အဖိုးအိုက လိပ်ပြာကိုစောင့်မျှော်နေခဲ့သည်။
ဆရာဝန်ကတော့ သွေးခုန်နှုံးတိုင်းစက်ဖန်သားပြင်ပေါ်မှ တစ်စထက်တစ်စတိုဝင်သွားနေသော လှိုင်းအလျှားတို့ကိုကြည့်၍ အဖိုးအို၏ နောက်ဆုံးထွက်ခွါချိန်ကို စောင့်မျှော်နေခဲ့သည်။
အဖိုးအို၏ အသက်ကိုမှီရန် အချိန်ကိုလု၍ မောင်းနှင်လာသော ကားတစ်စီးကလည်း မီးပွိုင့်တစ်ခု၏ မီးစိမ်းပြချိန်ကို စောင့်မျှော်နေခဲ့သည်။
“လိပ်ပြာရယ်…ရောက်လာပါတော့လား။ ငါ့မှာတော့ တစ်ဘ၀စာ ပန်းပွင့်တွေ ငါးမျှားချိတ်မှာ သီပြီး မင်းကိုထိုင်မျှားနေခဲ့ရတာ။ ပွင့်ဖတ်တွေကြားမှာများ မင်း....ပုန်းအောင်းနေခဲ့တာလား….”
ဆရာဝန်က တစ်ကိုယ်လုံးရစရာမရှိအောင် အရိုးတွေကြေမွှနေသော အဖိုးအိုကို ဂရုဏာသက်စွာကြည့်ရင်း
"အဘကိုယ်တိုင် သစ်ပင်ပေါ်တက်ပြီး ခူးရလောက်အောင် ဘာသီးတွေမိုလို့လည်း အဘရာ"
"လိပ်ပြာသီး"
"ဗျာ........လိပ်ပြာသီး.........."
"ဟုတ်တယ်...လိပ်ပြာသီးတက်ခူးတာ"
ဆရာဝန်က အလန့်တကြားနှင့် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရာ လိပ်ပြာပုံပါသော အဖိုးအို၏ သောက်ရေခွက်ကို သူ့လက်နှင့် မတော်တဆတိုက်မိသွားသည်။
"ခွမ်း..."
မာကြောကြွပ်ဆပ်နေသော လိပ်ပြာတောင်ပံတွေ ကြမ်းပြင်ပေါ် အပိုင်းအစတွေအဖြစ်လွင့်စင်၍ ပြန့်ကျဲသွားသည်။
အဖိုးအိုကတော့ သစ်ကိုင်းဖျားတွင် နားနေသော လိပ်ပြာတစ်ကောင်ကို ဖမ်းယူဖို့အားထုတ်ရင်း ခြေချော်လက်ချော်ဖြစ်ကာ သစ်ပင်ပေါ်မှ ပြုတ်ကျခဲ့ရသည်။
ထို့နောက် မာကြောကြွပ်ဆပ်နေသော သူ့အရိုးများ သူ့ခန္ဓာကိုယ်အတွင်း အပိုင်းအစတွေအဖြစ်လွင့်စင်၍ ပြန့်ကျဲသွားခဲ့သည်။
လိပ်ပြာနှစ်တစ်ခုမှာ မွေးခဲ့သော အဖိုးအို လိပ်ပြာတစ်ကောင်ဖမ်းယူဖို့ကြိုးစားခဲ့ရင်း အခုတော့ ဆေးရုံတစ်ခုပေါ်မှာ သူ့ကိုယ်ပိုင်လိပ်ပြာတွေ လွင့်ထွက်မသွားအောင် အားယူ၍တိုက်ခိုက်နေခဲ့ရပြီ။
ဆရာဝန်ကတော့ အဖိုးအို၏ အဖြစ်အပျက်ဆိုးများကိုကြည့်ရင်း လိပ်ပြာလွင့်လုမတတ် ခံစားနေရသည်။
"အင်းလေ ဘာပဲဖြစ်ဖြစ် သူ့မိသားစုကတော့ သူ့အသက်ကိုမှီလောက်ပါတယ်လေ။ အဖိုးအိုကလည်း သူတို့အလာကို အားတင်းပြီးစောင့်မျှော်နေခဲ့တာပဲ"
ဆရာဝန်က မေးရိုးကြီးတွေတင်းခံရင်း တစ်စုံတစ်ခုကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့သော အဖိုးအိုကိုကြည့်၍ တီးတိုးရေရွတ်နေသည်။
