Tuesday, November 6, 2007

အချစ်ဆိုတဲ့ကောင် အပိုင်း(၁)

အချစ် ဆိုတဲ့ကောင်က မျက်နှာကိုက ရူးနှမ်းနှမ်းနဲ့။ တခါမှမျက်နှာပိုးသေတယ်ဆိုတာ မရှိဘူး။
ဒီကောင့်မျက်နှာက ဇာတ်ထဲကမင်းသားတွေလို အမျိုးမျိုးကိုပြောင်းနေတာ။

အခုငိုလိုက်၊ အခုရီလိုက်၊ အခုလွမ်းလိုက်၊ အခုဆွေးလိုက်နဲ့။ တည်ငြိမ်တယ်လို့ကို မရှိဘူး။

မင်းကိုငါ ချစ်တယ်။ ငါတို့ချစ်သူတွေ လုပ်တမ်းကစားရအောင်လို့ ပြောတုန်းက ရိုမီယိုရဲ့မျက်နှာနဲ့ ခပ်ဆင်ဆင်။ ကြည့်နေရင်းနဲ့ပဲ မာလီရင်မွန်ရိုးပုံ ပြောင်းသွားပြီး သူ့မျက်နှာပေါ်က မှဲ့က လှလားလို့မေးတယ်။ ကျွန်တော်က ဟင့်အင်း မသိဘူး လို့ ပြောလိုက်တော့ နုတ်ခမ်းလေးဆူပြီး စိတ်ကောက်နေတဲ့ အိန္ဒာကျော်ဇင် ဖြစ်သွားပြန်ရော။ ခဏကြာတော့ စိတ်မရှည်တဲ့ ပုံစံပေါက်နေတဲ့ အိုင်းစတိုင်းဖြစ်နေပြီး “ ဒါလေးတောင် မသိဘူးလားကွ”လို့မေးတယ် ။ ကျွန်တော်က" No" ဆိုတော့ မသိရင်မှတ်ထား။ အဲ့ဒါ ရီလေတီဗတီ လို့ခေါ်တယ်ကွ ငတုံးရတဲ့။
အဲဒါနဲ့ ကျွန်တော်လည်း "ဘုရားသခင်လဲ ရီလေတီဗတီ ဆိုတာကြီးကို မသိခဲ့ပါဘူး။ သူ့ကျမှ ဘာလို့ငတုံးလို့ခေါ်ရတာတုန်း" လို့ပြန်မေးလိုက်တော့ သူ့မျက်နှာကြီးက စပ်ဖြီးဖြီးနဲ့ ချားလ်စ်ဒါဝင် ဖြစ်နေပြန်ရော။ သူက ငါမျောက်သုံးကောင် မွေးထားတယ်တဲ့။
ကျွန်တော်က မျောက်ဆိုတာ မမွေးကောင်းဘူး။ မွေးမဲ့မွေး လိပ်ပြာမွေးပါလား လို့ပြန်ပြောလိုက်တယ်။
ကိုယ်မွေးတဲ့မျောက်ကိုယ့်ပြန်ခြောက် ဆိုတဲ့စကားပုံတောင်ရှိတယ်မဟုတ်လား။
အဲဒီတော့ သူ့မျက်နှာက ရူးရူးရှဲရှဲနဲ့ ဒေါသတွေ ထွက်လာပြီး ခေါင်းဆယ်လုံးရှိတဲ့ ဒဿဂီရိ ပုံဖြစ်သွားပြန်ရော။ အချစ်ဆိုတဲ့ ကောင်က အဲ့သလောက်ကို မျက်နှာများတဲ့ကောင်။

အချစ်ဆိုတာ ဟိုး….နက်ရှိုင်းလှတဲ့ နှလုံးသားရဲ့ထောင့် တနေရာကလာတာပါလို့ ၀ီလျှံရှိတ်စပီးယားက ဟင်းမလက်ပြဇတ်ထဲမှာပြောခဲ့သော်လည်း သူဆေးကျောင်းမှာ ခွဲစိတ်ခဲ့တဲ့ နှလုံးသားကတော့ သုံးလက်မခွဲစိတ်ဓားသေးသေးလေးတောင် ဟိုဘက်ဒီဘက်ထုတ်ခြင်းပေါက်နေတော့ သူထင်သလောက် နက်ရှိုင်းလိမ့်မည်ဟုမထင်။

