Thursday, November 15, 2007

လ္ဘက်ရည်ဆိုင်ယဉ်ကျေးမှု


ခင်ဗျား ဒီမနက် လ္ဘက်ရည်သောက်ပြီးပြီလား။

သူကတော့ လ္ဘက်ရည်ဆိုင်ထိုင်၍ လ္ဘက်ရည်သောက်ရတာကို ပျော်သည်။

ကောင်းကင်မှာ ကြယ်တွေကော်နဲ့ကပ်ထားတဲ့ ညတွေမှာလည်း သူ လ္ဘက်ရည်ဆိုင်ထိုင်သည်။ နေထွက်လာလို့ ကြယ်တွေအရည်ပျော်ကျတဲ့ မနက်ခင်းတွေမှာလည်း သူ လ္ဘက်ရည်ဆိုင်ထိုင်သည်။ ကြယ်တွေ တရေးတမောအိပ်တန်းတက်နေသည့် နေ့လည်နေ့ခင်းတွေမှာလည်း သူ လ္ဘက်ရည်ဆိုင်ထိုင်သည်။

လ္ဘက်ရည်ကြိုက်လို့ လ္ဘက်ရည်ဆိုင်ထိုင်မိတာလား၊ ဒါမှမဟုတ် လ္ဘက်ရည်ဆိုင်ထိုင်မိလို့ လ္ဘက်ရည်ကြိုက်သွားတာလား သိပ်မသေခြာပေမယ့် သူကတော့ လ္ဘက်ရည်ဆိုင်ထိုင်၍ လ္ဘက်ရည်သောက်ရတာကို ပျော်သည်။

သူဘယ်နေရာရောက်ရောက် လ္ဘက်ရည်ဆိုင်တွေကလည်း သူ့အနားမှာ ရှိနေခဲ့သည်။ သူက ဂရုတစိုက် ရှာဖွေနေစရာ မလိုလောက်အောင် မြန်မာပြည်တွင် လ္ဘက်ရည်ဆိုင်အလွန်ပေါသည်။ ထို့ကြောင့် သူအပါအ၀င် သူတို့ သူငယ်ချင်းတစ်စု လ္ဘက်ရည်ဆိုင် ထိုင်ကြသည်။ သူတို့သူငယ်ချင်းတစ်စုအပါအ၀င် သူတို့တစ်မြို့လုံးမှလူတွေ လ္ဘက်ရည်ဆိုင်ထိုင်ကြသည်။ သူတို့တစ်မြို့လုံးမှလူတွေအပါအ၀င် သူတို့တစ်နိုင်လုံးမှလူတွေ လ္ဘက်ရည်ဆိုင်ထိုင်ကြသည်။


ခင်ဗျား ဒီမနက် လ္ဘက်ရည်ဆိုင် ထိုင်ဖြစ်လား။

သူကတော့ လ္ဘက်ရည်သိပ်မသောက်ခြင်သေးပေမယ့် လ္ဘက်ရည်ဆိုင်ကို ရောက်နှင့်နေခဲ့ပြီ။

လုပ်စရာတွေမရှိလို့ လ္ဘက်ရည်ဆိုင်ထိုင်မိတာလား၊ ဒါမှမဟုတ် လ္ဘက်ရည်ဆိုင်ထိုင်မိလို့ လုပ်စရာတွေမရှိတော့တာလား သိပ်မသေခြာပေမယ့် သူကတော့လ္ဘက်ရည်ဆိုင်တွင် ရောက်ရှိနေနှင့်ပြီ။ သူဘယ်နေရာရောက်ရောက် အလုပ်ရုံတွေအစား လ္ဘက်ရည်ဆိုင်တွေသာ သူ့အနားတွင် ရှိနေခဲ့၍ လ္ဘက်ရည်ဆိုင်ထိုင်ခြင်းက သူ့အတွက်တော့ အလုပ်တစ်ခုလို ဖြစ်နေခဲ့သည်။ သူက ဂရုတစိုက် ရှာဖွေနေစရာ မလိုအောင်လည်း မြန်မာပြည်တွင် လ္ဘက်ရည်ဆိုင် အလွန်ပေါသည်။ ထို့ကြောင့် သူအပါအ၀င် သူတို့ သူငယ်ချင်းတစ်စု လုပ်စရာမရှိ၍ လ္ဘက်ရည်ဆိုင် ထိုင်ကြသည်။ သူတို့သူငယ်ချင်းတစ်စုအပါအ၀င် သူတို့တစ်မြို့လုံးမှလူတွေ လုပ်စရာမရှိ၍ လ္ဘက်ရည်ဆိုင်ထိုင်ကြသည်။ သူတို့တစ်မြို့လုံးမှလူတွေအပါအ၀င် သူတို့တစ်နိုင်လုံးမှလူတွေ လုပ်စရာမရှိ၍ လ္ဘက်ရည်ဆိုင်ထိုင်ကြသည်။


