Friday, November 16, 2007

အကြွေး


ကျွန်တော် ညက အိပ်မက်တစ်ခု မက်တယ်။ အိပ်ပျော်နေတုန်း အိပ်မက်မက်တာ အထူးအဆန်းတော့ မဟုတ်ပေမယ့် ညကကျွန်တော့်အိပ်မက်ကတော့ နဲနဲဆန်းနေတယ်။

အိပ်မက်ထဲမှာ ကျွန်တော်လမ်းလျှောက်နေတုန်း ဗြုန်းကနဲဆို မိုးရွာချတယ်။ ဒါပေမယ့် ထူးဆန်းတာက ဖြစ်ရိုးဖြစ်စဉ် မိုးစက်မိုးပေါက်တွေ မဟုတ်ပဲ တစ်ခြားအရာတစ်ခုဖြစ်နေလို့ပါ။ ကျွန်တော့်တစ်ကိုယ်လုံးရွှဲရွှဲစိုတော့မှ အလန့်တကြားနဲ့ သေခြာကြည့်လိုက်တော့ မိုးပေါ်ကကျလာတာတွေက အကြွေးစာရင်းတွေဖြစ်နေတယ်။ ပိုပြီးတုန်လှုပ်သွားတာက အဲဒါတွေအားလုံးက ကျွန်တော်ပေးစရာရှိတဲ့ အကြွေးတွေချည်းပဲ။

ကျောင်းလခအကြွေး၊ အိမ်လခအကြွေး၊ ဖုန်းဝန်ဆောင်မှုအကြွေး၊ ထမင်းဆိုင်ကအကြွေး၊ လ္ဘက်ရည်ဆိုင်အကြွေးတွေ အပါအ၀င် ကျွန်တော်မေ့နေတဲ့ တိုလီမုန့်စအကြွေးတွေ မိုးတွေအဖြစ်နဲ့ ဆက်တိုက်ရွာချနေလိုက်တာ ကျွန်တော်အိပ်နေရာက လန့်နိုးပြီး အိပ်ယာပေါ်မှာ ငုတ်တုတ်ထထိုင်မိတဲ့ အထိပေါ့။

အကြွေးတွေယူထားပြီး မွေးရာပါ မှတ်ဥာဏ်မကောင်းလို့ မေ့နေတဲ့ကျွန်တော့်ကို မှတ်ဥာဏ်ပိုကောင်းတဲ့ ကြွေးရှင်တွေက တယ်လီပသီနဲ့ လာပြီးသတိပေးနေတာများလားလို့ စဉ်းစားရင်း ကျွန်တော်ပြန်အိပ်ဖို့ ကြိုးစားခဲ့ပေမယ့် လုံးဝပြန်အိပ်လို့ မရတော့ပဲ အကြွေးဆိုတဲ့ကောင် အကြောင်း ထိုင်စဉ်းစားနေလိုက်တာ မိုးလင်းတဲ့ အထိပဲဆိုပါတော့။

ချားလ်စ်ဒါဝင်ရဲ့ မဟာဆင့်ကဲဖြစ်စဉ်သီအိုရီအကြောင်း၊ မဟတ္တမဂန္ဒီရဲ့ အဟိံသလမ်းစဉ်အကြောင်း၊ ကုလသမ္မဂအဖွဲ့ကြီးရဲ့ မြန်မာပြည်ကိုချမှတ်တဲ့ နောက်ဆုံး ဆက်ရှင်တွေအကြောင်း၊ အဝေးမှာကျန်ခဲ့တဲ့ ချစ်သူရဲ့အကြောင်းတွေစဉ်းစားရင်း အိပ်ရေးပျက်ရတာမဟုတ်ပဲ ဘာမဟုတ်တဲ့ အကြွေးဆိုတဲ့ကောင်ကြောင့် အိပ်ရေးပျက်ရတာ သိပ်တော့မဟုတ်လှပေမယ့် သေခြာတွေးကြည့်လိုက်တော့ အကြွေးဆိုတဲ့ ကောင်ကလည်း တော်တန်ရုံပုဂ္ဂိုလ်တစ်ယောက်တော့ မဟုတ်ဘူးဗျ။

