Monday, November 19, 2007

တံခါးခေါက်သံ


ညက ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးတွေကို သတိရလွမ်းဆွတ်နေသလို အထီးကျန်စွာဖြင့် မှောင်မိုက်လို့နေသည်။

ကောင်းကင်ကတော့ ရင်ထဲမှာ တလှိမ့်လှိမ့်ကြွတက်လာတာတွေ မခံစားနိုင်တော့တဲ့အဆုံး ၀မ်းနည်းမှုဒီရေကို ထိန်းချုပ်မနေတော့ပဲ ရှုက်ကြီးတငင်နှင့် ငိုချပြစ်လိုက်သည်။

တိတ်ဆိတ်စွာ ကျင်းပခဲ့ရသော အာဇာနည်နေ့ အခမ်းအနားတစ်ခုမှ မောပန်းစွာပြန်လာခဲ့တဲ့ သူ အိပ်မလို့ပြင်ဆင်နေတုန်း မိုးကကြိုတင် အသိမပေးပဲ ဗြုန်းကနဲ ရွာချပြစ်လိုက်သည်။

အင်းလေ…ခင်ဗျားလည်း ၀မ်းနည်းရှာမှာပေါ့။ သူတို့တောင် တစ်မနက်လုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့ အခန်းငယ်လေး တစ်ခုထဲမှာ လျှို့လျှို့ဝှက်ဝှက် ၀မ်းနည်းခဲ့ကြသေးတာပဲ။ ဒါပေမယ့် ခင်ဗျားက ကံကောင်းပါတယ်သေးတယ်ဗျာ။ ကျွန်တော်တို့မြေပြင်အသိုင်းအ၀ိုင်းမှာတော့ ခင်ဗျားလို လွတ်လွတ်လပ်လပ် လူသိရှင်ကြားဝမ်းနည်းခွင့်တွေ ပျောက်ဆုံးခဲ့ရတာ နှစ်ပရိစ္ဆေဒ အတော် ကြာညောင်းခဲ့ပါပြီ။ တစ်ဝက်လွှင့် အလံနီနီတွေ လွှင့်ထူခွင့်ဆိုတာကလည်း မိဘတွေ ကလေးကို ချော့သိပ်တဲ့ အိပ်ယာဝင်ပုံပြင်တွေ အဖြစ် ပြောင်းလည်းကုန်ကြပါပြီ။

သူတို့တွေ မနက်က လျှို့လျှို့ဝှက်ဝှက်နဲ့ အလေးပြုပွဲလေး ကျင်းပခဲ့တာတောင် ခွေးတွေက အနံ့ခံကောင်းလွန်းတော့ ပွဲပျက်ပြီး သူတို့တတွေ လမ်းကြိုလမ်းကြားက ပြေးထွက်လာရတာကိုပဲကြည့်.......။

ဒေါက်...ဒေါက်...ဒေါက်

ဆူညံကျယ်လောင်နေတဲ့ မိုးစက်မိုးပေါက်သံကို ဖောက်ခွင်း၍ တံခါးခေါက်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ တွေးလက်စ သူ့အတွေးတွေ အလန့်တကြားနှင့် သူ့အပါးမှ ထွက်ခွါသွားကြသည်။ သူကတော့ သိပ်မသေချာလိုက်သလိုနှင့် တံခါးရွက်တွေဖက်သို့ အာရုံလွှဲကာ ထပ်မံ၍နားစွင့်လိုက်သည်။

ဒေါက်...ဒေါက်...ဒေါက်

သေချာသွားပြီ။ ဒါ တံခါးရွက်တွေကို မာကြောတဲ့အရာတစ်ခု ထိခိုက်မိခြင်းက ထွက်ပေါ်လာတဲ့ တံခါးရဲ့ နာကျင်သော ညည်းညူသံတွေဆိုတာ...။

