ဗျာ” တဲ့။

ကိုယ့်လိပ်ပြာများ ကိုယ်ပြန်ပြီး ဘာဂရုစိုက်နေစရာ လိုလို့လည်းဗျာ။ မလုံတော့လည်း ဘာအရေးလည်း။ နေတတ်ရင် ကျေနပ်စရာတွေချည်းပါဗျာ လို့ ကျွန်တော်ကပြောလိုက်တော့ ခင်ဗျားက ကျွန်တော်ဘက်လှည့်မကြည့်ပဲ တခြားတဖက်ကို တံတွေးတချက်လှည့်ထွေးတယ်။

ခင်ဗျား တော်တော်မိုက်ရိုင်းတာပဲ။ အင်းလေ ကျွန်တော့်မျက်နှာပေါ်ထွေးချတာမှ မဟုတ်တာ။ အောင့်သီးအောင့်သက်ဖြစ်ရုံကလွဲလို့ ကျွန်တော်လည်း ဘာတတ်နိုင်မှာလည်း။ ခင်ဗျားဒုက္ခရောက်မှာစိုးလို့ ကျွန်တော်က စေတနာနဲ့ ပြောတာပါဗျ ဆိုတော့ ခင်ဗျားက “ဒါစေတနာ မဟုတ်ဘူး။ လူကို သူရဲဘောမကြောင်ကြောင်အောင် လာပြီးဖျားယောင်းသွေးဆောင်နေတာ” တဲ့။

ခင်ဗျားက ငါးကိုလုံးဝမစားပေမယ့် အမဲသားတော့ တော်တော်ကြိုက်တယ်နော်။ ဒါပေမယ့် ကိုယ့်ကျေးဇူးရှင်ကို ပြန်စားနေတာကတော့ မကောင်းဘူးဗျ ဆိုတော့ ခင်ဗျားက “ထွန်စက်နဲ့ စိုက်ပျိုးတဲ့ ခေတ်ရောက်နေပြီဗျ။ ခင်ဗျားလယ်ကွင်းလေးထဲဘာထဲ ဆင်းကြည့်ပါဦး" တဲ့။

ဒါဆို လူတော်တော်များများကလည်း ကျွန်တော်တို့ ကျေးဇူးရှင်တွေမဟုတ်ဘူးဗျ။ သူတို့အသားကြတော့ ခင်ဗျားဘာလို့မစားတာလဲလို့ ကျွန်တော်ကနောက်လိုက်တော့ ခင်ဗျားက ကျွန်တော့်ကို စိမ်းစိမ်းကြီး တစ်ချက်စိုက်ကြည့်ပြီး “စားသင့်ရင်တော့ စားရမှာပဲဗျ” တဲ့။

အဲဒီလိုကြည့်လိုက်တဲ့ ခင်ဗျားရဲ့မျက်လုံးတွေထဲမှာ မကောင်းဆိုးဝါးတွေ အုပ်စုဖွဲ့ပြီး ကခုန်နေကြတာ မထင်မှတ်ပဲတွေ့လိုက်ရတော့ ကျွန်တော်လည်း ခင်ဗျားကို နုတ်တောင်မဆက်ရဲတော့ပဲ ခင်ဗျားရှေ့ကနေတစ်ချိုးထဲ လစ်ထွက်လာခဲ့တော့တာပေါ့။ အဲဒီနောက်ပိုင်း ခင်ဗျားရှိနေတတ်တဲ့ နေရာတွေကို သတိထားပြီးရှောင်ကျဉ်နေတတ်ခဲ့တာ ဒီကနေ့အထိပဲဆိုပါတော့ဗျာ။

<မင်းတစေ>

15 comments:

BLACK DREAM said...

အစ်ကိုလည်း အဇ္ဇတ္တ စစ်ပွဲဆင်နွှဲနေရတာကိုး..... :)

ကောင်းကင်ကို said...

ၽမိုက္တယ္ဗ်ာ။ အပြာရောင်နဲ့ ရေးထားတဲ့ စာတွေကြိုက်တယ်။

စိုးထက် - Soe Htet ! said...