တကယ်က အကြွေးဆိုတာ လူကြားသူကြားထဲမှာ နုတ်ဆက်လို့မရဲလောက်အောင် သူနဲ့ခင်မင်တဲ့သူတိုင်းကို အရှက်ခွဲတတ်တဲ့ကောင် ဆိုပေမယ့် တကယ်တန်းအရေးကြုံလာရင် သူကပဲ အကြိမ်ကြိမ်အကူအညီပေးခဲ့တာဆိုတော့ ကျွန်တော်တို့ သူ့ကို မိတ်ဆွေရင်းခြာတစ်ယောက်လို ဖော်ဖော်ရွေရွေနဲ့ဆက်ဆံသင့်တယ်လို့ ကျွန်တော်ကတော့ထင်တယ်။

ဒီကောင်က မျိုးရိုးညံတဲ့ အထဲကလာတာဆိုပေမယ့် ဘုရားသခင်လိုလူတောင် ဒီကောင်နဲ့ မကင်းနိုင်ပါဘူး။ ကမ္ဘာကြီးကို ရေနဲ့တစ်ခါဆေးချခဲ့တဲ့ သူ မီးနဲ့ထပ်ဆေးဖို့ အကြွေးတွေကျန်နေတာကိုပဲ ကြည့်လေ။

ကမ္ဘာ့သမိုင်းမှာ လူတွေရဲ့ယဉ်ကျေးမှုကို တစ်ခေတ်ဆန်းစေခဲ့တဲ့ မီးဆိုတဲ့အရာကို စမတွေ့ခင်ကတည်းက အကြွေးဆိုတာ ရှိနေခဲ့တာပေါ့။ သမိုင်းဆရာတွေ မျက်စိလျှမ်းသွားတဲ့အချက်က ဘယ်ကမ္ဘာဦးလူသားတွေမှ သူတို့ရဲ့ကြွေးစာရင်းတွေကို ဂူနံရံတွေမှာလျှောက်မရေးခဲ့ကြဘူးလေ။ အဲဒါက လူသားရဲ့အရှက်တရားကို လျှို့ဝှက်ထားခြင်တဲ့ စိတ်တစ်ခုက ပေါက်ဖွားလာခဲ့တာဆိုတော့ ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆိုရင် ကြွေးစတင်ယူတတ်ခဲ့ခြင်းဟာ မီးကိုစတွေ့ခြင်းထက်အရေးပါတဲ့ လူ့ယဉ်ကျေးမှုရဲ့ ဗိသုကာတစ်ခုပေါ့။ ဒိုင်နိုဆောတွေ၊ ထူးထူးဆန်းဆန်း သတ္တ၀ါကြီးတွေသာ မျိုးတုန်းပျောက်ကွယ်သွားခဲ့တယ်။ အကြွေးယူတဲ့ ဓလေ့ကတော့ ဒီဘက်ခေတ်အထိ ဆက်လက်ရှင်သန်ခဲ့တယ်။

နောက်ပိုင်းခေတ်တွေဆိုရင်လည်း စစ်အာဏာရှင်စနစ်၊ အဂတိလိုက်စားမှုတွေနဲ့ ဇတ်တူသားပြန်စားတဲ့ ဟသာင်္လိုကောင်တွေသာ ကမ္ဘာပေါ်ကပျောက်ကွယ်ချင် ပျောက်ကွယ်သွားမယ်။ အကြွေးဆိုတဲ့ ကောင်ကတော့ အသက်ဆက်နေဦးမယ်ထင်တယ်။

အကြွေးဆိုတာ ချေးငှားသူမှ ချေးငှားခံရတဲ့ သူကို သတ်မှတ်ထားတဲ့ တချိန်ချိန်မှာ သတ်မှတ်ထားတဲ့ ပမာဏတစ်ခုခုဖြင့် ပေးဆပ်ရန်တင်ရှိနေသော အရာလို့ ကျွန်တော်က အဓိပ္ပါယ်ဖွင့်ဆိုခြင်ပါတယ်။

