Sunday, November 18, 2007

ကဗျာဆရာကျဆုံးခန်း


သူကဗျာဆရာ တစ်ယောက်အနေနှင့် စာပေလောကတွင် နာမည်ကြီးနေခဲ့သည်မှာ အတော်ကြာခဲ့ပြီ။

သူ့ကဗျာတွေလောက် လတ်ဆတ်ပြီး လူတွေကို ခွန်အားဖြစ်စေတဲ့ ကဗျာမျိုး
ဒီကမ္ဘာမှာ မပေါ်သေးဘူးလို့  စာစောင်တွေ၊ မဂ္ဂဇင်းတွေက ချီးမွမ်းကြသည်။

လတ်ဆတ်ပြီး ခွန်အားဖြစ်မှာပေါ့။ သူကဗျာတွေက နွားနို့ တွေကိုး။ သူမှာ မနက်တိုင်း ကဗျာတစ်ပုဒ်စာ စကားလုံးတွေ ညုစ်ချပေးနေတဲ့ နွားမတစ်ကောင်မွေးထားတယ်လေ (အဂ္ဂါအယ်လင်ပိုး ကတော့ ကုလားအုပ် အမတစ်ကောင်မွေးခဲ့သည်ဟု သူကြားခဲ့ဘူးသည်)။

ဒါပေမယ့် ဒီနေ့မနက်တော့ သူနွားမက ဘာဖြစ်နေလည်းမသိဘူး။ ခါတိုင်းဒီအချိန်ဆို ကဗျာတစ်ပုဒ်လောက်တော့ ညှစ်ချပေးခဲ့ပြီးပြီ။ ဒီနေ့တော့ သူအောက်က စာရွက်အလွတ်တစ်ရွက်ခံပြီး နေမြင့်တဲ့အထိ
ညှစ်ချနေခဲ့တာ သူလက်တွေသာနာသွားသည်။ စကားလုံးတွေကတော့ တစ်လုံးမှ ထွက်ကျမလာခဲ့ကြ။ စကားလုံး တွေဘယ်ရောက်ကုန်သနည်း။ ရာသီဥတု ပူပြင်းလွန်းသောကြောင့် ရေအိုင်တစ်အိုင်လိုပဲ နွားမရဲ့နို့တွေ လေထဲသို့ အခိုးပြန်
ကုန်သလား။

နွားမ၏ရင်ထဲကို ၀င်ကြည့်လိုက်တော့ ခြောက်သွေ့သော မြက်ခင်းတစ်ခုကိုသာမြင်ရသည်။ စကားလုံးတွေက အပူကိုကြိုက်ပုံမရ။ ထိုကြောင့် စကားလုံးတွေ ရေကြည်ရာမြက်နုရာ အရပ်သို့ ပြောင်းရွှေ့ သွားကြပြီလား။ အရင်ကတော့ စကားလုံးများသည် အလေ့ကျပေါက် မြက်ရိုင်းပင်တွေလို ထူထပ်သိပ်သည်းစွာရှိခဲ့ကြသည်။
အခုမရှိကြတော့။

လှပနက်နဲတဲ့ ကဗျာတွေထွက်ကျအောင်ဆိုပြီး သူနွားစာကျွေးတိုင်း မြက်တွေထဲမှာ စကားလုံးတွေကို ညှပ်ညှပ်ပြီး ဟမ်ဘာဂါလို ကျွေးခဲ့သည်။ ဒဿနမြက် ဟမ်ဘာဂါနှင့် အချစ်မြက်
ဟမ်ဘာဂါတွေကိုတော့ သူနွားမက အကြိုက်ဆုံးဖြစ်သည်။ ထိုကြောင့်လည်း လှပတဲ့ ကဗျာနို့ ရည်တွေ ညှစ်ချလို့ ရခဲ့တာပေါ့။

အဲဒါနဲ့ သူ နွားတင်းကုပ်ထဲဝင်ပြီး နွားမလေးစားတဲ့ အစာတွေကိုစစ်ကြည့်လိုက်တော့ ရိုးရိုးမြက်တွေမှလွဲ၍ ဘာမှမရှိတော့။ လက်စသတ်တော့ နွားမလေးစားနေကြ စကားလုံးတွေ ကုန်သွားတာကိုး။