ခင်ဗျား ဒီမနက် အလုပ်ရှာလို့ရလား။

သူကတော့ အလုပ်ရှာမရသေး၍ လ္ဘက်ရည်ဆိုင်တွင်သာရှိနေခဲ့သည်။

အလုပ်ရုံတွေ မွေးထုတ်မပေးနိုင်လို့ လ္ဘက်ရည်ဆိုင်တွေ ပိုများလာကြတာလား၊ ဒါမှမဟုတ် လ္ဘက်ရည်ဆိုင်တွေ များလွန်းနေလို့ အလုပ်ရုံတွေ နေရာမရှိကြတော့တာလား သိပ်မသေခြာပေမယ့် မြန်မာပြည်သည် ကမ္ဘာပေါ်တွင် လ္ဘက်ရည်ဆိုင် အများဆုံးသော နိုင်ငံတစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း သူဘယ်နေရာရောက်ရောက် အလုပ်ရုံတွေအစား လ္ဘက်ရည်ဆိုင်တွေသာရှိနေခဲ့သည်။

အလုပ်ရုံများ ထပ်မံမွေးထုတ်ပေးနိုင်မှု မရှိတော့ခြင်းသည် နိုင်ငံ၏စီးပွါးရေးသန္ဓေကို အလိုလိုမြုံသွားစေခဲ့ပြီး တခြားတစ်ဖက်မှကြည့်လျှင် မြန်မာပြည်သည် ကမ္ဘာပေါ်၌ အလုပ်လက်မဲ့ အများဆုံးမွေးထုတ်ပေးနိုင်သော မိခင်တစ်ယောက်ဖြစ်လာခဲ့သည်။
တစ်နိုင်ငံလုံးမှ အလုပ်လက်မဲ့ ရင်သွေးငယ်များ မိခင်မြန်မာပြည်၏ စီးပွါးရေးနို့ချိုကို ၀လင်စွာမသောက်သုံးရသောကြောင့်လည်း လ္ဘက်ရည်ဆိုင်ထိုင်၍ လ္ဘက်ရည်သောက်ကြရသည်။

ထို့ကြောင့်လည်း သူအပါအ၀င် တစ်နိုင်ငံလုံးလိုလို သဘာဝနို့ရည်အစား အဟာရမပြည့်ဝသည့် လ္ဘက်ရည်နှင့်သာ ကြီးပြင်းခဲ့ရသောကြောင့် အခြားနိုင်ငံအသီးသီးမှ ကလေးငယ်များကဲ့သို့ အရာရာ၌ ဖွံဖြိုးမှုမရှိကြခြင်းဖြစ်သည်။

ဝမ်းဆွဲသည်အစိုးရက သားဖွားခြင်းဆိုသည့် အတတ်ပညာကို အသေအခြာနားမလည်ခဲ့သောကြောင့် အလုပ်ဟူသည့် ရင်သွေးငယ်များ မိခင်မြန်မာပြည်၏ ၀မ်းဗိုက်အတွင်း အကြိမ်ကြိမ်ပျက်ကျခဲ့ရပြီး ၎င်းကိုယ်တိုင်က တတ်ယောင်ကားဝမ်းဆွဲသည်အပေါ် အလွန်အမင်းစိတ်ကုန်ကာ အလုပ်သားဖွားခြင်းကိစ္စမှ ခေတ္တအနားယူနေပြီဖြစ်သည်။
ထို့ကြောင့်လည်း သူအပါအ၀င် တစ်နိုင်ငံလုံးမှ အလုပ်လက်မဲ့များ အနားယူနေသော မိခင်ကို အဖော်ပြု၍ လ္ဘက်ရည်ဆိုင်ထိုင်ကြသည်။

အသုံးမကျသော ဖြတ်လမ်းနည်းများကိုသာသိသည့် ၀မ်းဆွဲသည်သည် ကလေးငယ်များ အောင်မြင်စွာမွေးဖွားပေးခြင်းထက် ၀မ်းဆွဲခ ရဖို့လောက်ကိုသာစိတ်ဝင်စားခဲ့သည်။ တလွဲဆံပင်ကောင်းနေသည့် ၀မ်းဆွဲသည်သည့် ၀မ်းဆွဲခ ပိုကျန်နိုင်သည့် လ္ဘက်ရည်ဆိုင်ကဲ့သို့ အရေးမပါသော ကလေးဆိုးများကိုသာ ဘုံးဘောလအော မွေးထုတ်ပေးရန် ပို၍စိတ်ဝင်စားခဲ့သည်။