အကြွေးယူခြင်းဆိုတာ လူသားနဲ့ တိရိစ္ဆာန်ကို တိတိကျကျ ခွဲခြားပေးလိုက်တဲ့ အရာတစ်ခုပါပဲ။ ဘယ်တိရိစ္ဆာန်မှ အကြွေးယူတာကို ကျွန်တော်တို့မကြားဘူးကြပေမယ့် ကမ္ဘာပေါ်မှာ လူသားတွေ မကင်းနိုင်ဆုံးအရာကတော့ အကြွေးပါပဲ။ ကျွန်တော်မှာ အကြွေးရှိသလို ခင်ဗျားမှာလည်းရှိတာပဲ။ ဘီလ်ဂိတ်မှာ အကြွေးရှိခဲ့ဘူးသလို အိုစမာဘင်လာဒင်လည်း အကြွေးရှိခဲ့ဘူးတာပဲ။ သခင်ဘသောင်းအကြွေးရှိခဲ့ဘူးသလို ဒေးဗစ်ဘက်ခမ်းလည်း အကြွေးနဲ့မကင်းခဲ့ဘူး။ ပါလီမန်က လွှတ်တော်အမတ်တွေ အကြွေးနဲ့မကင်းသလို ပုဂံခေတ်က အရည်းကြီးတွေလည်း အကြွေးနဲ့မကင်းခဲ့ကြဘူး။ ကဗျာဆရာနဲ့ ပန်းချီဆရာတွေကတော့ ကြွေးအထူဆုံးလူတွေပေါ့။ ထိုင်းဘုရင် ဘူမိဘောကြီးတောင်အကြွေးယူဖူးတယ်လို့ မျှော်လင့်ရတာပဲ။ အိန္ဒိယက ဆာဒူးကြီးတွေရော (အဲဒါတော့ သိပ်မသေချာဘူး)။

အကြွေးတကာ့ အကြွေးထဲမှာ စစ်အာဏာရှင်တွေယူထားတဲ့ အကြွေးတွေကတော့ တော်တော်ဆိုးတယ်ဗျ။ အဲဒါက ဘယ်တော့မှပြန်ဆပ်လို့ မရတဲ့သွေးကြွေးတွေလေ။

သူတို့ရဲ့ အသက်တွေနဲ့ရင်းပြီး ပြန်ဆပ်မယ်ဆိုရင်တောင် သူတို့ခြွေခဲ့တဲ့ပန်းတွေရဲ့တန်ဖိုးက သူတို့ရဲ့တန်ဖိုးနဲ့ အဆမတန်ကွာနေတော့ ကမ္ဘာကြေတောင် ကြွေးတွေကတော့ ကြေမယ်မထင်ဘူး။ သူတို့မှာဆပ်လို့မကုန်တဲ့ သွေးကြွေးတွေအပြင်ကို အခြားနိုင်ငံတွေအပေါ်တင်ရှိနေတဲ့ အစိုးရကြွေး (Government Debt) ခေါ်နိုင်ငံတော်ကြွေး (Public debt or National Debt) တွေလည်းရှိနေပါသေးတယ်။

လူထုကရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆိုရင်တော့ အဲဒီနိုင်ငံတော်ကြွေး (National Debt) တွေဟာ တနည်းအားဖြင့် ပြည်သူလူထုအပေါ် သွယ်ဝိုက်ပြီးတင်နေတဲ့ အခွန်ကြွေး (An Indirect Debt of the Taxpayers) တွေဖြစ်နေပေမယ့် ပြည်သူကတင်မြောက်ထားတာမဟုတ်တဲ့ အစိုးရတစ်ခုရဲ့ ကိုယ်ရေးကိုယ်တာ ရွှေနန်းတော်ကြီးတွေ ဆောက်လို့ပိနေတဲ့ အကြွေးတွေကတော့ ပြည်သူတွေရဲ့ တာဝန်နဲ့လားလားမှ မဆိုင်ပါဘူး။

ဒါပေမယ့် မြင်နေရတာတော့ လူထုရဲ့ရင်ထဲကခေါင်းဆောင်တွေတက်လာတဲ့ တနေ့မှာ အဲဒီကိုယ်နဲ့မဆိုင်တဲ့၊ သူတို့မိသားစုတွေ သုံးဖြုံးသွားကြတဲ့ အကြွေးတွေကို ပြည်သူတွေကပဲ တချိန်မှာ ပြန်ဆပ်ပေးရမယ်ဆိုတာကိုပါ။ ကျွန်တော်တို့နိုင်ငံသားတွေလည်း ကိုယ့်အကြွေးနဲ့တောင် ကိုယ်အပတ်မလည်တာ သူတို့အကြွေးတွေပါလိုက်ဆပ်နေရမယ်ဆိုတော့ ဒုက္ခကလည်း မသေးဘူးနော်။ ကျွန်တော်ပြောခြင်တာက အကြွေးဆိုတာ ယောက်ျားမိန်းမ၊ ကြီးငယ်၊ ယုတ်လတ် လူတိုင်းမကင်းကြဘူးလို့ပါ။ ဆိုလိုတာက အကြွေးဆိုတာ လူပီသခြင်းရဲ့ ဘုံဆန်တဲ့ လက္ခဏာတစ်ရပ်ရယ်လို့ပါ။