ပြသနာမရှိပါ။ နွားမလေးအတွက် ရိက္ခာပြတ်ရင် အဆင်သင့် ထုတ်ကျွေးလို့ ရအောင်ဆိုပြီး
စကားလုံးရောင်စုံတွေပါသော စာအုပ်တွေကို သေတ္တာကြီးတစ်ခုနှင့် သူအမျှော်အမြင်ကြီးစွာ သိုလှောင်ထားခဲ့သည်။ သေတ္တာကို ဆွဲဖွင့်လိုက်တော့ စာအုပ်တွေက
သူစထည့်ထားစဉ်ကလို လတ်ဆတ်မနေတော့။ စကားလုံးတော်တော်များများကို ခြတွေစားနေကြပြီး သေတ္တာတစ်ခုလုံး ကြွက်တွေက အသိုက်ဖွဲ့ ၍နေ နေကြသည်။ ခြတွေကို
သူတက်နိုင်သလောက်ခါချလိုက်ပြီး ကြွက်တွေကိုလည်း မောင်းထုတ်ပစ်လိုက်သည်။ ပြီးတော့ အောက်စော်နံနေသော စကားလုံးတွေကို မြက်တွေနှင့် သမအောင်နယ်ပြီး အနံ့ပျောက်ဆေးအနည်းငယ်ဖြူးကာ နွားစာခွက်ထဲ ပြစ်ထည့် လိုက်သည်။ သူ့နွားမက အနံ့ခံရုံသာခံကြည့်ပြီး မစားပဲထွက်သွားခဲ့သည်။

ပြဿနာမရှိပါ။ ကျွန်တော်မြက်ခြင်း အလွတ်တခုကောက်ဆွဲ၍ စကားလုံးတွေဝယ်ရန် စာအုပ်အဟောင်းတန်းဘက်သို့ ခြေဦးလှည့်လိုက်သည်။ (၃၅) လမ်းထဲ၌ စာအုပ်အဟောင်းများ ပြန်ရောင်းသော ဆိုင်များရှိသည်။ အချို့ ကစကားလုံးတွေကို ကီလိုနှင့်ချိန်ရောင်းသည်။ အချို့ ကတော့ ဘေထုပ်တွေလို အိတ်ထဲမှာ အသေထည့်ပိတ်၍ ကြိုက်တာယူ ဘယ်လောက်ဟုရောင်းသည်။ ကံကောင်းလျှင်တော့ စကားလုံးလှလှတွေကို ဈေးပေါပေါနှင့် အများကြီးရတတ်သည်။ သို့သော် မသေချာ။ အချိုကတော့ ပိတ်စတွေလို တစ်ကိုက်ဘယ်လောက်ဆိုပြီး ကိုက်ထိုး၍ရောင်းကြသည်။ ဒါပေမယ့် သူ (၃၅)လမ်းထဲရောက်တော့ စာအုပ်အဟောင်းဆိုင် တစ်ဆိုင်မှမတွေ့ ။

သူအပြင်ကို မထွက်ဖြစ်ခဲ့တာအတော်ကြာခဲ့ပြီ။ ထို့ကြောင့်လည်း အရင်လို ထင်ပြီး
လမ်းတစ်ခုလုံးကို ဒေါင်းတောက်အောင် မွှေနှောက်ခဲ့ပေမယ့် စာအုပ်နှင့်တူတာဆို၍ ပေစာဖြတ်ပိုင်း အဟောင်းတစ်ခုတလေပင် လမ်းပေါ်၌ ရှိမနေခဲ့။ စုံစမ်းကြည့်တော့ စကားလုံးအဟောင်းရောင်းတဲ့ဆိုင်တွေက ဥပဒေနဲ့ မညီလို့ဆိုပြီး အစိုးရက ပိတ်လိုက်ပြီတဲ့။

အဲဒါနဲ့ လူတစ်ယောက်ကို ဘာဖြစ်လို့ တရားဥပဒေနဲ့ မညီရတာလဲလို့ မေးကြည့်လိုက်တော့ ထိုသူက အသံကိုနှိမ့်ပြီး "ခင်ဗျားမသိသေးဘူးလား။ အဲဒီစကားလုံးတွေက စားမိတဲ့သူကို အဆိပ်ဖြစ်စေသတဲ့။ ပြီးတော့ အဲဒီစကားလုံးတွေထဲမှာ လူတွေကို သူပုန်စိတ်ဝင်စေတဲ့ virus တွေလဲပါနေတာကို သူတို့ကတွေ့ရသတဲ့။ စကားလုံးတော်တော်များများ စားမိတဲ့သူက အစိုးရကို အကောင်းမမြင်တော့ပဲ သူပုန်စိတ်တွေဝင်ဝင်လာကြတော့ သူတို့လည်းကြောက်လန့်ပြီး အဲဒီစကားလုံးအရောင်းဆိုင်တွေကို အတင်းအဓမ္မပိတ်ပြစ်လိုက်ကြတာ။ ခင်ဗျားမှာ ပိုက်ဆံရှိရင်တော့ ရွှေကိုလိုသလောက် ဒီမှာဝယ်လို့ရတယ်။ ဒါပေမယ့် စကားလုံးတွေ ဒီမှာမရှိခဲ့တာတော့ တော်တော်ကြာခဲ့ပြီ။ "

