Monday, October 29, 2007

လူ





သူမွေးကင်းစက ဆူဆူညံညံအသံများကြားလျင် လန့် ၍အော်ငိုတတ်သည်။
သူသည် ယုန်တစ်ကောင်ဖြစ်ခဲ့၏။
ကစားတဲ့ အရွယ်ရောက်တော့ မျောက်ရှုံးအောင်ဆော့သော သူကို အမေက မျောက်မှုးလဲဟုခေါ်သည်။
သူသည် မျောက်တစ်ကောင်ဖြစ်ခဲ့၏။
ကျောင်းစတက်တော့ မိဘများအလိုကျ စာအုပ်ပုံတွေကြားမှာ သူအချိန်ကုန်သည်။
သူသည် ဇီးကွက်တစ်ကောင်ဖြစ်ခဲ့၏။
ထို့ ကြောင့် စာမေးပွဲတွေပြီးတိုင်း အိပ်လိုက်စားလိုက်ဖြင့် သူအတိုးချ၍ ဇိမ်ယူသည်။
သူသည် ၀က်တစ်ကောင်ဖြစ်ခဲ့၏။
ဒီလိုနှင့် သူတက္ကသိုလ်ရောက်လာပြီး ကောင်မလေးတွေနား ရစ်ဝဲရစ်ဝဲဖြင့် အချိန်ကုန်သည်။
သူသည် ပိတုန်းတစ်ကောင်ဖြစ်ခဲ့၏။
တက်လမ်းတွေပြည့်နေသော သူကိုယ်သူ ဂုဏ်ယူစွာဖြင့်ဝံ့ကြွားသည်။ သူသည် ဒေါင်းတစ်ကောင်ဖြစ်ခဲ့၏။
အတွေ့ အကြုံရင့်ကျက်လာသည်နှင့်အမျှ ကောင်မလေးတွေကိုသူထည်လဲ တွဲသည်။
သူသည် ကျားတစ်ကောင်ဖြစ်ခဲ့၏။
လည်လွန်းသည့်ဘီး မစင်သင့်သလို တနေ့ ၌မိန်းမလည်တစ်ယောက်၏ လှည်းကျိုးကိုသူ ထမ်းလိုက်ရသည်။
သူသည် နွားတစ်ကောင်ဖြစ်ခဲ့၏။
ဘွဲ့ မရခင် မိန်းမရလိုက်တော့ သူကျောင်းဆက်မတက်နိုင်ပဲ ကြုံရာအလုပ်တစ်ခုဝင်လုပ်လိုက်ရသည်။သူသည်
ခွေးတစ်ကောင်ဖြစ်ခဲ့၏။
အလုပ်ကြမ်းများက ပင်ပန်းလွန်း၍ ငွေလည်းသိပ်မရွှင်တော့ သူလူလိမ်တစ်ယောက်မသိမသာ ဖြစ်လာသည်။
သူသည် မြေခွေးတစ်ကောင်ဖြစ်ခဲ့၏။
ဒုစရိုက်လောကတွင် နာမည်ကြီးလာပြီး လက်ဖျား၌ သူငွေသီးလာသည်။
သူသည်ဖျံတစ်ကောင်ဖြစ်ခဲ့၏။
တရားဥပဒေက အငိုက်ဖမ်းပြီး လက်သီးပုန်းဖြင့် ထိုးသောတနေ့ မှာ သူထောင်ကျသွားသည်။
သူသည် လင်းဒတစ်ကောင်ဖြစ်ခဲ့၏။
ထောင်ထဲတွင် အစာရေစာ ၀လင်စွာ မစားရပဲ ပင်ပန်းဆင်းရဲစွာဖြင့် နှစ်အတန်ကြာအောင် သူနေရသည်။
သူသည်ကြွက်စုတ်တစ်ကောင်ဖြစ်ခဲ့၏။
ထောင်မှပြန်ထွက်လာတော့မိန်းမ ဆွေမျီုးနှင့် အပေါင်းအသင်းများက သူကိုပြန်လက်မခံတော့။
သူသည် ဖွတ်တစ်ကောင်ဖြစ်ခဲ့၏
အင်အားချိနဲ့ ၍ အလုပ်မလုပ်နိုင်သေးသောသူ အိမ်ကြိုအိမ်ကြား၌ ထမင်းကျန်၊ ဟင်းကျန်များကို တောင်းစားကာ အသက်ဆက်ရသည်။
သူသည် ကျီးကန်းတစ်ကောင်ဖြစ်ခဲ့၏ ။
တောင်းစားရန်အလွန်ရှက်လာသော တနေ့  သုဘရာဇာ အလုပ်တစ်ခု သူဝင်လုပ်သည်။
သူသည်ပုရစ်တကောင် ဖြစ်ခဲ့၏။
သင်္ချိုင်းတွင် လာရောက်မြုပ်နှူံသော မသာများကြား၌ သူတဖြည်းဖြည်းပျော်လာသည်။
သူသည် ငါးရှဉ့်တကောင် ဖြစ်ခဲ့၏။
သေသည့်လူများ လေလေ သူဝင်ငွေကောင်းလေ ဖြစ်သောကြောင့် လူတွေခပ်များများ သေဖို့ သူဆုတောင်းတတ်လာသည်။ သူသည် ငှက်ဆိးုတစ်ကောင်ဖြစ်ခဲ့၏။
တနေ့၌သူရောဂါဝင်လာပြီး အပြင်းဖျားသည့်ဒါဏ်က သူ့ကိုနေ့စဉ်ညည်းညူစေသည်။
သူသည်ခိုတစ်ကောင် ဖြစ်ခဲ့၏။
ထို့နောက် ကုတင်နှုင့်ကျောပြင်ခွာမရပဲ အိပ်ရာထဲသူ ဘုန်းဘုန်းလဲတော့သည်။ သူသည် တောက်တဲ့တစ်ကောင် ဖြစ်ခဲ့၏။
နောက်ဆုံး၌ ရောဂါကျွမ်းလာပြီး သူတူးခဲ့သောကျင်းတစ်ကျင်း၌ သူဝင်ရောက် အိပ်စက်ရသည်။
သူသည် ထာဝရကျင်းပိတ်မိနေသော မြွှေတစ်ကောင် ဖြစ်ခဲ့၏။

သူ၏အသုဘ အလွန်စည်ကားခဲ့သည်။ လူတယောက်မျှမလာခဲ့သော်လည်း ထိုနေ့က သချိုင်းမြေပေါ်တွင် စုဝေးနေသော တရိစ္ဆာန်များကို သင်တွေ့မြင်နိုင်ပါသည်။
<မင်းတစေ>

3 comments:

Angel said...

Hi man!
I'm an angel.

Anonymous said...

မော်ဒန်ကို တော်ရုံ သိပ်ပြီးမဖတ်တတ်တဲ့ ကိုယ်တော့ ဒီဘလော့က ပို့စ် တော်တော်များများကို ဖတ်ပြီး ကျေနပ်မှု ခံစားရတယ်

This is about... said...

ရေးတတ်လိုက်တာ။