အကြွေးဆိုတဲ့အရာ လူသားဝါဒထဲအသားကျလာပြီးတဲ့နောက် ပိုပြီးပါးနပ်ရင့်ကျက်လာတဲ့ လူသားတွေဟာ အတိုးဆိုတဲ့ အရာကို ထပ်မံတီထွင်လိုက်ပြန်ပါတယ်။ တခါတလေမှာအတိုးမပေးနိုင်တော့လို့ သမီးကိုပေးရတာတို့၊ ကျွန်ခံရတာတို့၊ လယ်တွေယာတွေ အသိမ်းခံရတာတို့လည်း လူ့သမိုင်းတစ်လျှောက်မှာ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် လူဆိုတာမသေမခြင်း အကြွေးနဲ့ မကင်းတဲ့ သတ္တ၀ါဆိုတော့ အတိုးဘယ်လောက်များများ နောက်ကိစ္စနောက်ရှင်း ဆိုပြီး မတန်မဆအတိုးတွေနဲ့တောင် အကြွေးကို ဇွတ်မှိတ်ယူခဲ့ကြတော့ အဲဒီအကြွေးတွေက သေတဲ့အထိတောင်ပါသွားခဲ့ကြတယ်။ ဒါကလည်း အကြွေးယူခြင်းစနစ်ရဲ့ အပြစ်တစ်ခုမဟုတ်ပဲ လူတန်းစားမညီမျှခြင်းနဲ့ ရလေလိုလေအိုတစ္ဆေ ဆိုတဲ့လူသားရဲ့လောဘက ပေါက်ဖွားလာတဲ့ ဆိုးရွားတဲ့ အကျိုးတရားတစ်ခုပါ။

တကယ်တွေးကြည့်ရင် အကြွေးရဲ့အဓိပ္ပါယ်ကကျယ်ဝန်းလှပါတယ်။ မပြည့်ဝခြင်း၊ လိုအပ်မှု၊ ဆင်းရဲမှု၏ရောင်ပြန်၊ သိက္ခာနဲ့အရှက်တရား၊ မက်လုံး၊ ပြန်လည်ထမ်းဆောင်ရမည့် အနာဂတ်တာဝန်၊ လျှို့ဝှက်အပ်တဲ့ ယဉ်ကျေးမှု၊ သွယ်ဝိုက်၍လူတန်းစားညှိခြင်း၊ ကတိနဲ့သစ္စာတရား၊ နိမ့်ကျသူကိုစာနာခြင်းစသည်ဖြင့် အများကြီးပါ။

ဒီအတိုင်းဆို ဆင့်ကဲဖြစ်ပေါ်ခြင်းသီအိုရီက မျောက်တွေကိုပေးရမဲ့ လူတွေရဲ့အကြွေးပေါ့။ လှပတဲ့ကဗျာတွေရေးစပ်နေဖို့က ကမ္ဘာမြေကို ပေးရမယ့် ကဗျာဆရာရဲ့ အကြွေးပေါ့။ ၀တ်မှုံတွေအဆက်မပြတ်ကူးနေဖို့က ပန်းပွင့်လေးတွေကိုပေးရမယ့် လိပ်ပြာရဲ့အကြွေးပေါ့။

ပြီးတော့ လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ ဆက်လက်တိုက်ပွဲဝင်ရမှာကလည်း ကျဆုံးသွားတဲ့သူရဲကောင်းတွေကို ပေးဆပ်ရမယ့် ကျွန်တော်တို့ နိုင်ငံသားတွေရဲ့အကြွေးပေါ့။

<မင်းတစေ>

13 comments:

Winkabar said...

အကြွေးဆိုတာက လူတွေကိုအင်မတန်မှအသက်ရှုကျပ်ပြီး ရင်တမမဖြစ်စေတဲ့အရာပါ။ အကြွေးဆပ်ရမယ့်လူကော၊ အကြွေးရှင်ကောပေါ့။ ဆပ်ရမယ့်တာ
ဝန်ရှိရင်တော့ ရှောင်လွှဲလို့မရပါဘူး။ ဒီအကြွေးတွေကို
မဝေးတော့တဲ့တစ်နေ့မှာ အမြန်ဆုံးပြန်ဆပ်နိုင်မှာပါ။

Unknown said...

lol...great idea...you also have a nice dream :) !!