ကျွန်တော်က " လူစားဖို့ မဟုတ်ပါဘူး။ နွားကျွေးမလို့ပါ။ ဘယ်လိုစကားလုံးပဲဖြစ်ဖြစ် နွားစားလို့ရရင်ပြီးတာပါပဲ။"

ထိုလူက " အဲဒါဆိုရင်တော့ လူတွေစားဖို့ဆိုပြီး အစိုးရက စီစစ်ပြီးထုတ်ထားတဲ့ စကားလုံးတွေတော့ရှိတယ်။ လူတွေကတော့ စားပြီးရင်အန်အန်ထွက်တတ်လို့ ဘယ်သူ့မ၀ယ်မစားကြဘူး။ ဒါပေမယ့် နွားဆိုရင်တော့ မပြောတတ်ဘူး။ ကျွေးခြင်ကျွေးကြည့်လေ။ ဟိုဘက်ကိုနည်းနည်းဆက်လျှောက်သွားလိုက်။ အဲဒီနားကဆိုင်တစ်ဆိုင်မှာ ခင်ဗျား စကားလုံးတွေလိုသလောက်ရတယ်။"

ဒီလိုနဲ့ သူရှေ့ဆက်လျှောက်လာတော့ "မိုးလုံးပြည့် မုသာဝါဒများ" လို့ဆိုင်းဘုတ်ချိတ်ထားတဲ့ ဆိုင်တစ်ဆိုင်ကိုတွေ့တာနဲ့ ဒီဆိုင်ပဲ ဖြစ်မယ်ဆိုပြီး ၀င်သွားလိုက်တယ်။
စကားလုံးတွေကတော့ အရွယ်စုံ၊ဆိုက်စုံပါပဲ။ စကားလုံးတော်တော်များများက အ၀ယ်မလိုက်တော့ မှိုတက်ပြီး ညှီနံ့တွေတောင်ထွက်နေကြတယ်။

ဒါပေမယ့် သူ သိပ်အချိန်ဆွဲစဉ်းစားမနေတော့ပဲ နေ့စဉ်ထုတ်သတင်းစာအချို့ရယ်၊ ဈေးပေါတဲ့ဂျာနယ်တစ်ချို့ရယ်၊ ဒေါက်တာမတင်ဝင်းရဲ့စာအုပ်တစ်ချို့ရယ် ၀ယ်လိုက်ပြီးတော့ မြက်ခြင်းထဲကိုဖိသိပ်ထည့်လိုက်တယ်။ မတတ်နိုင်ဘူးလေ။ စကားလုံးတွေက တစ်ခြားမှာမှ ၀ယ်လို့မရတာ။

အဲဒီလိုနဲ့ အိမ်ကိုပြန်ရောက်တော့ ၀ယ်လာတဲ့ စကားလုံးတွေကို ညှီနံ့နဲနဲသက်သာအောင် ရေနဲ့ နှစ်ခါ၊သုံးခါအရင် ဆေးချလိုက်ပြီး အနံ့ပျောက်ဆေးလည်း နဲနဲဖြူးလိုက်တယ်။ ပြီးတော့ မြက်တွေနဲ့ သမအောင်နယ်ပြီး နွားစာခွက်ထဲ ပြစ်ထည့်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် အဓိကက သူ့နွားမလေး စကားလုံးတွေနဲ့ ဗိုက်ဝပြီး နို့ထွက်မှန်နေဖို့ပဲ မဟုတ်လား။ နွားမလေးကို အစာကျွေးပြီး သူမောမောနဲ့ အိပ်ချပြစ်လိုက်တယ်။

နောက်တစ်နေ့ မနက် နိုးနိုးခြင်းပဲ သူ တင်းကုပ်ထဲ ဆင်းကြည့်လိုက်တယ်။ ပြောင်သလင်းခါနေတဲ့ နွားစားခွက်ရယ်၊ ဗိုက်ကားပြီး အိပ်မောကျနေတဲ့ နွားမလေးရယ် တွေ့လိုက်ရတော့ သူအရမ်းဝမ်းသာသွားတယ်။