ဘုရားသခင်ဆိုတာကြီးသာ တကယ်ရှိနေရင် ဘုန်းကြီးတွေရှိစရာ ဘယ်လိုလေလိမ့်မတုန်း

ညီလေး .. ရှယ်ပဲ ... :D

LIN LET KYAL SIN said...

ဟိုက်လိုက်လုပ်ထားတဲ့ စကားတွေက ရေလည်ထိတယ် အကိုရေ .. အတွေးအခေါ်တွေကို ကြိုက်တယ် .. :)

Saung Yune La (aka) Way said...

ရည်ရည်လည်လည်အပီပြင်ဆုံးမော်ဒန်တစ်ပုဒ်အဟုတ်
ဖြစ်သည်။
တကယ်တမ်းတော့ အတ္တမကြီးအောင်ဆိုပြီး အတင်းကျိတ်မှိတ်ကြိုးစားနေတာကိုက အကြီးမားဆုံးအတ္တတစ်ခုဖြစ်အောင် ခင်ဗျားမွေးမြူနေခဲ့တာပဲ။

ဒါလည်းအမှန်ဆုံးတရားဖြစ်တယ်...

ညီလေးရဲ့ဒဿနတွေကပြောင်မြောက်တယ်ဟေ့..ထိတယ်....

ကလိုစေးထူး said...

ကိုမင်းတစေရေ…
တော်တော်လေးကို ပြောင်မြောက်တဲ့ စာတပုဒ်ပါပဲ။

မင်းကျန်စစ်။ said...

အချိန်အကြာကြီးပေးပြီး ဖတ်လိုက်ရကျိုးနပ်ပါတယ်ဗျာ။ စာသားတွေကို စဉ်းစားတတ်တဲ့ ကိုမင်းတစေကိုတော့ အံ့သြရလောက်အောင်ပဲ။

chopper said...

this essay is so cool bro...! u r quite a genius.long time no see naw.ystday I reached to the base ,but there is noone.where have u been bro?take care .

Smilemay said...

ခင်ဗျားက ငါးကိုလုံးဝမစားပေမယ့် အမဲသားတော့ တော်တော်ကြိုက်တယ်နော်။ ဒါပေမယ့် ကိုယ့်ကျေးဇူးရှင်ကို ပြန်စားနေတာကတော့ မကောင်းဘူးဗျ ဆိုတော့ ခင်ဗျားက “ထွန်စက်နဲ့ စိုက်ပျိုးတဲ့ ခေတ်ရောက်နေပြီဗျ။ ခင်ဗျားလယ်ကွင်းလေးထဲဘာထဲ ဆင်းကြည့်ပါဦး" တဲ့။

ဒါဆို လူတော်တော်များများကလည်း ကျွန်တော်တို့ ကျေးဇူးရှင်တွေမဟုတ်ဘူးဗျ။ သူတို့အသားကြတော့ ခင်ဗျားဘာလို့မစားတာလဲလို့ ကျွန်တော်ကနောက်လိုက်တော့ ခင်ဗျားက ကျွန်တော့်ကို စိမ်းစိမ်းကြီး တစ်ချက်စိုက်ကြည့်ပြီး “စားသင့်ရင်တော့ စားရမှာပဲဗျ” တဲ့။

အဲ့ဒီအပိုဒ်လေး ကြိုက်တယ်

နှံကောင် said...

ဖြစ်ရလေ ကိုတစေရယ်

barb michelen said...

Hello I just entered before I have to leave to the airport, it's been very nice to meet you, if you want here is the site I told you about where I type some stuff and make good money (I work from home): here it is

Servidores said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Servidor, I hope you enjoy. The address is http://servidor-brasil.blogspot.com. A hug.

ဂျစ်တူး - gyit_tu said...