ရန်ကင်း said...

ကောင်းလိုက်တဲ့အိုင်ဒီယာဗျာ။မချီးကျုးပဲမနေနိုင်ဘူးဗျ။
ဘလော့တွေဖတ်လိုက်ရင်ကိုယ့်ထက်သာတဲ့လူတွေချည်းပဲ။
အားလုံးအတွက်ဂုဏ်ယူပါတယ်ဗျာ။

မြရွက်ဝေ said...

မွေးလာကတည်းက အကြွေးတွေပါလာပြီးသားနော်။ အကြွေးကင်းတဲ့သူ မရှိပါဘူး။ အကြွေးမယူဖူးတဲ့သူတောင် အနည်းဆုံး မိဘရဲ့ ကျေးဇူးကြွေး မေတ္တာကြွေးတွေတော့ ရှိမှာဘဲ။

Anonymous said...

ကျွန်တော်လဲ အကြွေးတွေနဲ့ဗျာ..

စိုးထက် - Soe Htet ! said...

အကြွေး လာဖတ်တာ အကြွေးတင်တာ များမှန်း သိသွားပြီ ... :)

Kaung Kin Ko said...

အတွေးရေးဟန်က modern ဝတ္ထုတွေရဲ့ ဟန်အတိုင်းဆန်းသစ်သလို ခင်ဗျားရဲ့  ဝတ္ထုတိုတွေဟာ လေးနက်တဲ့ pholosophy တခုကိုပေးနိုင်တယ်။ မော်ဒန်ဝတ္ထုတို တိုင်းဟာ philosohpy ချပြဖို့ ရေးကြတာ မဟုတ်ပေမယ့် ခင်ဗျားဝတ္ထုတိုတွေကတော့ လေးလေးနက်နက်တွေးစရာတွေပေးနိုင်တယ်ဗျို့ ။ နိုင်ငံတော်ကြွေးတွေ အကြောင်းဖတ်ပြီးလန့် တောင်လန့် သွားတယ်ဗျာ။

Unknown said...

Post အသစ်မတင်ပါလား ?

metta campaign said...

အကြွေး ယူခြင်းသည် ကြီးပွားခြင်း၏ လမ်းစဖြစ်ခဲ့ပါလျှင်
အကြွေး မဆပ်ခြင်းသည် ဆုတ်ယုတ်ခြင်း၏ လမ်းစ ဖြစ်ပေလိမ့်မည်။

စိုးထက် - Soe Htet ! said...

:D morning :P

Anonymous said...

ကိုမင်းတစေရေ မင်္ဂလာပါ။ ကျဆုံးသွားတဲ့သူရဲကောင်းတွေကို ပေးဆပ်ရမယ့် ကျွန်တော်တို့ရဲ့ အကြွေးအတွက် ကျွန်တော်တို့ရဲ့ စိတ်ကို မီးပြင်းပြင်းထိုးနေပါတယ်။

Sophie said...

အစ်ကိုရေ . . .အရေးအသား ကောင်းလိုက်တာ . . .ဆိုလိုချင်တာလေးကို သိမ်သိမ်မွေ့မွေ့လေး . . .ရေးသွားနိုင်တယ် . . .လေးစားပါတယ်ရှင် .. .။

Unknown said...

ဟား ဟား ဟား ဟား..................

သိပ်ကိုကြိုက်သွားပြီ မင်းတစ္ဆေ ။
ဒီလိုလူမျိုးကို လိုက်ရှာနေတာ.. ဟားဟား..

စာတွေဆက်ဖတ်နေမယ် မိုက်တယ်ဆိုတာ ထင်သလောက်တော့ မလွယ်လှဘူး။ စိတ်ကြီးမှ ရန်သူကို ရန်သူလိုမြင်မှ ကိုယ်ချင်းစာစိတ်ပြင်းမှ လူမိုက်ဖြစ်တာ။

ဆက်ရေးပါ ချွတ်ပါ မိုက်စမ်းပါ.......
ရန်သူက မင်းတစ္ဆေကို မိတ်ဆွေဖွဲ့ချင်တယ်။
အိုကေလား ဟား ဟား ဟား ဟား.........
ဟား ဟား ဟား ဟား ဟား ဟား .........................

ရန်သူတွေအတွက်
ရန်သူ