"နွားမလေးရေ၊ ထတော့... ငါတို့ ကဗျာညှစ်ချိန်ရောက်ပြီ" ဆိုတော့ နွားမလေးက ဖုတ်ဖက်ခါပြီး အလူးအလဲနဲ့ ထလာတယ်။

ထုံးစံအတိုင်းပဲ သူစာရွက်အလွတ်တစ်ရွက်ခံပြီး နို့တံတွေ ဆွဲညှစ်ချလိုက်တယ်။ ဒါပေမယ့် သူထင်သလို လှပတဲ့ ကဗျာစာလုံးတွေတော့ ထွက်ကျမလာခဲ့။ အဲဒီ စကားလုံးတွေအစား သေတမ်းစာ တစ်စောင်စာ မဲမှောင်တဲ့စကားလုံးတွေကို သူတွေ့လိုက်ရတော့ သူလည်း အလန့်တကြားနဲ့ နို့ညှစ်တာကိုချက်ချင်း ရပ်ပြစ်လိုက်ရတယ်။ ပြီးတော့ နွားမလေးရဲ့မျက်နှာကို ဘယ်လိုဖြစ်တာလည်းဆိုတဲ့ သဘောနဲ့ လှမ်းကြည့်လိုက်တော့ နွားမလေးက သူ့ကို
ဘာမှပြန်မပြောပဲ မကောင်းဆိုးရွားတစ်ကောင်လို မျက်ထောင့်ကြီးတွေနီပြီး တွေတွေကြီး ပြန်လည်စိုက်ကြည့်နေခဲ့တယ်။

အဲ့ဒီနေ့ကစပြီး သူ့နွားမလေး မှုမမှန်ခဲ့တာ နောက်ဆုံးနွားရူးပြန်ရောဂါနဲ့ ကွယ်လွန်သွားတဲ့ အချိန်ထိပေါ့။ သူလည်း နွားပွဲစားတန်းကို ပြန်သွားပြီး အဲဒီလို ကဗျာတွေညှစ်လို့ရမယ့် နောက်နွားမတစ်ကောင် ထပ်ရှာခဲ့ပေမယ့် ဘယ်လိုမှပြန်ရှာမရတော့ဘူး။

အဲဒါနဲ့ သူလည်း အဲဒီနေ့ကစပြီး ကဗျာတွေ ထပ်မရေးဖြစ်တော့တာ သူ့နာမည်တောင် ကဗျာလောကထဲက စုံးစုံးမြုပ်ပျောက်ကွယ်သွားတဲ့ အထိပါပဲ.......................။

(သတင်းစာကြော်ငြာ။ ကဗျာထွက်သော နို့စားနွားမ တစ်ကောင်အမြန် အလိုရှိသည်။ ဈေးကောင်းရမည်။ ဆက်သွယ်ရန်လိပ်စာ.......................................)

<မင်းတစေ>

8 comments:

စိုးထက် - Soe Htet ! said...

ကောင်းတယ်ဗျာ ကျွန်တော်လည်း တစ်ကောင်လောက် လို ချင် လို့ :D

မွန် said...

ဒဿနမြက်ဘာဂါနဲ့ အချစ်မြက်ဘာဂါ မက်ဒေါ်နယ်မှာ တင်ဦးမဗပဲ

BLACK DREAM said...

really a great idea bro..shake!!

ကောင်းကင်ကို said...

မော်ဒန် နို့ ချို လာစို့ သွားတယ်ဗျို့ ။
ကျွန်တော့် နို့ စားနွားမကြီးကတော့ ခုတလော နို့ မထွက်ဘူးဗျို့ ။ နို့ မညှစ်တာလဲ ကြာပြီ။ :-D မနေ့ ကတော့ နို့ ညှစ်တာ တဝက်ပဲ ရတယ်။ ဒီနေ့ ည ထပ်ညှစ်ကြည့်ဦးမယ်။

စိုးထက် - Soe Htet ! said...

:D

မြရွက်ဝေ said...

အရမ်းဖတ်လို့ကောင်းတယ်။ ကျွန်မ မော်ဒန်အရေးအသားနဲ့ရေးထားတဲ့ဘလော့ထဲမှာ ကို မင်းတစေရဲ့ စာတွေကို ကြိုက်တယ်။

LIN LET KYAL SIN said...

သိပ်ကောင်းတဲ့ ဖန်တီးမှုတစခုပဲ ။ အမြဲအားပေးနေပါ့မယ်ရှင် :)

Nyein Chan Aung said...

မင်းတစေ...
လှပတဲ့ စိတ်ကူး တခုပါ..။ ပျော်ရွှင်ပါစေ..။