မင်းတစေ ရဲ့ အိုင်ဒီယာတွေက မှန်တယ် မှားတယ်ဆိုတာထက် အတော်လေး ကောင်းတယ်လို့ပဲ မြင်မိတယ် ။ မှန်တယ် မှားတယ်ဆိုတာကတော့ ကြည့်နေသူက ဘယ်အပိုင်းကကြည့်တယ်ဆိုတာပေါ် မူတည်ပြီး ကွဲပြားနိုင်တာပေါ့ ။ ဘာပဲဖြစ်ဖြစ် ခုလို တွေးနိုင်တယ်ဆိုတည်းက မင်းတစေဟာ အတွေးအခေါ်ကောင်းတဲ့ လူငယ်တယောက်ဆိုတာ ငြင်းမရပါဖူး ။

လောကမှာ ဘွဲ့ လက်မှတ်တခုထက် တကယ် ပညာရဖို့က အရေးကြီးတယ်ဆိုပေမယ့် ၊ ဘွဲ့ လက်မှတ်တခုရှိမှလည်း ထမင်းတလုတ်စားနိုင်တာကို ငြင်းမရဘူးလေ ။ ဘွဲ့ လက်မှတ်တခုဟာ စာရွက်တရွက်အနေနဲ့ပဲ မဖြစ်အောင် ၊ အဲဒီ ဘွဲ့ လက်မှတ်ကို ယူဖို့ကြိုးစားနေသူတွေအပေါ်မှာ တာဝန်ရှိတယ် လို့ မြင်မိတယ် ။

မင်းတစေ အဲဒီ တာဝန်ကို တနေ့ သိလာနိုင်ပြီး ၊ ထိုက်တန်တဲ့အောင်မြင်မှုတွေ ရလာနိုင်ပါစေ လို့ တကယ်စိတ်ထဲက မျှော်လင့် ဆုတောင်းပေးလိုက်ပါတယ် ။ မင်းတစေလို အတွေးအခေါ်ကောင်းတဲ့ လူငယ်တယောက် လောကမှာ လက်မှတ်တခုမရှိတာလေးကြောင့် ထိုက်တန်တဲ့နေရာ မရရင် သိပ်နှမြောစရာဖြစ်မယ် ။ စိတ်တေလေကို နှိပ်ကွပ်နိုင်သူ ဖြစ်ပါစေလို့ အားပေးလိုက်တယ် ။

မေငြိမ်း said...

အမြဲနီးပါးလာဖတ်ပြီး တခုခုတွေးစရာကျန်ခဲ့ပါတယ်။ ဒီတပုဒ်မှာလည်း တချို့အယူအဆတွေဆို လဘက်ရည်ဆိုင်ထိုင်ရင်း ငြင်းရရင် ကောင်းမှာပဲလို့ တွေးနေမိတယ်။ ဥပမာ ဘုရားသခင်ဆိုတာကြီးသာ တကယ်ရှိနေရင် ဘုန်းကြီးတွေရှိစရာ ဘယ်လိုလေလိမ့်မတုန်း .. ဆိုတာမှာ ဘုရားသခင်ကိုယ်စားသူ့တရားတွေကို ဆက်သယ်ပိုးသွားဖို့ ဘုန်းကြီးတွေ လိုတာပေါ့ ဆိုတာမျိုးပေါ့..ဟဲဟဲ..။ တခုပဲ သိပ်အရေးကြီးတယ်မထင်လည်း ရသလို အရေးကြီးတယ်ထင်ရင်တော့ ပြောချင်တာလေး ရှိပါတယ်။ အဲဒါကတော့ မေးခွန်းတွေကို "လည်း" နဲ့ ဆုံးထားတာပြ။ တကယ်က 'လည်း'က သို့သော်လည်း ပါ။ မေးခွန်းက 'လဲ'ပါ။ ဆရာလုပ်တယ်မထင်ပါနဲ့နော်.. ကျေးဇူး

gina vinasoy said...

I absolutely loved this blog , Its undoubtedly the cultural climax that visitor should miss.Please visit us back at http://motors.com.mm/?utm_campaign=mot_mm_lb_blog_
gvisoy&utm_source=mot_lb_blog&utm_medium=lb_blog