ပြီးတော့ နှလုံးသားရဲ့ထောင့်ဆိုတာကရော။ ထောင့်ကျဉ်းလား၊ ထောင့်ကျယ်လား၊ ထောင့်မှန်လား၊ အခန်းတစ်ခန်းရဲ့ထောင့်တွေလို မှောင်နေမလား ဒါမှမဟုတ် တြိဂံတွေလို နှလုံးသားရဲ့ထောင့်တွေကိုပေါင်းကြည့်ရင် ၁၈၀ ဒီဂရီ ပြည့်နေမလား( တစ်ချို့ကတော့ ၁၅၀၀ ဒီဂရီတိတိရှိတယ်လို့ပြောကြ၏ )။

ဘာကိုမှသေသေချာချာမပြောနိုင်သော်လည်း သေချာသည်မှာ အရွယ်ရောက်သောမျောက်တွေလို အရွယ်ရောက်သောလူတွေကလည်း အမှီးတွေတွဲလောင်းကျနေ၍ ၎င်းအမှီးကို လူတို့ကအချစ်ဟု ခေါ်ကြသည်။

အချစ်ဆိုတာကို နောက်ပိုင်းလူတွေဖြစ်လာမည့် ချင်ပန်ဇီတွေကပဲ စတွေ့ခဲ့သလား၊ ငမိုးရိပ်ဆိုတဲ့မိကျောင်းတစ်ကောင်ကပဲ စတွေ့ခဲ့သလား၊ ခန္ဒိကလို့ခေါ်တဲ့မြင်းတစ်ကောင်ကပဲ စတွေ့ခဲ့သလား၊ ဒါမှမဟုတ်နှာစေးနေတဲ့ ယုန်တစ်ကောင်ကပဲ စတွေ့ခဲ့သလားဆိုသည့်မေးခွန်းများသည် ကမ္ဘာဦးလိပ်ပြာတို့ ၀တ်ရည်ကိုစတင်တွေ့ရှိသော ကိစ္စလိုပင်အထူး စိတ်ဝင်စားစရာမကောင်းလှ။

ရေတွင် အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်ဓါတ်ငွေများ ရောနှောပါဝင်နေကြောင်း ငါးများသိရန်မလိုအပ်သကဲ့သို့ အချစ်ကိုမည်သူက စတင်တွေ့ရှိခဲ့ကြောင်းကိုလည်း လူတို့သိရန်မလိုအပ်ပေ။

တကယ်တော့အချစ်ဆိုတဲ့ကောင်က ပေါ့သေးသေးကောင်တစ်ကောင်တော့ မဟုတ်ပါဘူး။ ကမ္ဘာဦးလူသားတွေကို အရိုင်းကနေ အယဉ်ဖြစ်အောင် ကူးပြောင်းစေခဲ့တဲ့ ကောင်ပေါ့။
ကြီးကြီးကျယ်ကျယ်လုပ်ပြီး အချစ်သည် ယဉ်ကျေးမှု၏ဗိသုကာကြီးတို့ ဘာတို့လို့ပြောမယ်ဆိုရင် ဒီကောင်ဘ၀င်မြင့်နေမှာစိုးလို့ မပြောတော့ဘူး။ လူ့သမိုင်းတစ်လျှောက် အချစ်နဲ့အတူပေါ်ပေါက်လာခဲ့တဲ့ ဒိုင်နိုဆောကြီးတွေ၊ ထူးထူးဆန်းဆန်းသတ္တ၀ါကြီးတွေသာ မျိုးတုန်းသွားတယ်။ ဒီကောင်ကတော့ ခပ်မာမာပဲ။

ကျောက်ခေတ်ကနေ မက်ဆိုပိုတေးမီးယားခေတ်၊ အဲဒီကမှ ဂရိအင်ပိုင်ယာခေတ်၊ ပြီးတော့ ရောမခေတ်၊ နပိုလီယန်ခေတ်၊ ဟစ်တလာခေတ်တွေပါမကျန်ဖြတ်သန်းလာခဲ့တဲ့ကောင် ဒီနေ့ထိအသက်မသေပဲ ခင်ဗျားဘေးနားမှာ လာဝင်ထိုင်နေတာကိုပဲ ကြည့်လေ။ တတ်လည်းတတ်နိုင်တဲ့ကောင်။

နောက်ဆုံးကမ္ဘာပေါ်မှာ အေအိုင်ဒီအက်စ်ရောဂါ၊ အရင်းရှင်ဝါဒနဲ့ ကုန်းမြေတွေသာ ပျောက်ကွယ်ချင်ပျောက်ကွယ်သွားမယ်။ ဒီကောင်ကတော့ တော်ရုံဖြင့်မျိုးတုန်းမည့်ပုံမပေါ်။

<မင်းတစေ> ဆက်ရန်

1 comment:

summer snow said...

ဘယ်တော့ဆက်မှာလဲဗျို့????