သို့သော် ဆရာဝန်တွေးနေသလို အဖိုးအိုက သူ့မိသားစုကိုစောင့်မျှော်နေခြင်းတော့ မဟုတ်။ သူ့စောင့်ဆိုင်းနေသော အရာမှာ သူငယ်စဉ်ကတည်းကရှာဖွေနေခဲ့သော အမည်းရောင်
လိပ်ပြာတစ်ကောင်ပင်ဖြစ်သည်။
လိပ်ပြာမှလွဲ၍ မည်သည့်အရာကိုမှ စိတ်ဝင်စားချင်းမရှိခဲ့သောသူ ဘ၀ကို လိပ်ပြာတောင်ပံတွေအောက်၌ ပုန်းးခိုရင်းကုန်လွန်စေခဲ့သည်။ လိပ်ပြာအမျိုးပေါင်း ၁၇၅၀၀ ရှိသည့်အနက် အချောဆုံး၊ အလှဆုံးဆိုတဲ့ လိပ်ပြာတွေကို လိုက်လံဖမ်းယူရင်း ၀တ်မှုံတွေကြား၌သာ သူ့ဘ၀ကို မြုပ်နှံခဲ့သည်။
သို့သော် သူ အလိုချင်ဆုံးခဲ့လိပ်ပြာသည် တစ်ကိုယ်လုံး၌ မဟူရာရောင်များ အတိပြီးနေသော အမည်းရောင် လိပ်ပြာဘုရင်မတစ်ကောင်ပင်ဖြစ်သည်။ ထိုအမည်းရောင်လိပ်ပြာဘုရင်မကို တောတောင်တွေထဲအထိ သူလိုက်လံရှာဖွေခဲ့သော်လည်း ဒီနေ့ထိ သူရှာမတွေ့ခဲ့။
ထိုနေ့ကလည်း သူ့အိမ်အပြင်ဘက် သစ်ပင်ပေါ်၌ အမည်းရောင် လိပ်ပြာတစ်ကောင် လာနားနေတာကိုမြင်ခဲ့ရပြီး သူတသက်လုံး ရှာဖွေနေခဲ့သော လိပ်ပြာထင်၍ ရင်တွေခုန်ခဲ့ရကာ ထိုလိပ်ပြာကို ဖမ်းဆီးရန် သူ အပင်ပေါ်သို့ လှေကားထောင်၍ အငမ်းမရ လှမ်းတက်ခဲ့သည်။
သို့သော် အနီးကပ်သေချာစွာ ကြည့်လိုက်သောအခါ လိပ်ပြာ၏တောင်ပံထိပ်နား၌ အဖြူရောင်အစက်အပြောက် အနည်းငယ်ပါရှိနေသည်ကို စိတ်ပျက်စွာဖြင့် သူတွေ့လိုက်ရသည်။ ပို၍သေချာစေရန် ရှေ့သို့အနည်းငယ်ထပ်တိုးလိုက်စဉ် သူ ခြေချော်၍ သစ်ပင်ပေါ်မှ ဒလိမ့်ခေါက်ကွေးနှင့် ပြုတ်ကျခဲ့ရခြင်းဖြစ်သည်။
တကိုယ်လုံးရှိ အရိုးများကျိုးကြေကာ သူမေ့မြောသွားခဲ့ပြီး သူ့ခြံအလုပ်သမားက သူ့ကိုဆေးရုံသို့ အရေးပေါ်လိုက်ပို့ခဲ့ရသည်။ သို့သော် မပြီးပြတ်သေးသော ကိစ္စတစ်ခုအတွက် သူချက်ချင်းမသေနိုင်သေးပဲ အနည်းငယ်သတိရလာသည်နှင့်တပြိုင်နက် ထိုမတွေ့ရှိခဲ့ရသေးသော လိပ်ပြာကိုသာ တမ်းတနေခဲ့မိသည်။
ဆရာဝန်က ဒီအတိုင်းထိုင်စောင့်နေရတာကို လိပ်ပြာမလုံတော့ပဲ ကုတင်ခြေရင်းမှ အဖိုးအို၏လူနာမှတ်တမ်းကိုလှန်လော၍ ကြည့်ရှုနေလိုက်သည်။
အမည် - ဦးလွမ်းလိပ်ပြာ
အဖအမည်-ဦးပန်းချစ်
မွေးသက္ကရာဇ်-၂၀.၀၂.၁၉၄၂
အလုပ်အကိုင်-လိပ်ပြာဗေဒပါရဂူ
နေရပ်လိပ်စာ- အမှတ်(၁၉၆)၊ သတိပဋ္ဌာန်လိပ်ပြာလမ်းသွယ်၊ ငွေလိပ်ပြာဂေဟာ
.........................................