ထို့ကြောင့်လည်း နိုင်ငံ၏တက်လမ်းနှင့်ပြောင်းပြန်အချိုးကျသော လ္ဘက်ရည်ဆိုင်ယဉ်ကျေးမှုထွန်းကားလာခြင်းသည် စီးပွါးရေးသန္ဓေသား အပြီးသတ်မြုံနေသော နိုင်ငံ၏ ခြောက်ခြားဖွယ်ရာ ဆုတ်ကပ်တစ်ခုဖြစ်၍လာခဲ့သည်။


ခင်ဗျား ဒီမနက် လ္ဘက်ရည်သောက်ပြီးပြီလား။

သူကတော့ လ္ဘက်ရည်ဆိုင်ထိုင်၍ လ္ဘက်ရည်တစ်ခွက်သောက်ရင်း လ္ဘက်ရည်ဆိုင်ယဉ်ကျေးမှုကို တော်လှန်ရန် စတင်အားထုတ်နေပြီဖြစ်သည်။

<မင်းတစေ>

6 comments:

Chaos said...

မင်းတစေရေ
ကျွန်မ ဒီမနက်ပဲ
လ္ဘက်ရည်ဆိုင်ထိုင်လိုက်သေးတယ်
မကြာသေးတဲ့အချိန်လေးကပေါ့

MELODYMAUNG said...

လ္ဘက်ရည်ဆိုင်ယဉ်ကျေးမှုက တော်လှန်စရာမှ မဟုတ်တာ အလုပ်အကိုင်တွေပေါလျက်နဲ့ တို့တိုင်းပြည်ကြီး ကြွယ်ဝချမ်းသာလို့ အချိန်တွေပိုမနေရအောင် အကျိုးရှိရှိ လ္ဘက်ရည်ဆိုင်ထိုင်ရင်း brain storming လုပ်ပြီး ဆွေးနွေးနေ ကြတာကွ ကဲ..ကဲ လ္ဘက်ရည်ဆိုင်သွားထိုင်လိုက်ဦးမယ် ငါ့ကို လ္ဘက်ရည်ဖိုးလေး ပေးလိုက်ပါဦး (ရတဲ့လခ မလောက်လို့ပါကွာ)ငှက်ငှက်ငှက်

Kaung Kin Ko said...

ဝမ်းဆွဲသည်အစိုးရက သားဖွားခြင်းဆိုသည့် အတတ်ပညာကို အသေအခြာနားမလည်ခဲ့သောကြောင့် အလုပ်ဟူသည့် ရင်သွေးငယ်များ မိခင်မြန်မာပြည်၏ ၀မ်းဗိုက်အတွင်း အကြိမ်ကြိမ်ပျက်ကျခဲ့ရပြီး ၎င်းကိုယ်တိုင်က တတ်ယောင်ကားဝမ်းဆွဲသည်အပေါ် အလွန်အမင်းစိတ်ကုန်ကာ အလုပ်သားဖွားခြင်းကိစ္စမှ ခေတ္တအနားယူနေပြီဖြစ်သည်။

အတွေးလေးကောင်းတယ်ဗျာ။

Kaung Kin Ko said...

ကောင်းကင်မှာ ကြယ်တွေကော်နဲ့ကပ်ထားတဲ့ ညတွေမှာလည်း သူ လ္ဘက်ရည်ဆိုင်ထိုင်သည်။ နေထွက်လာလို့ ကြယ်တွေအရည်ပျော်ကျတဲ့ မနက်ခင်းတွေမှာလည်း သူ လ္ဘက်ရည်ဆိုင်ထိုင်သည်။ ကြယ်တွေ တရေးတမောအိပ်တန်းတက်နေသည့် နေ့လည်နေ့ခင်းတွေမှာလည်း သူ လ္ဘက်ရည်ဆိုင်ထိုင်သည်။

ဒါကတော့ ညနဲ့ ကြယ်ကို ဖွဲ့ ထားတဲ့ ကဗျာတပုဒ်ပေါ့။

Anonymous said...

တော်တော် တွေးတတ်တာပဲ ... လေးမ မော်ဒန်တွေ မဖတ်တတ်ဘူး...။ ဒီဟာ မော်ဒန်လို့ရေးထားတယ်နော်...။ ဒီမော်ဒန်က ဖတ်ရတာရှင်းသားပဲ ...။ အဲလို တိုက်ရိုက်မဟုတ်ဘဲ တည့်တိုး ရေးတဲ့ စာတွေ သဘောကျတယ်...။

Anonymous said...

ထို့ကြောင့်လည်း နိုင်ငံ၏တက်လမ်းနှင့်ပြောင်းပြန်အချိုးကျသော လ္ဘက်ရည်ဆိုင်ယဉ်ကျေးမှုထွန်းကားလာခြင်းသည် စီးပွါးရေးသန္ဓေသား အပြီးသတ်မြုံနေသော နိုင်ငံ၏ ခြောက်ခြားဖွယ်ရာ ဆုတ်ကပ်တစ်ခုဖြစ်၍လာခဲ့သည်။