သူက ဒီအခန်းထဲမှာ တစ်ယောက်တည်း နေလာခဲ့တာကြာပြီဆိုတော့ တံခါးရွက်ရဲ့အော်သံအမျိုးမျိုးကို သူ အသေးစိတ်မှတ်မိနေခဲ့သည်။ ဒါ သူ့မိတ်ဆွေတွေကို တုံ့ပြန်တဲ့ တံခါးရဲ့ရွှင်ပြတဲ့ရီသံမျိုးမဟုတ်။ ဒီတစ်ခေါက် တံခါးရဲ့အော်သံက အရင်လိုလတ်ဆတ်တဲ့ ဖော်ရွေမှုတွေရှိမနေပဲ တစ်စုံတစ်ခုကို ခြောက်ခြားစွာ ငြင်းဆန်နေသလိုဖြင့် ခြောက်ကပ်စွာ တုန်လှုပ်၍နေသည်။

သူကတော့ ထိုတံခါးခေါက်သံ၏ လက်သည်မည်သူဆိုသည်ကို ကြိုတင်၍ သိရှိနေခဲ့ပြီ။ ထိုခေါက်သံများ၏ နောက်ကွယ်တွင် ရပ်နေသောမိစ္ဆာတို့၏ ပုံပန်းသဏ္ဌန်မည်ကဲ့သို့ ရှိနေမည်ဆိုသည်ကိုလည်း သူကတော့တံခါးတွေဖွင့်မကြည့်ပဲနှင့် အလိုလိုသိရှိနေခဲ့ပြီ။ သူ့မိတ်ဆွေ အတော်များများ ထိုကဲ့သို့သော တံခါးခေါက်သံတို့၏နောက် အကြိမ်ကြိမ်ပျောက်ကွယ်သွားခဲ့ကြဖူးသည်။

ယ္ခု ထိုတံခါးခေါက်သံများ သူ၏အိမ်ဝသို့ ရောက်ရှိနေခဲ့ပြီ။


ဒေါက်...ဒေါက်...ဒေါက်

ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့ အချိန်ဆိုရင်တော့ ဒါ ဥရောပမှာမြည်တဲ့ ဟစ်တလာရဲ့ တံခါးခေါက်သံတွေပေါ့။ အီတလီမှာဆိုရင်တော့ မူဆိုလီနီရဲ့ တခါးခေါက်သံတွေပေါ့။ ယူကိုဆလားဗီးယားမှာဆိုရင်တော့ မီလိုဆီဗစ်ရဲ့တံခါးခေါက်သံတွေပေါ့။ တရုတ်ပြည်မှာဆိုရင်တော့ မော်စီတုန်းရဲ့တံခါးခေါက်သံတွေပေါ့။ သို့သော် ထိုသူတို့၏တံခါးခေါက်သံများထက် အဆပေါင်းများစွာ ခြောက်ခြားဖွယ်ကောင်းသော တံခါးခေါက်သံတစ်ခု ကတော့ သူ့၏တံခါးဝတွင် ရောက်ရှိ၍နေခဲ့ပြီ။

ထို တံခါးခေါက်သံတို့၏ နောက်ကွယ်တွင် စစ်ဖိနပ်များစီးထားသော ယမမင်း၏တမာန်တော်များ ရှိနေသည်။ ထိုသူတို့၏နောက်တွင်တော့ အော့ဇ်ဝက်က အဖေခေါ်ရသော လူမဆန်သည့် ငရဲခန်းများရှိနေသည်။ ထိုငရဲခန်းများထဲတွင်တော့ အပြစ်မရှိပဲ ပြစ်မှုပေါင်း မြောက်များစွာဖြင့် ငရဲကျနေသော အကျဉ်းသားများရှိနေသည်။ ထိုသူတို့၏ ခန္ဓာကိုယ်များပေါ်တွင် ပြန်လည်နလံမထူနိုင်တော့သော စစ်ဖိနပ်ရာဗလပွနှင့် မွဲခြောက်ခြောက်အရေပြားများ ရှိနေသည်။ စစ်ဖိနပ်ရာတွေထပ်နေသော အရေပြားတို့၏ အောက်တွင်တော့ အကြိမ်ကြိမ်သေဆုံးခဲ့ပြီးသော နှလုံးသားအသေများရှိသည်။ နှလုံးသားအသေတို့၏ နက်ရှိုင်းသောတနေရာမှာတော့ ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေဆိုသည့် နာကျည်းချက်များရှိနေသည်။ ထိုနာကျည်းချက်များက တစ်ခုနှင့်တစ်ခု ကွန်ယက်တစ်ခုလိုဆက်သွယ်နေကြပြီး ၎င်းတို့၏ ညည်းညူသံများက ငရဲခန်းတစ်ခုလုံးကို ဆူညံပွက်လောရိုက်စွာ ဖုံးလွမ်း၍နေကြသည်။ ထိုငရဲခန်းနှင့် တံခါးတစ်ချပ်သာခြားသော နေရာတွင်တော့ သူကငြိမ်သက်စွာဖြင့်တံခါးခေါက်သံကို ထပ်မံနားစွင့်၍နေသည်။