.........................................
.........................................
.........................................
.........................................
လူနာရှင်- ဒေါ်ဝတ်မှုံပွင့်
တော်စပ်ပုံ-သမီး
ဖုန်းနံပါတ်-၀၁၂၀၀၅၈၇
ဆက်သွယ်ရန်လိပ်စာ - ရွှေလိပ်ပြာစားသောက်ဆိုင်၊ အမှတ်(၁၂၇)၊ ပန်းခြံလမ်း
ပြီးတော့မှ ဆရာဝန်က တစ်စုံတစ်ခုကို သတိရသွားသလိုနှင့်
"အပြင်မှာ လေစိမ်းတွေ တိုက်နေတယ် အဘရဲ့။ ကျွန်တော် ပြတင်းပေါက်ကို ပိတ်လိုက်ပါရစေ"
အဘိုးအိုက နာကျင်ကိုက်ခဲနေသော သူ့ဦးခေါင်းကို လှုပ်သည်ဆိုရုံမျှလှုပ်ပြရင်း သူသဘောမတူကြောင်းကို အချက်ပြလိုက်သည်။
"လိပ်ပြာတွေက လေစိမ်းတွေရှိတဲ့ နေရာမှာပဲပျော်တာ။ တစ်ကမ္ဘာလုံးမှာ လေစိမ်းတွေတိုက်နေကြပါစေ"
ဆရာဝန်က ဘာကိုမှနားမလည်နိုင်တော့။ ဘာပဲဖြစ်ဖြစ် သူကတော့ သူ့မိသားစုတွေ ရောက်လာသည့် အချိန်အထိ အဖိုးအို၏အသက်ကို ရသလောက်ဆွဲဆန့်ထားချင်သည်။
ပြတင်းပေါက်တွေကတော့ လိပ်ပြာတွေတောင်ပံခတ်နေသလို တဖျတ်ဖျတ်နှင့် လေတိုက်လိုက်တိုင်း နံရံကိုလာ၍ ရိုက်ခတ်နေကြသည်။
တဖြည်းဖြည်းနှင် အဖိုးအို၏ အသက်ရှုသံတွေပြင်းလာသည်။ ဆရာဝန်ကနားကျပ်ကိုယူ၍ အဖိုးအို၏ရင်ဘတ်ကို စမ်းကြည့်လိုက်သည်။ အသံတွေက သူကြားဖူးနေကြ အသံတွေမဟုတ်။ ၀ီခေါ်နေသောအသံပေါင်းစုံက အဖိုးအို၏ရင်ဘတ်ထဲတွင် လိပ်ပြာအကောင်ပေါင်းများစွာ ပျံသန်းနေသည့် အသံမျိုး..။
ပန်းပေါင်းစုံ ဖူးပွင့်ဝေဆာနေသော လိပ်ပြာဥယာဉ်ကြီးတစ်ခုထဲ ရောက်ရှိသွားသလို သူခံစားလိုက်ရသည်။ အဘိုးအိုကတော့ သူ့လက်နှစ်ဖက်ကို လိပ်ပြာတွေတောင်ပံယှက်၍ အနားယူနေသည့် ပုံစံမျိုး ရင်ဘတ်ပေါ်ခွေတင်ကာ အပြင်သို့ငြိမ်သက်စွာ စိုက်ကြည့်နေဆဲ ဖြစ်သည်။
လိပ်ပြာကတော့ ရောက်မလာသေး...........။
"ဖိုးဖိုးကြီးဆီ မရောက်သေးဘူးလား မေကြီးရဲ့"
ရင်ဘတ်တွင် ရွှေရောင်လိပ်ပြာပုံ ရင်ထိုးလေးထိုးထားသော ကလေးငယ်က လိပ်ပြာရောင်စုံပုံလှလှလေးတွေပါသော စာအုပ်ကိုလှန်ကြည့်နေရင်း ကားမောင်းနေသော မိခင်ကိုလှမ်း၍မေးလိုက်သည်။
"ရောက်တော့မှာပါ သမီးရယ်။ ဟော...ဟိုရှေ့က ပန်းခြံကြီးကျော်ရင် သမီးရဲ့ ဖိုးဖိုးကြီးကို တင်ထားတဲ့ဆေးရုံကို ရောက်ပြီကွယ့်"
ရွှေလိပ်ပြာစားသောက်ဆိုင်ပိုင်ရှင် ဒေါ်ဝတ်မှုံပွင့်တစ်ယောက် စားသောက်ဆိုင်လုပ်ငန်းများနှင့် အလုပ်ပိနေ၍ သူမ၏အဖေနှင့် မတွေ့ခဲ့ရတာ အတော်ကြာခဲ့ပြီ။ အခုလည်း မအားတဲ့ကြားက သူ့အဖေ သစ်ပင်ပေါ်ကပြုတ်ကျပြီးဆေးရုံ ရောက်နေတယ်ကြားသောကြောင့်သာ လုပ်လက်စအလုပ်တွေကိုပြစ်၍ ဆေးရုံသို့ ကမန်းကတန်းထွက်လာရခြင်းဖြစ်သည်။ ဆေးရုံဝင်းအရှေ့ရောက်တော့ ကားကိုလိပ်ပြာကွေ့ကွေ့ကာ ဆေးရုံဝင်းထဲသို့ ကားခေါင်းကို တည်၍ရပ်လိုက်သည်။
အဖိုးအို၏ ဦးခေါင်းတွေကတော့ တည်လို့မရလောက်အောင်ပင် ညွှတ်ကျလုမတတ်ဖြစ်နေခဲ့ပြီ။ သို့သော်သူ့မျက်လုံးတွေကတော့ အပြင်ဘက်ပန်းခြံထဲတွင် ရုတ်တရက်ပေါ်လာမည့် လိပ်ပြာကို သဲကြီးမဲကြီးရှာဖွေနေဆဲဖြစ်သည်။ လိပ်ပြာကတော့ ရောက်ရှိမလာသေး။
တစ်ကိုယ်လုံးဖော်ပြလို့မရအောင် နာကျင်သည့်ဘ၀မှ သူထွက်ခွါသွားချင်လှပြီ။ နောက်ဆုံးဝေဒနာကို တင်းမခံနိုင်တော့တဲ့အဆုံး အဖိုးအို စိတ်တွေကို ဖြည်းဖြည်လျှော့ချလိုက်သည်။
သွေးခုန်နှုံးစက်မှ တတီတီမြည်လာတဲ့ အသံကိုကြားတော့မှ ဆရာဝန်လည်း တွေးတောနေရာမှ သတိပြန်ဝင်လာသည်။ အဖိုးအိုရဲ့ရင်ဘတ်ကို သူထိန့်လန့်တကြား နားကျပ်နှင့်စမ်းကြည့်လိုက်တော့ ယခင်ကတ၀ီဝီမြည်နေခဲ့သော အသံများ မရှိတော့။ လိပ်ပြာတွေ အိပ်မောကျနေကြပြီ။
သို့မဟုတ် အခြားတနေရာသို့ ၀တ်မှုံကူးရန် အုပ်စုလိုက်ထွက်ခွါသွားကြပြီ။
ဆရာဝန်က အဖြူရောင်အ၀တ်စကို အဖိုးအို၏ မျက်နှာပေါ်သို့လွှမ်းချုံပေးလိုက်သည်။ ထို့နောက် လူအသေအပျောက်စာရင်းသွင်းရန် ဆေးရုံ၏ အုပ်ချုပ်ရေးရုံခန်းသို့ ထွက်ခွါလာခဲ့သည်။ ငြိမ်သက်နေသော အခန်းထဲတွင်တော့ တိုင်ကပ်နာရီချိန်သီးရိုက်သံတစ်ခုသာ လေးလေးမှန်မှန်ဖြင့်ထွက်ပေါ်နေသည်။