ဒုန်း...ဒုန်း...ဒုန်း

မိတ်ဆွေဟန်ဆောင်၍ ခေါက်နေခဲ့သော ဒေါက်...ဒေါက်...ဒေါက် မြည်သံများ မျက်နှာဖုံးတွေကျွတ်ကျလာပြီး သေနတ်ဒင်သံတွေအဖြစ် ပြောင်းလည်းထွက်ပေါ်ကာ စိတ်မရှည်တော့သည့်အလား တံခါးရွက်ကို စတင်၍ချိုးဖျက်လို့နေကြပြီ။

သူနောက်ဖေးပေါက်က ခုန်ချပြီးဆင်းပြေးရင်ရော...။

တောခြောက်ပြီး သားကောင်ကိုချောင်ပိတ်ဖမ်းတတ်သည့် မုဆိုးယုတ်တွေလက်မှ လွတ်မြောက်နိုင်မည်လား။ သိပ်တော့မသေချာ။

အကယ်၍ လွတ်သွားခဲ့ပြီဆိုပါတော့....။ ကျန်ရှိနေခဲ့သည့် သူ့အမေအိုနှင့် ညီမလေးကရော။ အမဲတစ်ကောင်မပါလျှင် အိမ်ပြန်ခွင့် မရှိသော မုဆိုးတို့၏ ဥပဒေအသစ်အရ ယုန် မမိလည်း ကြောင်ဖမ်း၍ပြန်သွားကြမည် ဖြစ်သောကြောင့် ထွက်ပြေးမည်ဆိုသည့် သူ့အစီအစဉ်တွေကို လက်လျှော့လိုက်ရသည်။

မဆိုင်တဲ့သူတွေပါ ၀ါးလုံးအဆိပ်သုတ်ရမ်းတဲ့ စနစ်ဆိုတော့ သူ့ လွတ်မြောက်သွားခဲ့မယ်ဆိုရင်တောင် အမေနှင့်ညီမလေးတို့ ဘ၀က ဘာတွေဘယ်လိုဆက်ဖြစ်မည်ဆိုတာ သူဆက်မတွေးရဲခဲ့.....။

ထို့ကြောင့် အေးဆေးစွာ အဖမ်းခံရုံမှလွဲ၍ တခြားနည်းလမ်းတွေ သူ့ဘက်ကရှိမနေတော့....။ မကြာခင် တစ်အိမ်လုံးဗြောင်းဆန်အောင် မွှေနှောက်ရှာဖွေကြတော့မည်ဆိုတာကိုလည်း သူ အတပ်သိနေတော့ စာရွက်စာတမ်းတွေ တတ်နိုင်သလောက် ရှာဖွေပြီး အားလုံးကိုဆုတ်ဖြဲပြစ်လိုက်သည်။ အထူးသဖြင့် သူ့မိတ်ဆွေတွေရဲ့ အမည်စာရင်းပါတဲ့ စာရွက်တွေကိုပေါ့.....။

ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း.

တံခါးက လျှာကိုလိပ်၍ သေလုမြောပါးအော်ဟစ်နေသော အသံတွေ ပိုမို၍ကျယ်လောင်လာခဲ့သည်။

နှစ်နှစ်ချိုက်ချိုက်နှင့် အိပ်မောကျနေသော အမေနှင့်ညီမလေးရှိရာ အိမ်အတွင်းပိုင်း အိပ်ခန်းထဲသို့ သူခြေဦးလှည့်လိုက်သည်။ ကြွေကွဲဆို့နင့်စွာဖြင့် အမေ့ကို နောက်ဆုံးကန်တော့လိုက်ပြီး ညီမလေး၏ အပြစ်ကင်းသော နဖူးပြင်ကို နောက်ဆုံးအကြိမ်အဖြစ် ငုံ့နမ်းလိုက်သည်။ သူ အမေ့ကို နိုးပြီး နုတ်ဆက်လိုက်ခြင်သော်လည်း နောက်ဆက်တွဲဝင်လာမည့် အနိဋ္ဌာရုံတွေကိုတော့ အမေ့အားမမြင်တွေ့စေလို။ မိသားစုကို နောက်ဆုံးခွဲခွါရတော့မယ်ဆိုတဲ့ အသိက သူ့ပါးပြင်ပေါ်သို့ မျက်ရည်ပူများကို အဆက်မပြတ်ကျဆင်းလာစေသည်။

သို့သော့် သူ စိတ်ကိုတတ်နိုင်သမျှတင်းလိုက်ပြီး အမေနှင့်ညီမလေး၏ မျက်နှာကို နောက်ဆုံးအကြိမ်ကြည့်လိုက်၍ သူ့ခြေလှမ်းတွေကို တံခါးဝဘက်သို့ ခြေဦးလှည့်လိုက်သည်။

တံခါးပေါက်တစ်ခုလုံးကြွေမွှအောင် ထုနှက်နေကြသော်လည်း တံခါးကတော့ ပွင့်မလာသေး။ သူခြေလှမ်းတွေကို တစ်လှမ်းခြင်းဖြေးဖြေးစီလှမ်းကာ သူ၏နောက်ဆုံး လွတ်လပ်ချိန်ကလေးကို တတ်နိုင်သလောက် ဆွဲဆန့်နေမိသည်။ သူ့အိမ်ကြမ်းပြင်တွေကလည်း သူ့ကိုလှမ်းဆွဲထားသည့်အလား သူ့ခြေဖ၀ါးတွေကို နှောင့်နှေးစွာဖြင့် စေးကပ်နေစေသည်။ သူ တသက်လုံးနေခဲ့ရသော အိမ်အိုလေးကတော့ သူ့အဖြစ်ကိုကြိုသိနေသည့်အလား သဲမဲစွာရွာနေသော မိုးနှင့်အပြိုင်ငိုရှိုက်၍ နေလေပြီ။ အမိုးမှယိုဆင်းလာသော အိမ်ကလေး၏မျက်ရည်တွေက ကျမ်းပြင်တစ်ခုလုံးရွှဲရွှဲစိုလို့နေသည်။ ဆို့နင့်စွာဖြင့် အရာအားလုံးကို သူ မျက်နှာလွှဲလိုက်ပြီး နာကျင်စွာအော်ဟစ်နေသော တံခါးဖက်ဆီသို့သာ သူ့ခြေလှမ်းများကို ဆက်လှမ်းလိုက်သည်။

ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း.. ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း..

သူ့ခြေလှမ်းတွေတံခါးနှင့် နီးကပ်လာလေလေ သေမင်းတမာန် တံခါးထုရိုက်သံတွေက ပို၍ကျယ်လောင်လာလေလေ ဖြစ်နေသည်။ ထို့အပြင် မိုးသံကိုထွင်းဖောက်၍ ဆောင့်ဝင်လာသော ကျိန်စာတိုက်ဆဲဆိုသံတွေကလည်း တံခါး၏အော်သံနှင့်ရောနှော၍ သူ့အမည်ကို လှမ်းခေါ်၍နေကြပြီဖြစ်သည်။ ထိုအသံများကား အခြားမဟုတ်၊၊ လူတစ်ယောက်ကို ငရဲသားတစ်ယောက်အဖြစ်သို့ မကြာခင်အသွင်ကူးပြောင်းပေးတော့မည့် မိစ္ဆာတို့၏ ဘိသိက်သွင်းသံများသာဖြစ်ကြသည်။