သို့သော် အဖိုးအိုကတော့ မကြားနိုင်တော့။
နောက်ဆုံး၌ လိပ်ပြာကရောက်ရှိလာခဲ့သည်။ အတောင်ညောင်းနေသော အမည်းရောင်လိပ်ပြာတစ်ကောင် ငြိမ်သက်နေသော အခန်းအတွင်း ဟိုဟိုဒီဒီ ၀ဲပျံရင်း နားခိုစရာ တစ်နေရာကိုလိုက်လံ၍ ရှာဖွေနေခဲ့သည်။ ရှင်းသန့်သော အဖြူရောင် အ၀တ်စတစ်ခုကိုတွေ့တော့ ၀မ်းသာအားရနှင့် သူ့အတောင်တွေချက်ချင်းရုတ်ကာ သူ့တစ်ကိုယ်လုံးကို ထိုနေရာပေါ်သို့ပြစ်တင်လိုက်ပြီး သက်တောင့်သက်သာဖြင့် အနားယူနေလိုက်သည်။
လိပ်ပြာရပ်နေသောနေရာသည် မိနစ်အနည်းငယ်အကြာက တစ်စုံတစ်ခုကို မွတ်သိပ်စွာစောင့်ကြည့်နေခဲ့သော အဖိုးအို၏ မျက်လုံးတစ်စုံတည်ရှိရာ နေရာပင်ဖြစ်သည်။
ထိုလိပ်ပြာကား အဖိုးအို ဘ၀တစ်ခုလုံး စောင့်မျှော်ရှာဖွေနေခဲ့သော လိပ်ပြာဘုရင်မ (ခေါ်) ၀ိညာဉ်လိပ်ပြာပင်ဖြစ်တော့သည်။
<မင်းတစေ>
13 comments:
အော် သူစောင့်နေတဲ့ လိပ်ပြာက ဒါကိုး။ ဒါကြောင့်မတွေ့တာပေါ့နော်။ ထူးထူးဆန်းဆန်းပါလား။
ပို့စ်တိုင်းက အရမ်းဖတ်လို့ကောင်းတယ်။ နောက်လဲ လာဖတ်ပါဦးမယ်ရှင်။
လိပ်ပြာတောထဲက ၀တ္ထုတစ်ပုဒ်ကို
လိပ်ပြာလိုပဲ အတောင်တွေ ဖြန့်ကျက်ရင်း
ဖတ်သွားတယ်။ အတောင် တစ်ချက်ခတ်လို့ ပြန်အထွက်မှာ
အတွေးတစ်ပုံကြီး ကလိုက်ပါလာတယ် ကိုမင်းတစေ
လိပ်ပြာ တင်ဆက်ပုံလေး ကောင်းတယ် ဗျာ .. :D
ကြိုက်တယ်ရှင်။
မင်းလိပ်ပြာ...အဲလေ...မင်းတစေရေ လိပ်ပြာလာနုတ် ..အဲ...လိပ်ပြာကိုဖတ်သွားတယ်ဗျို့ ။
အမှန်က အဲဒီ့လိပ်ပြာက ရင်ဘတ်ထဲမှာ ရှိပြီးသားပါ.. :)
အရမ်းကောင်းတာပဲနော်
What a nice story teller! You should publish your own novel. :) Keep on rolling bro. I'll link you in my blog.
အတောင်ညောင်းနေသော အမည်းရောင်လိပ်ပြာတစ်ကောင်
တိုက်တိုက်ဆိုင်ဆိုင်ဘဲ boyfriend အဖိုးလည်းဒီမနက်က ဆုံးသွားတယ်... သူလည်းလိပ်ပြာဘုရင်မကိုစောင့်သွားသေးလားမသိဘူးနော်...
Post a Comment