နောက်ဆုံးခြေ တစ်လှမ်းကို အားယူ၍ သူလှမ်းလို့ အပြီးမှာတော့ သူတံခါးဖွင့်နေပြီဆိုတာ အပြင်ကလူတွေ သိအောင် ခပ်ကျယ်ကျယ်လေး အသံလှမ်းပြုလိုက်သည်။ ဆူညံပွက်လောရိုက်နေသော အသံများ ချက်ခြင်းငြိမ်သက်သွားကြပြီး မိုးရွာသည့် အသံကပတ်ဝန်းကျင်ကိုပြန်လည် ဖုံးလွှမ်းသွားခဲ့သည်။

သို့သော် ယဇ်ကောင်၏ ဂုတ်သွေးကိုမစုပ်ယူမှီ အရှိန်ယူ အသက်အောင့်လိုက်သော နတ်မိစ္ဆာတို့၏ ခေတ္တခဏငြိမ်သက်ခြင်းမျိုးသာဖြစ်၍ .......... တံခါးပေါက်ကို ဆွဲဖွင့်လိုက်သောအခါ သူမျက်နှာသို့ အဟုန်ဖြင့်ဝင်ရောက်လာသော သေနတ်ဒင်တစ်ခု၏ အရိပ်ကိုသာ နောက်ဆုံး အနေဖြင့် တွေ့လိုက်ရတော့သည်။

<မင်းတစေ>

5 comments:

Kaung Kin Ko said...

ကြိုက်တယ်ဗျို့ ။ရေးအားကောင်းလှချည်လားဗျ။ အတွေးလေး တခုကို စာအပိုဒ်တိုင်းက ဝိုင်းပြီးပံ့ပိုးထားတာ အရမ်းလှတယ်။ "အမဲတစ်ကောင်မပါလျှင် အိမ်ပြန်ခွင့် မရှိသော မုဆိုးတို့၏ ဥပဒေအသစ်" ဆိုတဲ့ စကားစုကို အရမ်းကြိုက်တယ်။

Unknown said...

great idea :)

Angel said...

ဒေါက်...ဒေါက်...ဒေါက်
ဒုန်း...ဒုန်း...ဒုန်း
ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း.. ဒုန်း...ဒုန်း...ဒုန်း...ဒုန်း...ဒုန်း

မြရွက်ဝေ said...

"တစ်ဝက်လွှင့် အလံနီနီတွေ လွှင့်ထူခွင့်ဆိုတာကလည်း မိဘတွေ ကလေးကို ချော့သိပ်တဲ့ အိပ်ယာဝင်ပုံပြင်တွေ အဖြစ် ပြောင်းလည်းကုန်ကြပါပြီ"
အဲလိုဖြစ်တာ ကြာနေခဲ့ပြီ။ :(

ဆောင်းယွန်းလ said...

တံခါးပေါက်တစ်ခုလုံးကြွေမွှအောင် ထုနှက်နေကြသော်လည်း တံခါးကတော့ ပွင့်မလာသေး။ သူခြေလှမ်းတွေကို တစ်လှမ်းခြင်းဖြေးဖြေးစီလှမ်းကာ သူ၏နောက်ဆုံး လွတ်လပ်ချိန်ကလေးကို တတ်နိုင်သလောက် ဆွဲဆန့်နေမိသည်။ သူ့အိမ်ကြမ်းပြင်တွေကလည်း သူ့ကိုလှမ်းဆွဲထားသည့်အလား သူ့ခြေဖ၀ါးတွေကို နှောင့်နှေးစွာဖြင့် စေးကပ်နေစေသည်။ သူ တသက်လုံးနေခဲ့ရသော အိမ်အိုလေးကတော့ သူ့အဖြစ်ကိုကြိုသိနေသည့်အလား သဲမဲစွာရွာနေသော မိုးနှင့်အပြိုင်ငိုရှိုက်၍ နေလေပြီ။I feel so sad and can't feel anymore for those of who are living under fear.